ဟန်နွေ၊ကျော်ဇော/People’s Spring
ရခိုင်ပြည်နယ်၊ အမ်းမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၁၇ဦးအား ထပ်မံဖမ်းဆီးရရှိခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-အရှိုမှ သတင်းပြန်ကြားရေးတာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။
၂၀၂၄ ဒီဇင်ဘာ ၂၀ရက်တွင် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အမ်းမှ မကွေးတိုင်းအတွင်းသို့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများအား ချင်းဒေသကာကွယ်ရေးတပ်(CDF)-အရှို(Asho)က အကြိမ်ကြိမ်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
CDFအရှို သည် အမ်း – ပဒါန်းလမ်းပိုင်းရှိ စစ်ကောင်စီတပ်များ ဆုတ်ခွာရာလမ်းနှင့် စစ်ကြောင်းများအား ပိတ်ဆို့တားဆီးတိုက်ခိုက် နေရာ ဇန်နဝါရီ ၁၇ရက်မှ ၂၅ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

Public Service Announcement

” ၁၇ယောက်လုံး ပြိုင်တူဖမ်းမိတာတော့မဟုတ်ဘူး။ ကျနော်တို့နဲ့အပြန်အလှန် တိုက်ပွဲဖြစ်တာမျိုးလည်းမဟုတ်ပါဘူး။ ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာရှိတဲ့ သူတို့ရဲ့ စစ်စခန်းတွေကနေ ကျနော်တို့ဆီကို ပြေးလာတာဖြစ်ပါတယ်။ မကွေးတိုင်းဘက်ကို ပြေးတဲ့အချိန်မှာ ကျနော်တို့က လမ်းကြောင်းကနေပြီးတော့ ပိတ်ဆို့တားဆီးပြီး ဖမ်းဆီးတာမျိုးဖြစ်ပါတယ်”ဟု CDF အရှို သတင်းပြန်ကြားရေးတာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။
စစ်ကောင်စီတပ်သားများက ပြန်လည်ခုခံခြင်းမရှိဘဲ အသာတကြည်လက်နက်ချ အဖမ်းခံခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
“လက်နက်ချ အညံ့ခံတယ်လို့ ပြောလို့တော့ရတယ်။ ဒါပေမဲ့ အင်အားမမျှတာလည်း ပါမှာပေါ့နော်။ သူတို့က တစ်ယောက်စ နှစ်ယောက်စလာတာလည်းရှိတယ်။ လေးငါးယောက်စုပြီး လာတာလည်းရှိတယ်။ အဲဒီအခါမှာ တ ချို့အသာတကြည်မဟုတ်ပေမယ့် လက်နက် ချတာမျိုးလည်းရှိတယ်။ တချို့လည်း နယ် ကျွံလာပြီးတော့ ပိတ်ဆို့တိုက်ခိုက်တော့ အညံ့ ခံတာမျိုးလည်း ရှိပါတယ်”ဟု CDF-Asho မှ ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။
ယခုဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းများနှင့် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများမှာ တိုက်ပွဲဖြစ်ပွားခြင်းမျိုးမဟုတ်ဘဲ ရခိုင် ပြည်နယ် အမ်းဘက်မှနေ၍ လက်နက်မဲ့ဖြစ်စေ၊ လက်နက်နှင့်ဖြစ်စေ ထွက်ပြေးလာသူများကို အမ်း-ပဒါန်းလမ်းပိုင်း၌ နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဥ် ဖမ်းဆီးနိုင်ခဲ့ခြင်းဟု CDF အရှိုမှ ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။
၂၀၂၄ ဒီဇင်ဘာမှ လက်ရှိအချိန်ထိ တစ်လခန့် အတွင်း ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၁၀၀ကျော် ရှိကြောင်း လည်း ၎င်းက ပြောသည်။
” လက်နက်ကကျတော့ ပါတဲ့သူလည်းရှိတယ် တချို့တွေကျတော့လည်း လက်နက်မပါတဲ့သူပုံစံမျိုးစုံရှိပါတယ်။ လက်နက်ကျတော့ သူတို့ လွှင့်ပစ်ခဲ့လို့ သွားပြီးတောတွင်းထဲသွားရှာတာမျိုး၊ သွားပြီး နယ်မြေရှင်းလင်းရတာမျိုး ဒီလိုမျိုးလည်းရှိပါတယ်”ဟု ဆလိုင်းရိုးချင်းက ပြောသည်။
CDFအရှို ထုတ်ပြန်ချက်များအရ စစ်သုံ့ပန်းများထံမှ လက်နက်အလက် ၆၀ကျော်နှင့် ကျည်ခဲယမ်းများစွာ သိမ်းဆည်းရရှိထားသည်ကို တွေ့ရသည်။
မကွေးတိုင်းနှင့် နယ်မြေချင်းထိစပ်နေသော ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော် AA က စစ်ကောင်စီတပ်အခြေစိုက်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိရာ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် စသည့်မြို့နယ်သုံးခုမှအပ ကျန်မြို့နယ်များကို သိမ်းပိုက်ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။
အလားတူ AA နှင့် မဟာမိတ်တပ်ဖွဲ့များသည် ရခိုင်-မကွေးနယ်စပ် အမ်း-ပဒါန်းလမ်းပိုင်း၊ ရခိုင်-ပဲခူးနယ်စပ် ပုသိမ်-မုံရွာလမ်းပိုင်းနှင့် ရခိုင်-ဧရာဝတီနယ်စပ်ရှိ ဒေသအချို့မှ စစ်ကောင်စီတပ်ခံစစ်စခန်းများကို ထိုးဖောက်တိုက်ခိုက်လျှက်ရှိသည်။
