ကဖေး/People’s Spring
ဂွမြို့နယ် နှင့်ထိစပ်နေသော ရွှေသောင်ယံမြို့နယ်အတွင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူများအနက် ရာထူးအကြီးပိုင်းမှပါနိုင်ပြီး လုံခြုံရေးယာဉ်တန်း ၁၅စီး ဝန်းရံထားသည့် စစ်တပ်သုံးလူနာတင်ကားဖြင့် ယနေ့ (ဇန်နဝါရီ ၁၂ရက်နေ့ ) လာရောက်သယ်ဆောင်သွားသည်။
ဇန်နဝါရီ ၁၂ ရက် မွန်းလွဲ ၂နာရီခန့်တွင်ကား ၁၆ စီးအနည်းဆုံးပါသည့် စစ်တပ် ယာဥ်တန်းသည် ချောင်းသာ- ရွှေသောင်ယံ -မကျီးဇင်ကမ်းခြေပတ်လမ်းအတိုင်း မောင်းနှင်လာပြီး တိုက်ပွဲအတွင်းဒဏ်ရာရသူများကို လာရောက်ခေါ်ဆောင်သွားကြောင်း ဒေသခံအချို့ကပြောသည်။
“ယာဉ်တန်းနဲ့လာတာ။ အလယ်မှာ အထူးပြင်ဆင်ထားတဲ့ လူနာတင်ကားပါတယ်။ ကားက မကျီးဇင်အထိပဲ မောင်းလို့ရတော့တယ်။ ရှေ့ကို တိုးလို့မရဘူး။ တစ်နာရီလောက်အတွင်း ပြန်လှည့်လာပြီး လူနာတွေခေါ်သွားတာ။ အကောင်ကြီးကြီးထဲက ထိတယ်လို့ ကြားတယ်” ဟု ချောင်းသာဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
တိုက်ပွဲသည် ဂွမြို့နယ် နှင့် ရွှေ သောင်ယံမြို့နယ်အစပ်အနီးရှိ ကုလားချောင်း၊ ကျောက်ချွန်၊ ပေါက်တူးကွင်းအပြင် မကျီးဇင်ကျေးရွာအနီး၌ ဇန်နဝါရီ ၁၁ ရက်နေ့အထိ့ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။ ဇန်နဝါရီ ၁၂ ရက်နံနက်ပိုင်း ပစ်ခတ်သံများငြိမ်သက်နေခဲ့ပြီး ညပိုင်းတွင်းမူ လက်နက်ကြီးပစ်ခတ်သံများကြားနေရကြောင်းဒေသခံအချို့ကပြောသည်။
ထို့အပြင် ညနေ ၅နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်၅၀ခန့်သည် ရွှေသောင်ယံ-မကျီးဇင်လမ်းအတိုင်း ခြေလျင်ထွက်ခွာသွားသည်။
ဇန်နဝါရီ ၁၀ရက်က အင်အား ၁၀၀ ထက်မနည်းပါဝင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေသောင်ယံမြို့နယ် နှင့် ဂွမြို့နယ်အစပ်ရှိ တိုက်ပွဲဖြစ်ရာနေရာသို့ စစ်သဘ်ောဖြင့်ထွက်ခွာသွားပြီး ယင်းသင်္ဘောသည် ပြန်လည်ဝင်ရောက်လာခြင်းမရှိသေးပေ။
ဇန်နဝါရီ ၁၂ ရက်ည ကြားရသော လက်နက်ကြီးသံများသည် ရွှေသောင်ယံနှင့် သာပေါင်းနယ်စပ်ဘက်မှ ဖြစ်ပြီး အသေးစိတ်အခြေအနေကို မသိရသေးပေ။
AAဦးဆောင်သည့် ပူးပေါင်းတပ်များနှင့် စစ်တပ်သည် ရွှေသောင်ယံမြို့နှင့် မိုင် ၂၀ခန့်သာ ဝေးသည့် မကျီးဇင်ရွာ၌ ဇန်နဝါရီလ ၇ရက်မှ စ၍ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး မကျီးဇင်ရွာနယ်မြေရဲစခန်းကို AAက သိမ်းယူခဲ့သည်။ ဇန်နဝါရီ ၁၁ရက်ညနေမှစ၍ ပစ်ခတ်သံများငြိမ်သက်သွားသည်။ မကျီးဇင်ရွာကို စစ်ကောင်စီကပြန်လည်ထိန်းချုပ်လိုက်ကြောင်း စစ်ကောင်စီဝါဒဖြန့်ချိရေးတယ်လီဂရန်ချန်နယ်များက ရေးသားနေကြသည်။
သို့သော်တိုက်ပွဲငြိမ်သက်သွားခြင်းသာဖြစ်ပြီး စစ်ကောင်စီကထိန်းချုပ်လိုက်ခြင်းမဟုတ်ကြောင်း ဒေသခံချို့ကပြောသည်။
ယခင်ရက်ကတိုက်ပွဲများတွင် စစ်ကောင်စီက ရေတပ်မှရော လေကြောင်းမှပါ ပစ်ခတ်တိုက်ခိုက်ခဲ့၍ အရပ်သားအချို့သေဆုံးခဲ့သည်ဟု ဒေသခံများကပြောသည်။
စစ်ကောင်စီက ရွှေသောင်ယံတွင် ကြည်းရေလေ အင်အားဖြည့်တင်းပြီးခံစစ်ပြင်နေသည်။ မြို့ခံများသည် အခြားနေရာများသို့ စတင် တိမ်းရှောင်နေကြသည်။
ဧရာဝတီတိုင်းနှင့်ထိစပ်နေသော ဂွမြို့နယ်ကို AAက သိမ်းယူပြီးနောက် စစ်ကောင်စီက ဧရာဝတီတိုင်းသို့ AA ထိုစစ်ဆင်လာမည်စိုး၍ ရွှေသောင်ယံအပြင် သာပေါင်း၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်၊ ပုသိမ်၊ဟင်္သာတမြို့မြို့နယ်တို့ဘက်တွင် အင်အားတိုးချဲ့ပြီး ခံစစ်ပြင်နေသည်။
