ထက်ရှိုင်း/People’s Spring
ဒီဇင်ဘာလအတွင်းမှာ ကျွန်တော်နဲ့ မိတ်ဆွေတချို့ အလုပ်ကိစ္စနဲ့ ရန်ကုန်မြို့ကိုခရီးသွားဖို့ဖြစ်လာပါတယ်။
ကျွန်တော်တို့အဖွဲ့မှာ အမျိုးသားများပြီးအမျိုးသမီးက နည်းနည်းပဲ ပါဝင်ပါတယ်။ အမျိုးသားဦးရေများတာမို့ မလုပ်ချင်ပေမယ့် စစ်ကောင်စီလက်အောက်က ဌာနတချို့ရဲ့ထောက်ခံစာဘာညာကိုပါ လိုရမယ်ရ ယူလာရတာပေါ့လေ။
ထုံးစံအတိုင်းပဲ မနက် ၇ နာရီလောက် ကျွဲဆည်ကန်ကားကွင်းရောက်ပြီး ၇ နာရီခွဲလောက် ကျွန်တော်တို့ကားက စထွက်ပါတယ်။ ကျွန်တော်တို့က ခရီးသည်တင်ကားနဲ့သွားတာပါ။

Public Service Announcement
နွားထိုးကြီး PDF တွေက အမြန်လမ်းပေါ် လုံခြုံရေးစစ်ဆေးတာတွေလုပ်ပြီးနောက်ပိုင်းမှာ စစ်တပ်က လုံခြုံရေးပိုချလာသလို နေ့ခင်းဘက် ခရီးသွားလာသူလည်း အရင်ကထပ်ပိုနည်းတာကို တွေ့ရပါတယ်။
ခရီးသွားပိုနည်းလာတယ်လို့ ကားသမားကလည်း ပြောပါတယ်။
ပုံမှန်ဆို ကားပေါ်တက်ရင် အိပ်နေကျ ကျွန်တော်က ဒီနေ့က မနက်ခင်းလည်းဖြစ်တာကတကြောင်း ခရီးမသွားဖြစ်တာကလည်းကြာပြီမို့ လမ်းခရီးကို စပ်စုချင်စိတ်တွေနဲ့ မအိပ်ဘဲနေဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကားက မန္တလေးမြို့ဝင်အဝိုင်းပတ်ကိုကျော်ပြီးချိန်မှာ ခဏရပ်လိုက်တာကိုသတိထားလိုက်မိတယ်။
အဲဒီအချိန်မှာ အသက်၂၅ နှစ်ဝန်းကျင်အရွယ် လူငယ်တယောက် ကားပေါ်တက်လာပါတယ်။
သူ့ကို ကားယာဥ်မောင်း၊ ယာဥ်အကူနဲ့ ယာဥ်မောင်လို့ခေါ်တဲ့ ခရီးကြိုပြုတဲ့သူတွေက ရင်းရင်းနှီးနှီးပြုံးပြတာကိုလည်း သတိပြုမိလိုက်ပါတယ်။ အဲဒီလူငယ်က ကားရဲ့အနောက်ခပ်ကျကျထိုင်ခုံကိုသွားထိုင်ပါတယ်။
လူတွေတင်ပြီးနောက်မှာ ကားကဆက်ပြီးထွက်လာပါတယ်။ နာရီဝက်လောက်ကြာတဲ့အခါမှာ စကားသံသဲ့သဲ့ကြားတာမို့ ကျွန်တော်လှည့်ကြည့်မိလိုက်ပါတယ်။ စောစောက ကားပေါ်တက်လာတဲ့လူငယ်က သူ့ထိုင်ခုံကနေ ဘေးနားကထိုင်ခုံကိုရွေ့ပြီးခရီးသည်အမျိုးသားတဦးနဲ့ စကားပြောနေတာပါ။
ကျွန်တော့်ထိုင်ခုံက ကားအရှေ့ပိုင်းရောက်တာမို့ နေရာက အနည်းငယ်လှမ်းနေသလို သူတို့စကားသံကလည်း ခပ်တိုးတိုးမို့ ဘာပြောနေလဲဆိုတာတော့ မကြားရပါဘူး။
