မတ်-၂၉၊၂၀၂၅။ဇော်ရမ်း/People’s Spring
ဖျက်အားပြင်းငလျင်ကြီး ဗဟိုပြုလှုပ်ခဲ့သောနေရာနှင့်အနီးဆုံးစစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် သေဆုံးထိခိုက်၊ပျက်စီးမှုအလွန်များနေပြီး ရှာဖွေကယ်ဆယ်ရေး ဒုတိယမြောက်နေ့ဖြစ်သော မတ်လ ၂၉ရက် ညနေအထိ ရုပ်အလောင်း ၁၈၀ ကျော် မီးရှို့သဂြိုလ်ထားရသည်။
“သေဆုံးသူအရေအတွက် ဆက်တိုးနေတယ်။ ညနေ ၆ နာရီအထိ ၁၈၃ လောင်း” ဟုကယ်ဆယ်ရေးလုပ်ကိုင်နေသော ဒေသခံတစ်ဦးက ပြောသည်။
ဘေးသင့်ဒေသခံတစ်ဦးကလည်း ” စစ်ကိုင်းမှာက ပိုက်ဆံရှိနေရင်တောင် ဘာမှဝယ်စားလို့မရတော့တဲ့ အခြေနေကြီးဖြစ်နေပါပြီ။ အစားအသောက်လေးတွေလှူပေးကြပါဦးဗျာ။ အဓိက အားထားရတဲ့ တံတားတွေကလည်း သွားလို့မရနေတော့ တကယ်အခက်အခဲဖြစ်နေကြလို့ပါဗျာ။ တော်တော်များများလည်း လမ်းပေါ်မှာ အကုန်ထွက်အိပ်နေကြရပါတယ်။ အဆင်ပြေရင် ကူညီကြပါဦးဗျာ”ဟု အကူအညီတောင်းထားသည်။

Public Service Announcement
စစ်ကိုင်းမြို့တွင် မြို့ပေါ်ရပ်ကွက်များရှိတိုက်တာအဆောက်အဦးအားလုံးနီးပါး နှင့် သမိုင်းဝင်စေတီပုထိုးအများအပြား ထိခိုက်ပျက်စီးသွားခဲ့သည်။
မတ်လ ၂၉ ရက်အထိ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကိုအင်တိုက်အားတိုက် မစတင်နိုင်သေးကြောင်း ဒေသခံများကပြောသည်။စစ်ကိုင်းမြို့သည် ငလျင်ဗဟိုချက်နှင့် အနီးဆုံးဖြစ်ခဲ့သည်။
ငလျင်ကြောင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် ၁၆၄၄ ဦးသေဆုံးပြီး ၃၄၀၈ဦး ဒဏ်ရာရကာ ၁၃၉ ဦး ပျောက်ဆုံးနေကြောင်း စစ်ကောင်စီက ယနေ့ည သတင်းထုတ်ပြန်ထားသည်။သို့သော်မြေပြင်တွင် သေဆုံးမှုမှာ စစ်ကောင်စီထုတ်ပြန်သောအရေအတွက်ထက်များစွာ ပိုများကြောင်းစစ်ကောင်စီ သတင်းထုတ်ပြန်မှုတွင် မပါသေးသောဒေသ များစွာကျန်ရှိနေသေးကြောင်းကယ်ဆယ်ရေးလုပ်ကိုင်သူများက ပြောသည်။
ဖျက်အားပြင်းငလျင်ကြီးသည် မတ်လ ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ဝန်းကျင်တွင် စစ်ကိုင်းမြို့အနီးရှိ ရေခါးအင်းကို ဗဟိုပြု၍ မဂ္ဂနီကျု ၇ ဒသမ ၇ ရှိသော အင်အားကြီးမြေငလျင်ကြီးလှုပ်ခတ်ခဲ့သည်။မြေငလျင်ကြီးမှာ မြေအနက် ၆မိုင်ကျော်ကိုဗဟိုပြုသောဇောက်တိမ်ငလျင်ဖြစ်သည်။
မြေငလျင်သည်ဇောက်တိမ်ပါက ဖျက်အားပိုကြီးသည်။
ထိုငလျင်ကြီးလှုပ်ပြီး ၁၂ မိနစ်ခန့်အကြာ မွန်းလွဲ ၁ နာရီ ၂ မိနစ်တွင် ပြင်းအား ၆ ဒသမ ၄ ရှိ နောက်ဆက်တွဲအင်အားကြီး ငလျင်မှာ တံတားဦးမြို့နယ်အတွင်ဗဟိုပြုထပ်မံလှုပ်ခတ်သည်။
(အင်အားပြင်းငလျင် ဗဟိုချက်အနီးရှိ စစ်ကိုင်းမြို့မှာလည်း ပျက်စီးဆုံးရှုံးမှု များပြားခဲ့ပါတယ်။ ဓာတ်ပုံ – KO M)
