အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အဖြစ်မှ အနားယူခဲ့သူ ဦးနိုင်ထူးအောင်ကို ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အကြံပေးအဖြစ် ခန့်အပ်လိုက်ကြောင်း ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ဒုတိယပတ်တွင် NUG ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အဖြစ်မှ အနားယူခဲ့သူ ဦးနိုင်ထူးအောင်ကို နိုင်ငံရေးဆိုင်ရာ၊ တော်လှန်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ လေ့လာအကြံပြုမှုများ လိုအပ်နေ၍ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၏ အကြံပေးအဖြစ်ခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“လက်ရှိအခြေအနေမှာလည်း တော်လှန်ရေးဟာ အဆင့်တစ်ခုကိုလည်း ရောက်လာပြီပေါ့။ အဲ့ဒီအတွက်ကြောင့် နိုင်ငံရေးအရရော၊ တော်လှန်ရေးအရရော သေချာလေ့လာသုံးသပ်ပြီးတော့ အကြံပြုခြင်းကိစ္စတွေကို ပိုပြီး အာရုံစိုက် လုပ်ဖို့တွေလည်း လိုလာတာပေါ့နော်။ ဒါကြောင့် ကျွန်တော်တို့ ကိုနိုင်ထူးအောင်ကို ပြည်ထောင်စုဝန်ကြီးချုပ်ရုံးရဲ့အကြံပေးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်တာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က People’s Spring သို့ ပြောသည်။

Public Service Announcement
ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်ဖြစ်သော ဦးနိုင်ထူးအောင်ကလည်း ယခင်ရည်ရွယ်ထားသည့်အတိုင်း တော်လှန်ရေးတွင် ဆက်လက်ပါဝင်လိုခြင်း၊ လက်ရှိ နိုင်ငံရေးအခြေအနေ၊ နိုင်ငံတကာရေးရာကိစ္စရပ်များကိုလေ့လာသုံးသပ် အကြံပြုမှုများ လုပ်ဆောင်ရန် သင့်တော်ခြင်း အချက်များကြောင့် ဝန်ကြီးချုပ်ရုံးအကြံပေးအဖြစ် လက်ခံခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာနမှ အနားယူခဲ့စဥ်က ဦးနိုင်ထူးအောင်သည် ဖေ့ဘုတ်လူမှုကွန်ရက်တွင် “တော်လှန်ရေးမှ လုံးဝ အနားမယူပါ။ ကျရာတာဝန်အား ဆက်လက်တာဝန်ယူသွားမည် ဖြစ်ပါသည်။ တာဝန်ယူခဲ့စဥ်တွင် ဆောင်ရွက်ခဲ့မှုများအတွက် အပြည့်အဝ လိပ်ပြာလုံသလို တာဝန်ယူခဲ့စဥ် ဆောင်ရွက်ခဲ့သော ကိစ္စရပ်များအတွက် တခုမကျန် တာဝန်ခံပါသည်” ဟု ရေးသားခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်တစ်ဦး အနားယူမှုကို တရားဝင် အမိန့်ထုတ်ပြန်ကြေညာချက်နှင့်မဟုတ်ဘဲ ဦးနိုင်ထူးအောင်အနေဖြင့် ဖေ့ဘုတ်လူမှုကွန်ရက်တွင် အနားယူကြောင်း ရေးသားအသိပေးခဲ့ခြင်းဖြစ်သည်။ ထိုသို့တရားဝင်ထုတ်ပြန်ခြင်း မရှိခဲ့သည့်အပေါ် ဝေဖန်မှုအချို့လည်းရှိခဲ့သည်။
ဦးနိုင်ထူးအောင် သည် ၂၀၁၅ ခုနှစ် နှင့် ၂၀၂၀အထွေထွေရွေးကောက်ပွဲတို့တွင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် နှစ်ကြိမ်ဆက်ရွေးကောက်ခံရသောလွှတ်တော်အမတ်ဖြစ်သည်။