အဲဒီနောက် လူငယ်က ကားတစီးလုံးကို လိုက်လံစကားပြောလိုက် ဒရိုင်ဘာဘေးထိုင်ပြီးစကားသွားပြောလိုက်လုပ်နေတာကို ဂရုပြုကြည့်မိနေတဲ့ ကျွန်တော်က တော်တော်စပ်စုတဲ့လူငယ်ပဲလို့ စိတ်ထဲမှတ်ချက်ပြုမိလိုက်ပါတယ်။
ဒီလိုနဲ့ မိတ္ထီလာမြို့အနီးကစားသောက်ဆိုင်တွေမှာ နေ့ခင်းစာစားဖို့တဖြတ်နားပါတယ်။ ဒီဆိုင်တွေကို မရောက်ခင် စစ်တပ်စစ်ရေးဂိတ်တခုရှိပါတယ်။
ဒီဂိတ်ကိုမရောက်ခင်မှာ ယာဥ်မောင်က “ရှေ့မှာစစ်ဆေးရေးဂိတ်ရှိတာမို့ မိမိရဲ့လက်ကိုင်ဖုန်းများကိုပိတ်ထားပေးကြဖို့နဲ့ တခုခုဖြစ်လာပါက ယာဥ်လိုင်းကတာဝန်ယူမှာမဟုတ်ကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ” ဆိုပြီး ကြိုအော်ပါတယ်။
အဲဒီနောက် ခရီးသည်တွေက ဖုန်းတွေအသီးသီးပိတ်ကြပါတယ်။ အဲဒီနောက် ယာဥ်မောင်က ဆက်ပြီးတော့ ခရီးသည်တွေအားလုံး မှတ်ပုံတင်တွေအဆင်သင့်ထုတ်ထားဖို့ပြောပြန်ပါတယ်။ မှတ်ပုံတင်တွေကိုင်ပြီး ခရီးသည်တွေက အကုန်အဆင်သင့်စောင့်နေရတာပါ။
ဂိတ်ကိုရောက်တော့ ယာဥ်အကူနဲ့ယာဥ်မောင်ကကားပေါ်ကဆင်းပြီး ခရီးသည်စာရင်းသွားပေးပါတယ်။စာရင်းပေးဖို့စောင့်ရဟန်ရှိပါတယ်။ကျွန်တော်တို့ကားဘေးမှာတခြားကားတွေလည်းအလားတူရပ်ထားတာတွေ့ရပါတယ်။အချိန်က ၁၀မိနစ်ကျော်လောက်ကြာပါတယ်။
ကားတစီးပေါ်ကို အစိမ်းပုတ်ရောင်တီရှပ်နဲ့ ပျောက်ကြားဘောင်းဘီဝတ်ထားပြီး ရုပ်မြင်တာနဲ့ အာဏာလု စစ်အုပ်စုက စစ်သားလို့သိနိုင်သူ ငါးယောက်လောက် တက်သွားတာကိုမြင်လိုက်တော့ ကိုယ့်ကားပေါ်တက်လာမလားဆိုတော့ စိုးရိမ်စိတ်က ငယ်ထိပ်တက်လာတာပါပဲ။ အသံမကြားရပေမယ့် သူတို့ရဲ့အော်ဟစ်ငေါက်ငန်းနေတဲ့ရုပ်တွေကိုကားမှန်ကိုဖောက်ပြီးအတိုင်းသားမြင်နေရပါတယ်။
အဲဒီအချိန် ကျွန်တော်တို့ကားပေါ်က အပေါ်မှာပြောထားတဲ့လူငယ်ဟာ အဲဒီဂိတ်ထဲကို ဆင်းသွားပါတယ်။ ဂိတ်ထဲကသူတွေနဲ့ အေးအေးလူလူစကားပြောနေတာကိုလည်းတွေ့လိုက်တော့ သူဘာလည်းဆိုတာကို သဘောပေါက်လိုက်ပါပြီ။
ကျွန်တော်တို့အဖွဲ့တွေလည်းစိတ်တထင့်ထင့်နဲ့ တယောက်ကိုတယောက် လှမ်းကြည့်မိတာပေါ့။ အဖွဲ့ထဲမှာ အဲဒီလူငယ်နဲ့စကားပြောမိတဲ့ လူကတော့မျက်နှာတော်တော်ပျက်တာပေါ့။
ရန်ကုန်ကို အလုပ်လုပ်ဖို့မရောက်သေးဘူး။ မိတ္ထီလာမှာတင် လက်ပန်းကျချင်နေတဲ့ခရီးပါ။ ဒီလိုနဲ့ကျွန်တော်တို့ကားဟာ ကံကောင်းစွာနဲ့ပဲ မိတ္ထီလာက စားသောက်ဆိုင်ကို ရောက်လာပါတယ်။
