■ကွန်ဒို၏ တောင်ဘက်နှင့် အနောက်ဘက်ခြမ်း ကယ်ဆယ်ရေးလုပ်ငန်းအချို့ရပ်နား ၊အသက်ရှင်ရန်မျှော်လင့်ချက် မရှိတော့သော်လည်း ဆက်ရှာမည်ဟု ကယ်ဆယ်ရေးအဖွဲ့ပြော
မတ်-၃၁၊၂၀၂၅။ရဲခေါင်၊ခွာညို/People’s Spring
မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုအတွင်း ပိတ်မိနေသေးသူ ၂၀၀ ကျော်ကျန်ရှိနေပြီး အသက်ရှင်သူနှင့် သေဆုံးသူ ၁၀၀ခန့်ကို ထုတ်ယူထားနိုင်ကြောင်း အဆိုပါကွန်ဒိုပြိုကျမှုတွင် ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်အချို့က ယနေ့ (မတ်လ ၃၁ ရက်)တွင် လူထုနွေဦးသို့ ပြောသည်။
စစ်ကောင်စီ၏ မန္တလေးတိုင်းအစိုးရ၏ စာရင်းအချက်အလက်အရ Sky Villa ကွန်ဒိုတွင် နေထိုင်သူဦးရေသည် ၃၅၀ ခန့်ရှိသည်ဟု ဆိုသည်။

Public Service Announcement
“ဒီနေ့ လေးရက်မြောက်နေ့အထိဆိုရင် ကွန်ဒိုထဲက ထုတ်ထားနိုင်သူအရေအတွက်က ၁၀၀လောက်ရှိတယ်။အဲဒီမှာ သေဆုံးသူက ၄၀လောက်ပါတယ်”ဟု Sky Villa ကွန်ဒိုတွင် ကူညီကယ်ဆယ်နေသူတစ်ဦးက ရှင်းပြသည်။
ငလျင်ကြီးလှုပ်ပြီး ၄ ရက်မြောက်နေ့ပိတ်မိနေသူများကို ကယ်ဆယ်ရေးလုပ်ရာတွင် အဆောက်အအုံ၏ တောင်ဘက်အခြမ်းနှင့် အနောက်ဘက်ခြမ်းမှ ကယ်ထုတ်သူများ၌အသက်ရှင်လျက်ရှိသူမတွေ့ရတော့ဘဲ ထိုအခြမ်း၌ အသက်ရှင်လျက်ရှိသူမရှိနိုင်တော့ဟု ကယ်ဆယ်ရေးကျွမ်းကျင်သူများ၏ သုံးသပ်ချက်ဖြင့် တောင်ခြမ်းနှင့် အနောက်ခြမ်းရှာဖွေကယ်ဆယ်ရေးရပ်နားလိုက်ပြီဟု ကယ်ဆယ်ရေးလုပ်ကိုင်နေသူအချို့က ပြောသည်။
“မဖြစ်နိုင်တော့ဘူးလို့ဆုံးဖြတ်ကြတယ်ဗျ။ အဓိကကတော့ အခြေအနေဆိုးတဲ့ တောင်ခြမ်းနဲ့ အနောက်ဘက်ခြမ်းပေါ့။ အဲ့နေရာတွေ ရှာဖွေကယ်ဆယ် ရေးကို ရပ်လိုက်ကြရပြီ။ ဒီမနက် ၁၀နာရီခန့်က” ဟု ယင်းနေရာရှိ မန္တလေးမြို့မှလူမှုရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
သို့သော် မြောက်ဘက်ခြမ်းတွင် ရှာဖွေကယ်ဆယ်ရေးဆက်လက်လုပ်နေသည်ဟု သိရသည်။ကွန်ဒိုတွင် ရှာဖွေကယ်ဆယ်ရေးကို တောင်ခြမ်းနှင့် မြောက်ခြမ်းတွင် အဓိကလုပ်ကိုင်ခြင်းဖြစ်ကြောင်းသိရသည်။
“ကွန်ဒို မြောက်ဘက်ခြမ်းမှာတော့ ကယ်ဆယ်ရေး ဆက်လက်နေတုန်းပဲ”ဟု မြေပြင်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီလက်အောက်ခံမီဒီယာအချို့ကလည်း ကွန်ဒို၏ တောင်ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းတွင် ပိတ်မိနေသူများသည် အသက်ရှင်လျက်မရှိနိုင်တော့၍ ကယ်ဆယ်ရေးများ ရပ်နားလိုက်ကြောင်း ဖော်ပြသည်။ တရုတ်ရုာဖွေကယ်ဆယ်ရေးမှ ကျွမ်းကျင်သူများအကြံပြုချက်ဖြင့် ရပ်နားခြင်းဖြစ်ပြီး မြေငလျင်ကြောင့် ပိတ်မိနေသူများရှိသောကျန်နေရာများကို ဆက်လက်ရှာဖွေမည်ဟု ဆိုသည်။
