close
Connect with us

Hi, what are you looking for?

သတင်း

မတ္တရာအနောက်ခြမ်းဝင်လာသော စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်များ တိုက်ခိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အနောက် မြောက်ခြမ်းရှိ တော်လှန်ရေးတပ်များပြန်လည် သိမ်းယူထားသည့် ကျေးရွာများအား စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

၂၀၂၄ ဒီဇင်ဘာ ၈ ရက်က မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ဆင်ကုန်းရွာနှင့် ပိုဝ ကျေးရွာများ စစ်ကောင်စီ​၏ မီးရှို့ဖျက်ဆီးမှုကြောင့် မီးများလောင်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ- Wetlet Information Network)

ကျော်ဇော၊ မေ/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်မြောက်ခြမ်းရှိ တော်လှန်ရေးတပ်များပြန်လည် သိမ်းယူထားသည့် ကျေးရွာများအား စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

ဇန်နဝါရီ ၂၆ ရက် နံနက် ၆ နာရီခွဲခန့်တွင် မတ္တရာမြို့ပေါ်မှ တပ်မ (၆၆)ပါဝင်သော စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့စစ်အင်အား ၁၀၀ ခန့်သည် မြွေထိန်ပင်စောက်ကျေးရွာသို့ လက်နက်ကြီးများပစ်ခတ်၍ စစ်ကြောင်းထိုးဝင်ရောက်လာရာ ပကဖနှင့် တပ်ပေါင်းစုများက ခုခံပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ စစ်ကောင်စီတပ်သားနှင့် ပြည်သူ့စစ်သုံးဦး နေရာတွင် မျက်မြင်သေဆုံးပြီး ၂၀ခန့် ထိခိုက်ဒဏ်ရာများရရှိကာ မတ္တရာဆေးရုံသို့ အရေးပေါ် ပို့ဆောင်လိုက်ရကြောင်း မတ္တရာမြို့နယ်ပကဖက အသိပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း သေနတ်သုံးလက်သိမ်းဆည်းရရှိခဲ့ပြီး အထိနာသွားသော စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု (၄)ကြိမ်ပြုလုပ်ပြီး လက်နက်ကြီးများဖြင့်လည်း ရမ်းသမ်းပစ်ခတ်၍ ဒေသခံပြည်သူ ငါးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း မတ္တရာပကဖ မှပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ထိခိုက်ဒဏ်ရာရခဲ့တဲ့ ပြည်သူတွေက စကျင်ရွာကပါဗျ။ အဲဒီလေကြောင်းပစ်ကူပေးပြီးတဲ့နောက်ပိုင်းမှာ ရန်သူ့ဘက်က မတ္တရာမြို့ပေါ်အပါအဝင် နေရာတွေခွဲပြီး တပ်ဆုတ်သွားပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

တိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ပေါင်းစုမှ တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း၊ လက်တလော စစ်ရေးအခြေအနေများအရ မတ္တရာမြို့နယ်ရှိ ပြည်သူများအနေနှင့် စစ်ရေးအသိသတိဖြင့် နေထိုင်ကြရန် မြို့နယ်ပကဖက သတိပေးထားသည်။

မတ္တရာမြို့နယ် အနောက်မြောက်ရှိ ကျေးရွာများအား ၂၀၂၄ နိုဝင်ဘာတွင် စစ်တပ်ကစစ်ကြောင်းထိုးသိမ်းယူခဲ့ခြင်းဖြစ်သည်။

အစောဆုံးသိမ်းယူခံခဲ့ရသည့် ရွာသစ်၊ဝန်စုနှင့် ထိန်ပင်စောက်ကျေးရွာများကို ၂၀၂၄ ဒီဇင်ဘာ ၁၆ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY-PDF)က ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း ကြေညာထားသည်။

ထို့ကြောင့် အဆိုပါကျေးရွာများ ပြန်လည် သိမ်းယူရန် စစ်ကောင်စီတပ်က စစ်ကြောင်းပြန်ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် မတ္တရာမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာအားပြန်လည် သိမ်းယူထားပြီး ကျေးရွာ ၁၀ရွာခန့်အား အင်အားဖြန့်ထားကာ အထိုင်ချတပ်စွဲထားသည်ဟု ဒေသခံများထံက သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေးက ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ရက်တွင် စစ်ရေးသတင်းထုတ်ပြန်ရာတွင်လည်း မတ္တရာမြို့နယ်အတွင်းရှိ ဖယောင်းတောင်၊ ထန်းပင်ကုန်းနှင့် မြို့ကုန်းကျေးရွာတစ်ဝိုက်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားလျှက်ရှိကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ဒီ‌ကနေ့ လေကြောင်းကနေထပ်မံတိုက်ခိုက်ရာမှာ ဒေသခံပြည်သူတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ ညဈေးနေရာအား စစ်ကောင်စီက ယနေ့(ဇန်နဝါရီ ၂၇ရက်) နေ့လယ် ၂နာရီ ၁၅မိနစ်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်သည့်စက်ရုံ (ကပစ-၂၂)မှ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ မိသားစုဝင် လေးဦးထိခိုက်သေဆုံးခဲ့ကြောင်း ဒေသအခြေစိုက် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သတင်း

ဗန်းမော်လေယာဉ်ကွင်းကို KIA အပြီးသတ်သိမ်းပိုက်ပြီး နယ်မြေရှင်းလင်းနေ