စားသောက်ဆိုင်ထဲရောက်မှပဲ ကျွန်တော်ဟာ ကိုယ့်ခရီးကိုယ်သွားရင်း မဆီမဆိုင်ကံကို ကျေးဇူးလှမ်းတင်မိပြန်ပါတယ်။ ဒီလိုနဲ့စားသောက်ဆိုင်မှာ ထိုင်ကြရင်းနဲ့ လူငယ်နဲ့ စကားပြောခဲ့တဲ့အဖွဲ့ထဲကလူကို သူတို့ဘာတွေပြောကြလဲလို့ စားရင်းသောက်ရင်း ကျွန်တော်စပ်စုမိပြန်ပါတယ်။
သူပြန်ပြောတာက “အဲဒီကောင်လေးကရန်ကုန်သွားမလို့လား။ ခရီးသွားရတာလည်း ခေတ်ကဘာမှန်းမသိတော့ကြောက်နေရတာဆိုပြီး စကားအစချီလာတယ်”လို့ ဆိုပါတယ်။
အဲဒီနောက် စီးပွားရေးအကြောင်းတွေပြောနေရင်းကနေ ဘယ်မြို့ကလာတာလဲလို့တရင်းတနှီးတွေမိတ်ဖွဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက် နိုင်ငံရေးကမကောင်းဘူး။ဒီတော်လှန်ရေးကမြန်မြန်ပြီးမှဖြစ်မယ်ဆိုတဲ့စကားတွေပါလာတာမို့ ကျွန်တော်တို့အဖွဲ့ထဲကလူက” နိုင်ငံရေးတော့ကြောက်လို့ဗျာ။ ဘယ်အထဲမှဝင်မပါရဲဘူး”လို့ ပြောမှ စကားစပြတ်သွားတယ်လို့ ဆိုပါတယ်။
ကံကြီးပေလို့ပေါ့။ စကားတခွန်းများမှားရင် ဂိတ်မှာဘာမသိညာမသိဆွဲချခံရသူက ကိုယ့်လူဖြစ်နေမှာ။
မိတ္ထီလာကနေ ထွက်လာတော့လည်း ဒီလူငယ်ပြန်ပါလာပါတယ်။ သူက အားလုံးကို စောစောကလိုပဲ ပြုံးပြနေပြန်ပါတယ်။ သာမာန်လူငယ်တယောက်လိုပါပဲ။
ကျွန်တော်တို့အဖွဲ့ကတော့ သက်ပြင်းထချချနဲ့ အိပ်ကြတော့တာပါပဲ။ တဖွဲ့လုံးကအဲဒီလူငယ်စကားလာပြောမှာကို စစ်မှုထမ်းမဲစာရင်းနှိုက်သလိုပဲ ထိတ်လန့်နေကြပါတယ်။
အစက အဆင်လေးဆိုပြီး မျက်စတပစ်ပစ်ဖြစ်နေတဲ့အဖွဲ့ထဲက ညီမငယ်တောင် အိပ်ချင်ယောင်ဆောင်နေပါပြီ။
ဒီလိုနဲ့ လမ်းမှာအပေါ့သွားဖို့ခဏနားပါတယ်။ အဲဒီကနေ ဆက်ထွက်လာလိုက်တာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး ဇီးရိုးမိုင်ဂိတ်ကိုရောက်ပါပြီ။
ဂီယာတုန်းတွေရဲ့အသံ၊ ကားဘရိတ်သံတွေနဲ့ ခပ်မှေးမှေးအိပ်နေသူတွေ၊အိပ်မောကျနေသူတွေလည်းနိုးလာပါတယ်။ ညနေ ၃ နာရီကျော်လောက်ကို ရောက်နေပါပြီ။
“အခြေအနေမကောင်းဘူးဟေ့” ဆိုတဲ့ ယာဥ်အကူရဲ့အော်သံကြောင့်ကျွန်တော်လည်း အရှေ့ကိုမျှော်ကြည့်လိုက်မိပါတယ်။ မြန်မာနိုင်ငံမှာ စစ်အတွင်းနေရာသူဆိုတော့ အခြေအနေမကောင်းဘူးဆိုတဲ့စကားသံကို အနည်းငယ်ရိပ်စားမိနေပြီလေ။
