မေ/People’s Spring
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို – မြစ်ကြီးနားကားလမ်း(ရှောင်ကွင်းလမ်း)မှာ ခရီးသည်တင်ကားကို သင်္ဃန်းဝတ် ဝါသဝ၏ ပျူစောထီးစစ်ကြောင်းက ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့လို့ ခရီးသည်နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၅ရက် ညနေ၅နာရီခွဲခန့်မှာ ရွှေဘို – မြစ်ကြီးနားကားလမ်း၊ စံပယ်နံ့သာရှောင်ကွင်းလမ်းမှာ သွားလာနေတဲ့ နန်းမြင့်ခရီးသည် တင်ကားကို ဒရုန်းနဲ့ဗုံးချခဲ့တာလို့ သိရပါတယ်။
“ဒဏ်ရာရကတော့များပြားတယ်ဗျ။ခရီးသည် နှစ်ယောက်သေ၊ နှစ်ယောက်စိုးရိမ်ရတယ်။နောက်ဆက်တွဲအခြေအနေ စုံစမ်းနေဆဲပါ”လို့ ကောလင်းမြို့နယ်အရှေ့ခြမ်းက တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement
ဒရုန်းနဲ့ဗုံးချခဲ့စစ်တပ်ဟာ ကန့်ဘလူမြို့က ဝါသဝဦးစီးပြီး ရေမနေကျေးရွာကိုအထိုင်ချထားတဲ့ ပျူစောထီးစစ်ကြောင်းဖြစ်တယ်လို့ ဆိုပါတယ်။
ကန့်ဘလူမြို့နယ်မှာ ပျူစောထီးတပ်တွေဟာ ဒရုန်းအသုံးပြုမှုများလာတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၁၈ရက်ကလည်း တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် တော်လှန်ရေးတပ်တွေရှိတဲ့နေရာကို ကန့်ဘလူက ပျူစောထီးနဲ့စစ်သားပူးပေါင်းတပ်က ဒရုန်းနဲ့ဗုံးချခဲ့လို့ တော်လှန်ရေးရဲဘော် ခုနစ်ဦး ကျဆုံးခဲ့ပါသေးတယ်။
