■ဦးနိုင်ထူးအောင်အား တိုက်ခိုက်ပြီးတော်လှန်ရေးအား ပုံဖျက်ရန် ကြေညာချက်အတု ၂ စောင်ထွက်ပေါ်နေဟု NUG ထုတ်ပြန်
ဟန်နွေ/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန(MOD) အတွင်းဝန် ဦးနိုင်ထူးအောင် တာဝန်မှ အနားယူမှုနှင့်ပတ်သက်ပြီး ကာယကံရှင်နှင့် တော်လှန်ရေးကို ပုံဖျက် ထားသည့် ကြေညာချက် အတုများ ထွက်ပေါ်လျက်ရှိရာ အဆိုပါ ကြေညာချက်များသည် အတုများဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ရှင်းလင်းသည်။
ဦးနိုင်ထူးအောင်သည် ကာကွယ်ရေးဝန်ကြီးဌာန နှင့် စပ်လျဉ်းသော တာဝန်များ အားလုံးမှ အနားယူလိုက်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၉ရက်တွင် ၎င်း၏ ဖေ့စ်ဘွတ်ခ်မှ တဆင့် အသိပေးထားသည်။

Public Service Announcement
“တော်လှန်ရေးမှ လုံး၀ အနားမယူပါ။ ကျရာတဝန်အား ဆက်လက် တာဝန်ယူသွားမည် ဖြစ်ပါသည်” ဟုလည်း ဦးနိုင်ထူးအောင်က ရေးသားထားသည်။
ထို့ပြင် ကာကွယ်ရေးဝန်ကြီးဌာန၌ တာဝန်ယူခဲ့စဉ်ဆောင်ရွက်ခဲ့မှုများအတွက် အပြည့်အ၀ လိပ်ပြာလုံသကဲ့သို့ တာဝန်ယူစဉ်ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များအတွက် တခုမကျန် တာဝန်ခံကြောင်းလည်း ဦးနိုင်ထူးအောင်က အသိပေးထားသည်။
ထိုသို့ ဦးနိုင်ထူးအောင် ရာထူးတာဝန်မှ အနားယူလိုက်ပြီးနောက် ဦးနိုင်ထူးအောင် အား ပုတ်ခတ်သည့် ၊ တော်လှန်ရေးအား ပုံဖျက်လိုသည့် အရေးအသားများ ပါသော အမျိုးသားညီညွတ်ရေးအစိုးရ နှင့် ကာကွယ်ရေးဝန်ကြီးဌာန တို့၏ ကြေညာချက် ၂ခု လူမှုကွန်ရက်၌ ပြန်နှံ့လျက်ရှိသည်။ အဆိုပါ ကြေညာချက်အတုကို တော်လှန်ရေးတပ်ဖွဲ့အချို့မှ တာဝန်ရှိသူများပင် အစစ်ထင်ပြီး လူမှုကွန်ရက်၌ ထပ်ဆင့် ဖြန့်ဝေမှု ကိုလည်းတွေ့ရသည်။
အဆိုပါ ထုတ်ပြန်ချက် အတုများနှင့် ပတ်သက်၍NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “ကိုနိုင်ထူးအောင်အနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်အဖြစ်က နှုတ်ထွက်တယ်။ ဒါပေမဲ့ တော်လှန်ရေးမှာ တနည်းနည်းနဲ့ ဆက်လက်ပါဝင်နေအုံးမယ်ဆိုပြီး သူ့ Postမှာရေးထားတာတွေ့ပါတယ်။ သူ တခြားသော တာဝန်တခုခုနဲ့ တော်လှန်ရေးမှာဆက်လက်ပါဝင်နေအုံးမယ်လို့ သိထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး နှုတ်ထွက်မှုကို အကြောင်းပြုပြီး အကြမ်းဖက်စစ်တပ်ဘက်က လော်ဘီတွေကလည်း သတင်းတု သတင်းမှားတွေဖြန့်ပြီးတော့ ဆောင်ရွက်နေတာတွေ့ရပါတယ်။ အဲဒါတွေတခုမှ မဟုတ်ပါဘူး” ဟုပြောကြားသည်။
အဆိုပါ ကြေညာချက်အတုများသည် ပြည်သူလူထုကို သို့လောသို့လောဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဖြန့်ဝေနေခြင်းဖြစ်၍ ယင်းကြေညာချက် အတုများနှင့်ပတ်သက်၍ သတိထားကြရန် ဦးနေဘုန်းလတ်က တိုက်တွန်းသည်။
ယခုထွက်ပေါ်နေသည့် ကြေညာချက် အတု ၂ခုတွင် ရန်ပုံငွေရှာဖွေမှု ကိစ္စနှင့်ပတ်သက်ပြီး ဦးနိုင်ထူးအောင်အား ပုတ်ခတ်သည့် အရေးသားများ ရေးသားထားခြင်းဖြစ်သည်။
ယခင်ကလည်း ကာကွယ်ရေးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ အမည်သုံးပြီး ကြေညာချက်အတုများ ယခုကဲ့သို့ ဖြန့်ဝေမှုများ ရှိခဲ့သည်။
ဦးနိုင်ထူးအောင်ကလည်း ရာထူးမှအနားယူသော်လည်း တော်လှန်ရေးတာဝန်များဆက်လက်လုပ်ကိုင်မည်ဖြစ်သလို ၊ နိုင်ငံရေးသမားဖြစ်၍ နိုင်ငံရေး နှင့် သုတေသန ၊သုံးသပ်ချက်အလုပ်များကို ပိုမိုလုပ်ကိုင်လို၍ ဖြစ်ပြီး ၊ NUGနှင့်တော်လှန်ရေးအတွက် လိုအပ်သည်များကိုဆက်လက်လုပ်ကိုင်ပေးနေမည်ဖြစ်ကြောင်း People’s Spring သို့ပြောသည်။
ဦးနိုင်ထူးအောင် သည် စစ်တပ်အာဏာမသိမ်းခင် ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်က နွားထိုးကြီးမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဖြစ်သည်။