အရှေ့ကို အနည်းငယ်လှမ်းကြည့်လိုက်တဲ့။ တကယ်အခြေအနေမကောင်းပါ။ ကားတန်းနဲ့လူတွေကိုမြင်ရပါတယ်။ နည်းနည်းပဲမြင်ရတာမို့ရှေ့မှာဘယ်လောက်ပိတ်နေလဲကျွန်တော်တို့မသိပါဘူး။ ယာဥ်မောင်ကတော့ ထုံးစံအတိုင်း “ခရီးသည်များခင်ဗျာကနေ အစချီပြီး ဖုန်းတွေပိတ်ထားဖို့၊ မှတ်ပုံတင်တွေထုတ်ထားဖို့၊ လိုအပ်ရင်အောက်ကိုဆင်း အစစ်ဆေးခံဖို့နဲ့တခုခုဖြစ်လာရင် သူတို့တာဝန်မယူကြောင်း” ကို သုံးကြိမ်လောက် အော်ပါတယ်။
မိတ္ထီလာထက် ရင်ခုန်နှုန်းကပိုမြန်လာပါတယ်။ တိတ်တဆိတ် စောင်ခေါင်းမြီးခြုံရင်း တယ်လီဖုန်းထဲက ဓာတ်ပုံအယ်ဘမ်ထဲဝင်ကြည့်ရသေးတယ်။ အူမြူးပြီးဖေ့ဘုတ်ကပုံတွေများ သိမ်းထားမိသေးလားပေါ့။
ဘာမှမပါပေမယ့်လည်း ရတက်မအေးပါဘူး။ ကိုယ့်အလှည့်မရောက်သေးသ၍ သက်ပြင်းလည်း ရဲရဲမချရဲကြပါဘူး။ တနာရီလောက်စောင့်ပြီးချိန်မှာ ကျွန်တော်တို့ကား အလှည့်ရောက်လာပါတယ်။
ကျွန်တော်တို့ကားတစီးလုံး အောက်ဆင်းပြီး တန်းစီရပါတယ်။ ကျွန်တော့်အထင်ခရီးသည် ၃၀ လောက်တော့ ပါမယ်ထင်တယ်။
တန်းစီပြီးတော့လည်း ထပ်စောင့်ကြရပြန်ပါတယ်။ အရှေ့ကားတွေကလူတွေမပြီးသေးလို့ပါ။ ဟိန်းဟောက်သံတညံညံနဲ့ စောင့်ရတာတော့ အတော်စိတ်မချမ်းသာစရာပါပဲ။ အော်မြန်မာနိုင်ငံပဲလို့တော့ ဖြည့်တွေးရတာပေါ့။
အသက်ပြည့်ရဲ့လားမသိတဲ့ ကလေးတွေကို အသက်ကြီးကြီးအမျိုးသားတွေရဲ့ဆရာ၊ ဆရာခေါ်သံကလည်းနားဝင်မဆန့်လှပါတယ်။ ကျွန်တော်ကတော့ အဖေ့ကိုဒီလမ်းခရီးကို ဒီလိုခေတ်ဆိုး ခေတ်ပျက်ထဲမှာမသွားခိုင်းဘူးလို့ ဆုံးဖြတ်မိပါတယ်။
အပေါ်မှာပြောတဲ့ လူငယ်လေးကတော့ အေးအေးလူလူပဲ ဂိတ်ထဲဝင်သွားပါတယ်။သူရောက်သွားတာနဲ့ ဟာဗိုလ်ကြီး အဆင်ပြေရဲ့လားဆိုပြီး ဝိုင်းနှုတ်ဆက်ကြတာတွေ့လိုက်ရပါတယ်။
ဒီလိုနဲ့ မမြင်ချင်ယောင်ဆောင်ရင်း ဆက်ရပ်စောင့်ရတာပေါ့လေ။ ဒီလောက်ပြောဆိုထားတဲ့ကြားထဲက ကျွန်တော်တို့အဖွဲ့ထဲက လူပျိုကြီးတယောက်က ဖုန်းထုတ်ကြည့်လိုက်ပါတယ်။ သူက ဖုန်းဆင်းကဒ်ကိုတော့ ပိတ်ထားပါတယ်။ စောင့်ရတာကြာတော့ အကျင့်ပါပြီးဖုန်းထုတ်ပွတ်ဖို့လုပ်တယ် ထင်ပါတယ်။
လျှက်တပျက်အတွင်း ငါကိုင်တုပ်ဆဲဆိုသံတွေနဲ့ သူ့ဇက်ပိုးကို လက်ဝါးစောင်းတွေရောက်လာပါတယ်။ ကျွန်တော်တို့လည်း ရုတ်တရက်ဆွံ့အသွားပါတယ်။ နောက်တော့မှ ကျွန်တော်တို့ထဲက အသက်ကြီးကြီးတယောက်က တောင်းပန်ပြီး ယူလာတဲ့ထောက်ခံစာကို ထုတ်ပြလိုက်ပါတယ်။
