People’s Spring
ကရင် နယ်ခြားစောင့်တပ် (BGF) ရဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူကို ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းအာဏာပိုင်တွေကြား ဆွေးနွေး ညှိနှိုင်းမှုတွေ အခုထိ အဆင်မပြေသေးဘူးလို့ သိရပါတယ်။
စောချစ်သူနဲ့ BGF ခေါင်းဆောင်တွေကို ဖမ်းဝရမ်း ထုတ်ဖို့ကိစ္စအတွက်ထိုင်းရဲ့အထူးစုံစမ်းစစ်ရေးရေး ဌာန (DSI)နဲ့ အစိုးရရှေ့နေတွေကြား တတိယ အကြိမ်မြောက်အဖြစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပေမယ့်အပြီးသတ် သဘောတူညီမှု မရဘဲ အဆုံးသတ်ခဲ့တယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
BGF အဓိက လှုပ်ရှားရာ နယ်မြေဖြစ်တဲ့ မြန်မာပိုင် မြဝတီ မြို့ထဲက ဟန်ရှန်း ကာစီနိုမှာ အိန္ဒိယ နိုင်ငံသားတွေကိုလူမှောင်ခိုကူးပြီးအဓမ္မခိုင်းစေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆက်စပ်ပြီး စောချစ်သူနဲ့ BGF ခေါင်းဆောင်ပိုင်းကို ဝရမ်းထုတ်နိုင်ဖို့ ထိုင်းဖက်က ကြိုးစားခဲ့တာပါ။

Public Service Announcement
အစိုးရ ရှေ့နေတွေက DSI တင်ပြခဲ့တဲ့ အထောက်အထားတွေဟာ စောချစ်သူနဲ့ တခြား BGF ခေါင်းဆောင်တွေဖြစ်တဲ့ ဒုတိယ ဗိုလ်မှူးကြီး စောမုတ်သုန် နဲ့ ဗိုလ်မှူး စောတင်ဝင်းတို့ကို ဖမ်းဝရမ်းထုတ်ဖို့ လုံလောက်မှု မရှိသေးကြောင်း သုံးသပ်ထားပါတယ်။
လောလောဆယ်တော့ မြဝတီ မြို့နယ်ထဲက ရွှေကုက္ကိုမြို့ အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေကနေ ကယ်ထုတ်လာတဲ့ တရုတ် နိုင်ငံသားတွေကို နယ်စပ်မှာ စစ်ဆေး လက်ခံမှုကို ထိုင်းနဲ့ တရုတ် အာဏာပိုင်တွေ ပူးပေါင်း လုပ်ဆောင်နေပါတယ်။ အဲဒီ အစီအစဉ်ကိုတရုတ်ကအပြည့်အဝကြီးမှူး တာဝန်ယူလိုက်တယ်ဆိုတဲ့ သတင်းတွေကိုထိုင်းကာကွယ်ရေး ဝန်ကြီး ဖုန်သမ် ဝီချာရာချိုင်က ငြင်းဆိုခဲ့ပြီး အစောပိုင်းကတည်းကနှစ်နိုင်ငံပူးပေါင်း လုပ်ဆောင်နေတာသာဖြစ်တယ်လို့အတည်ပြုခဲ့ပါတယ်။
ထိုင်းအာဏာပိုင်တွေဟာ အခုဖြစ်စဉ်နဲ့ ဆက်နွှယ်သူတွေရဲ့ အချက်အလက်တွေကို စုဆောင်း ကောက်ယူနေပေမယ့် နယ်စပ်မှာ ရှိနေတဲ့ တရုတ် အာဏာပိုင်တွေက သူတို့ ရရှိထားတဲ့ အချက်အလက်တွေကို ထိုင်းနဲ့ ဝေမျှသလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
လောလောဆယ်မှာတော့ တရုတ်နိုင်ငံသား အများစု အပါအဝင် နိုင်ငံပေါင်း ၁၂ ခုက လူ ၁၀၀၀ နဲ့ ၁၂၀၀ကြားကိုBGFက မြဝတီမှာမြန်မာအာဏာပိုင်တွေဆီ လက်လွှဲ ပေးအပ်ထားပြီး အဲဒီ လူပုဂ္ဂိုလ်တွေဟာနေရပ်ပြန်ပို့ခံရဖို့စောင့်ဆိုင်းနေတယ်လို့လည်း ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
တရုတ်နိုင်ငံသားတွေကို နေရပ် ပြန်ပို့ရေး ကိစ္စကိုတော့ ထိုင်းနိုင်ငံဆီ လတ်တလော ရောက်ရှိနေတဲ့ တရုတ် ပြည်သူ့လုံခြုံရေး ဒုတိယ ဝန်ကြီး လျူရှောင်ယီက ကြီးကြပ်နေပြီး ဖေဖော်ဝါရီ ၂၀ ကနေ ၂၂ ရက်အတွင်း ပျံသန်းမယ့် စင်းလုံးငှား လေယာဉ် ခရီးစဉ် ၁၆ ခုထက် မနည်းကိုပါ ကြိုတင် စီစဉ်ထားကြောင်း သိရပါတယ်။ ကျားဖြန့်လုပ်ငန်းတွေကနေ နေရပ်ပြန်မယ့်သူတွေဟာ ဒီကနေ (ဖေဖော်ဝါရီ ၂၀)မှာ မဲဆောက်ကတဆင့် လေယာဥ်နဲ့တရုတ်နိုင်ငံကိုပြန်ပို့မှာဖြစ်ပါတယ်။
ကိုးကား: Thai Enquirer
