မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ Non CDM ဝန်ထမ်းတွေကို လာခေါ်တဲ့ စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ M.V.P Revolution Force အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက်က မြိုင်မြို့ပေါ်မှ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေနဲ့ ပျူတွေကို ပခုက္ကူမြို့ဘက် ခေါ်ဆောင်လာတဲ့ယာဥ်တန်းကို မြိုင်မြို့နယ်ထန်းငယ်တောရွာနဲ့ စဘေရွာကြားမှာ နှစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။
မနက်ပိုင်းနဲ့ နေ့လယ်ပိုင်း ၂ ကြိမ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးသူ ၈ ဦးထက်မနည်း ရှိတယ်လို့သူက ဆိုပါတယ်။အဲဒီစစ်ဆင်ရေးကို 8+အညာမြေအင်အားစု၊M.V.P Revolution Force၊ မြိုင် ပ.က.ဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement
အထိနာသွားတဲ့စစ်ကောင်စီယာဥ်တန်းဟာ ဖေဖော်ဝါရီ ၁၉ ရက်မှာတော့ ကျောက်ဆောက်ရွာကို ရောက်ရှိချိန် သေဆုံး စစ်ကောင်စီတပ်သား ၃ ဦးအလောင်းကို လမ်းဘေးမှာ မီးရှို့ခဲ့ကြောင်း၊ ဒါ့အပြင် ကျောက်ဆောက်ရွာက နေအိမ် ၅ဝ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း M.V.P Revolution Force အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“အိမ်ထဲမှာ ကျန်နေခဲ့တဲ့ အသက်တစ်ရာကျော်အရွယ် အဘွားအိုတစ်ဦး မီးထဲပါသွားခဲ့ရတယ်လို့ သိရပါတယ်။ကျောက်ဆောက်ရွာ ဘုန်းကြီးကျောင်းအနီးကတ္တရာလမ်းဘေးမှာလည်း မီးရှို့ထားတဲ့ အမည်မသိ အလောင်း သုံးလောင်းတွေ့ရှိရတယ်လို့သိရပါတယ်။”လို့ We Love Myaing အဖွဲ့က ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ မြိုင်မြို့နယ်ထဲက မကျည်းစုနဲ့ ဝက်ကျရွာမှာ ရောက်ရှိနေကြောင်း၊ စစ်ကြောင်းတလျှောက်က ကျေးရွာတွေလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိပါတယ်။
