■စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦးနှင့် ပြည်သူ ၂ဦး ဒဏ်ရာရ
မတ်-၃၁၊၂၀၂၅။ခွာညို၊ သုည/People’s Spring
ပဲခူးတိုင်း၊ ဝေါမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်တွင် စစ်ကားတစ်စီးက တန်းစီနေသည့်ကားများဝင်တိုက်မှု ယနေ့ (မတ်လ ၃၁) နံနက်က ဖြစ်ပွားခဲ့သည်။
ယနေ့နံနက် ၁၀နာရီခန့်တွင် စစ်သုံးပစ္စည်းများသယ်ဆောင်လာပြီး ရန်ကုန် – မော်လမြိုင်လမ်းပိုင်း၌ အရှိန်ဖြင့်မောင်းနှင်လာသော စစ်ကားတစ်စီးက တန်းစီနေသည့် အိမ်စီးကားတစ်စီးနှင့် ကုန်တင်ကားနှစ်စီးကို ဝင်တိုက်ပြီး တိမ်းမှောက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အမျိုးသမီးငါးဦး၊ အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။ ထို့အပြင် အရပ်သား နှစ်ဦးလည်း ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

Public Service Announcement
“စစ်ကားက နေပြည်တော်က ပြန်လာတဲ့ ကားလို့ပြောတယ်။ သူ့ဘာသာသူ မောင်းလာရင်း အရှိန်မထိန်းနိုင်ဘဲ စစ်ဆေးရေးဂိတ်မှာ စောင့်နေတဲ့ ကားတွေကို ဝင်တိုက်တာပါ။ ကားတစ်စီးလုံး တုံးလုံးလဲပြီး မှောက်သွားတယ်။ ကားပေါ်မှာ ပါလာတဲ့ စစ်တပ်က အမျိုးသမီး ၅ ယောက်နဲ့ ယာဉ်မောင်း ၁ ယောက် ဒဏ်ရာရသွားတယ်။ အတိုက်ခံရတဲ့ အိမ်စီးကားပေါ်က အမျိုးသားနဲ့ အမျိုးသမီး ၂ ယောက်လည်း ထိခိုက်ဒဏ်ရာရသွားတယ်။ စုစုပေါင်း ၈ယောက် ထိခိုက်မိတာပါ”ဟု ၎င်းက ပြောသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူ ရှစ်ဦးကို ကျိုက်ထိုဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။
” အဲဒီကားက ဝင်တိုက်တာဗျ။ တုံးလုံးလဲသွားတာ။အတိုက်ခံရတဲ့ကားတွေက လမ်းဘေးမှာရပ်ထားတာ။ အခုရဲတွေက လမ်းဘေးက ကားတွေကို ပြဿနာရှာနေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ယင်းယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး စစ်ကားတိမ်းမှောက်မှုကြောင့် လမ်းများပိတ်ဆို့နေသည့်အတွက် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း ဒေသခံပြည်သူအချို့က ပြောသည်။
“စစ်ကားက ပရိုဘောက်နဲ့ ကုန်တင်ကားကို ဝင်တိုက်ပြီး လမ်းပေါ်မှာ တုံးလုံးလဲသွားတာပါ။ ကားကို ကရိန်းနဲ့ မရွေ့နေရတယ်။ ညောင်ခါးရှည်ဂိတ်က အစကတည်းက အရမ်းလမ်းပိတ်ရတဲ့ကြားထဲ အခု စစ်ကားတိုက်ပြီး လဲနေတော့ လမ်းရှင်းတာတင် တော်တော်ကြာကြာ စောင့်နေရတယ်။ ဖြစ်တာ မနက် ၁၀ နာရီထဲကကို အခု နေ့လည် ၁၂ကျော်တဲ့အထိ ကားတွေမသွားရဘဲ ပိတ်နေတုန်းပဲ”ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။