သို့သော် မန္တလေးမြို့မီးသတ်ဦးစီးဌာနက မတ်လ ၃၁ ရက် မွန်းလွဲပိုင်းသတင်းထုတ်ပြန်ရာတွင်”မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် Sky Villa အဆောက်အဦ ပြိုကျပျက်စီးသည့်နေရာတွင် ၃၁.၃.၂၀၂၅ ရက်နေ့တွင် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မ(၂)ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ မ(၂)ဦး၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ပါသည်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်”ဟု ဖော်ပြထားသည်။
ပိနေသူများ အသက်ရှင်မည်ဟု မျှော်လင့်ချက်မရှိတော့သော်လည်း ရှာဖွေရေးဆက်လုပ်သွားမည်ဟု Sky Villa ကွန်ဒိုပြိုကျမှုကို ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ယနေ့ မွန်းလွဲ ၁နာရီခွဲ၌ပြောသည်။
ယင်းနေရာတွင် ပိတ်မိနေသူအချို့ကို မတ်လ ၂၉ရက်ကစတင်၍ ကယ်ဆယ်ရေးအဖွဲ့က အဆက်အသွယ်ရခဲ့သော်လည်း စက်ကိရိယာနှင့် နည်းပညာအခက်အခဲကြောင့် ကယ်ထုတ်နိုင်ခြင်းမရှိခဲ့ပေ။
ပိတ်မိသွားသူများတွင် သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် မိသားစုဝင်များလည်း ပါဝင်ခဲ့သည်။ ၎င်းတို့ကို ကယ်ဆယ်နိုင်ရေးအတွက် နာရီပေါင်းများစွာကြိုးစားခဲ့ဟု ကယ်ဆယ်ရေးအဖွဲ့ဝင်အချို့ကပြောသည်။ ပိတ်မိနေသူများအနက်မှ တစ်ဦးကို ယနေ့(မတ်လ ၃၁ရက်)နံနက်အစောပိုင်းတွင် ဆွဲထုတ်နိုင်ခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ပိတ်မိနေသည့်သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင်မိသားစုဝင်အချို့ သေဆုံးသွားပြီဟု ၎င်းတို့၏ ဆွေမျိုးတစ်ဦးက လူမှုကွန်ရက်၌ ရေးသားထားသည်။
“ထားသွားကြပါပြီ။ အမေ၊မမ၊သမီးလေးနဲ့ကိုကြီးက ကျွန်မကို ထားသွားကြပါပြီ”ဟု အဆိုပါမိသားစုဝင်က ရေးထားသည်။
အောင်မြေသာဇံမြို့နယ်၊လမ်း၆၀၊ ၂၃×၂၄ လမ်းကြားရှိ တစ်ဧက အကျယ်ပေါ်တွင် တည်ဆောက်ထားသော Sky Villa ကွန်ဒိုတွင် အထပ် ၁၁ထပ်ရှိအဆောက်အအုံ သုံးလုံးတွဲပါရှိကာ ငလျင်လှုပ်ခတ်မှုအတွင်း အဆောက်အအုံနှစ်လုံးမှာ အလုံးစုံပြိုကျပြီး ကျန်တစ်လုံးမှာလည်း ၄ထပ်ခန့် မြေကြီးထဲနစ်ဝင်သွားခဲ့သည်။
Sky Villa ကွန်ဒိုအိမ်ရာစီမံကိန်းကို စစ်တပ်နှင့်ဆက်နွယ်နေသော အောင်မြင်သူကုမ္ပဏီက တည်
ဆောက်ခဲ့ခြင်းဖြစ်ပြီး ငလျင်ဒဏ်ခံနိုင်သည်ဟုကြေညာရောင်းချခဲ့ဟု သတင်းများထွက်ပေါ်နေသည်။
