ဟန်နွေ/People’s Spring
တအာင်းအမျိုးသားတော်လှန်ရေးနေ့အခမ်းအနားသို့ တအာင်းတပ်မတော်(TNLA)အတူ လက်တွဲပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)-မန္တလေး နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော်(DPLF/DPLA)တို့က သဝဏ်လွှာပေးပို့ခဲ့သည်။
ယနေ့ (ဇန်န၀ါရီ ၁၂ရက်) ကျရောက်သည့် (၆၂)နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့သို့ မန္တလေး PDFနှင့် ဓနုတပ် DPLA တို့က သီးခြားစီ သဝဏ်လွှာများ ပေးပို့ခဲ့ခြင်းဖြစ်သည်။
“ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် တအာင်းဒေသတွင် မွေးဖွားအရွယ်ရောက်ခဲ့ရသည့် တော် လှန်ရေးတပ်ဖွဲ့တစ်ခု ဖြစ်သည့်အားလျော်စွာ တအာင်းအမျိုးသားတို့၏ ကျေးဇူးပေါင်းမြောက်များစွာ ကျွန်ုပ်တို့ထံတွင် ရှိနေပြီး အစဉ်အောက်မေ့ ဂုဏ်ယူနေမည်ဖြစ်ပါသည်” ဟု မန္တလေး PDF၏ သဝဏ်လွှာတွင် ရေးသားထားသည်။

Public Service Announcement
ထို့အပြင် တအာင်းအမျိုးသားများနှင့် လက်တွဲ၍ တစ်နိုင်ငံလုံး စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ဟန်ချက်ညီညီ စစ်ဆင်ရေးများဖော်ဆောင်သွားရန် အသင့်ရှိပါကြောင်း မန္တလေး PDFက အသိပေးသည်။
ယခုရရှိထားသော တအာင်းပြည်သူလူထု၏ နိုင်ငံရေး၊ စစ်ရေးအောင်မြင်မှုများ နောင်နှစ်ပေါင်းများစွာတိုင် တည်တံ့အဓွန့်ရှည်ပါစေဟုလည်း ဆုတောင်းပေးထားသည်။
ထို့အပြင် DPLAက သဝဏ်လွှာ ပေးပို့ရာတွင်လည်း (၆၂)နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)နှင့် တအာင်းလူထုတို့၏ ကြိုးစား အားထုတ်မှုတို့ကြောင့် PSLF/TNLA၏ နိုင်ငံရေး၊စစ်ရေးရည်မှန်းချက်များ အတိုင်းအတာ တစ်ခုထိ ပြီးမြောက်၍ တအာင်းပြည်အတွင်း စစ်ကောင်စီယန္တရား ကင်းစင်ခဲ့သည်ကို ဝမ်းမြောက်ဝမ်းသာ မျက်ဝါးထင်ထင် မြင်တွေ့ရဟု ဖော်ပြသည်။
တော်လှန်ရေးအတွင်း အသက်၊ခန္ဓာနှင့် သွေး၊ချွေးတို့ကို လှူဒါန်း သူများကိုလည်း လေးစားဦးညွတ် ဂုဏ်ပြုကြောင်း သဝဏ်လွှာ၌ ပါရှိပြီး တအာင်းတိုင်းရင်းသားများနှင့် နိုင်ငံတဝန်းလုံးရှိ တိုင်းရင်းသားများအားလုံး အဖိနှိပ်ခံဘ၀မှ လွတ်မြောက်ပြီး အနာဂါတ် ဖက်ဒရယ်ပြည်ထောင်စုကို အတူတကွ လက်တွဲအကောင်အထည်ဖော် ဆောင်နိုင်ပါစေဟု DPLAက ဆုတောင်းပေးထားသည်။
DPLF/DPLAသည်လည်း ၂၀၂၂ ဩဂုတ်တွင် တအာင်းဒေသ၌ စုဖွဲ့ခဲ့သည့် တပ်ဖြစ်ပြီး TNLAနှင့်အတူ စစ်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
“လက်နက်ခဲယမ်းအကူအညီတွေလည်း ကျနော်တို့ကို ထောက်ပံ့ကူညီခဲ့တာရှိတယ်” ဟု DPLA ပြောရေးဆိုခွင့်ရှိသူ ကိုအမောင်က TNLAထံမှ အကူအညီရရှိခဲ့ကို ပြောပြသည်။
ထို့ပြင် ၁၀၂၇ စစ်ဆင်ရေးတွင် TNLAနှင့်အတူ ပူးပေါင်းပြီး သီပေါ၊ ကျောက်မဲ နှင့် နောင်ချို၌ စစ်ရေး ဖော်ဆောင်မှုများ ပြုလုပ်ခဲ့ဟု DPLAက အသိပေးသည်။
“လက်ရှိအချိန်မှာဆိုရင် တောင်ခမ်းဒေသမှာလည်း TNLAနဲ့ ပူးပေါင်းပြီး ကာကွယ်နေတာတွေရှိပါတယ်”ဟု ကိုအမောင်က ပြောသည်။
DPLAသည် ရှမ်းတောင် ရက်စောက်မြို့နယ် ကျောက်ဂူဒေသတွင်လည်း စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။
တအာင်းဒေသခံ ပြည်သူလူထုတို့၏ တော်လှန်ရေး အောင်သီးအောင်ပွင့်ကို ရေရှည် ထိန်းသိမ်းထားနိုင်ရန် အတွက် မြန်မာပြည်တဝှမ်းလုံးရှိ တော်လှန်ရေးအင်အားစုများနှင့်ဟန်ချက်ညီ လက်တွဲပူးပေါင်းကာ စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမည်ဖြစ်ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့(ဇန်နဝါရီ ၁၂ရက်)တွင် ကျရောက်သည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ ကြေညာချက် တွင် ဖော်ပြခဲ့သည်။
TNLA၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ ဖြစ်သည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF) သည် တအာင်းနိုင်ငံရေး အတိုင်ပင်ခံ ကော်မတီ(TPCC) ဦးဆောင်ရေးဆွဲထားသည့် နိုင်ငံရေးလမ်းပြမြေပုံအတိုင်း တော်လှန်ရေး အင်အားစု၊ နိုင်ငံရေးပါတီ နှင့် အရပ်ဖက်အဖွဲ့အစည်းများကို အခြေခံပြီး တော်လှန်ရေးကာလ အစိုးရ အစီအမံအား အတည်ပြုကာ ပြည်သူ့ အစိုးရတရပ်အမြန်ဆုံး ပေါ်ပေါက်လာရန် ကြိုးပမ်းမည်ဟုလည်း အသိပေးသည်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ၊ နွေဦးတော်လှန်ရေး တပ်ဖွဲ့များနှင့် တိုင်းပြည်အနှံ့အပြားရှိ ပြည်သူများအားလုံး၏ စုပေါင်းတော်လှန်မှုကြောင့် ဘုံရန်သူ စစ်အုပ်စုသည် တိုက်ပွဲများတွင် အရှုံးနှင့်ဆက်တိုက်ရင်ဆိုင်နေရကြောင်း၊ အကြီးအကျယ် စစ်ရှုံးနေသည့် စစ်ကောင်စီ သည် ဆေးရုံ၊ ကျောင်း၊ ဘာသာရေး အဆောက်အအုံ စျေး၊ လူနေအိမ် အစရှိသည့် အရပ်သား ပြည်သူများ နေထိုင်ရာကို ဦးတည်ပြီး လေယာဉ်ဗုံးကြဲခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ဆက်တိုက်ပြုလုပ်ပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိကြောင်းလည်း ကြေညာခဲ့သည်။