ခင်ဗျားတို့က ဒီလိုထောက်ခံစာပါရင် အစထဲကပြရောပေါ့။ အလုပ်ကိုရှုပ်တယ်လို့ဆူငေါက်ပြီး ကျွန်တော်တို့အစစ်ဆေးလွတ်ခဲ့ပါတယ်။
ဒီတကြိမ်မှာတော့ ကျွန်တော်တို့ယူလာတဲ့ ထောက်ခံစာအသက်ဝင်နေတယ်ဆိုတာကိုသိရပြီး တဖွဲ့လုံး အသက်ရဲရဲရူရဲကြတာပါပဲ။
ကားပေါ်ကကျန်တဲ့ခရီးသည်တွေ ဆက်အစစ်ဆေးခံရပါတယ်။ အဓိက ၅/တွေ (စစ်ကိုင်းတိုင်း မှတ်ပုံတင်တွေ )ကို အခုထိဖုန်းရော၊ လူရော အတင်းအကြပ်စစ်ဆေးနေတုန်းပါပဲ။
နောက်ဆုံး ကျွန်တော်တို့ကားက ကင်းလွတ်ခွင့်ရပြီး ရန်ကုန်ရွှေမြို့တော်ကြီးထဲကို ညနေ ၅ နာရီကျော်မှာ မောင်းဝင်နိုင်ခဲ့ပါပြီ။ အပေါ်က လူငယ်ဆိုတဲ့ ဗိုလ်ကြီးကတော့ အဲဒီဂိတ်မှာ ပဲဆင်းနေခဲ့ပါတယ်။
အဲဒီတော့မှ ကျွန်တော်လည်း စစ်တပ်ရဲ့လုပ်ပုံကိုင်ပုံကို သိသူတွေဆီက ဖြစ်စဥ်အမှန်ကို သိခွင့်ရပါတော့တယ်။ စစ်တပ်က အရာရှိလူငယ်တွေကို ကားတစီးတိုင်းမှာ တယောက်အမြဲထည့်ပြီး ခရီးသည်အသွင်ယူ စုံစမ်းနေတယ်ဆိုတာပါပဲ။ ခရီးသည်အယောင်ဆောင်ပြီး လမ်းတလျှောက်စုံစမ်းရင်း သူတို့ မသင်္ကာသူဆိုရင် စစ်ဆေးရေးဂိတ်ရောက်တဲ့အခါ ဖမ်းဆီးနေတာပါ။ တော်လှန်ရေးနဲ့ ဆက်စပ်သူတွေ၊ တော်လှန်ရေး ဘက်တော်သားတွေကို ဖမ်းဆီးနိုင်ဖို့ ရည်ရွယ်သလို၊ ပြည်သူတွေကို အကြောက်တရားပိုသွင်းချင်တာလည်း ပါလိမ့်မယ်လို့ ထင်မိပါတယ်။
“တခါတလေများ ကောင်မလေးငယ်ငယ်ချောချောလေးတွေလိုက်တာဗျ” လို့ စစ်တပ်နဲ့နီးစပ်သူတစ်ယောက်က ပြောပါတယ်။
ငယ်ငယ်ချောချောလေးတွေမို့ အာတော့မချောင်မိစေနဲ့။ အထူးစုံစမ်းစစ်ဆေးရေးဌာန(စစစ)က ဗိုလ်ကြီးမမတွေ ထည့်လေ့ရှိတယ်လို့လည်း သူကဆက်ပြောပါတယ်။
ဒီလိုခရီးသွားလာရင်း ဖမ်းဆီးခံရတဲ့သူတွေရှိတယ်လို့လည်း သူက ခပ်တိုးတိုးလေးပြောပါတယ်။
“အိမ်တွေမီးရှို့ခံရတဲ့ အန်တီကြီးတွေ ပါးစပ်က နည်းနည်းကျွံသွားရင် ဂိတ်မှာဆွဲချခံရတာပဲ။ ဂိတ်မှ ာငါ…နှမ စုံအောင်ဆဲတာ။ အဓိက က လူငယ်တွေပစ်မှတ်ပဲ” လို့သူက ဆက်ပြောပြပါတယ်။
ရန်ကုန်၊ မန္တလေးက ခရီးသည်တင်ယာဥ်တွေဆိုက်ပြီး အနားယူချိန်ဆို ယာဥ်မောင်းအချင်းချင်း နှုတ်ဆက်တဲ့စကားက “ဒီနေ့ပါသေးလား”ဆိုတဲ့ စကားတောင် ဖြစ်နေပြီလို့ စုံစမ်းသိရပါတယ်။
ဘုရားပေါင်းစုံတရင်း ကံကိုကျေးဇူးတင်ကာ ကျွန်တော်လည်း ရန်ကုန်မြို့ကို ခြေချနိုင်ခဲ့ပါပြီ။ ။
