close
Connect with us

Hi, what are you looking for?

သတင်း

သမိုင်းတွင်​အောင် စစ်ကောင်စီ ရှုံး​နေချိန် တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးလွှင့်တင်ကာ အောင်ပွဲရယူရန် အချိန်ခါကောင်းဖြစ်ဟု TNLA ထုတ်ပြန်

လူထုအစိုးရ အမြန်ဆုံးပေါ်ပေါက်လာဖို့လည်း ဆောင်ရွက်သွားမယ်ဟုဆို

TNLA ​ခေါင်း​ဆောင်များ။ဓါတ်ပုံ-TNLA

အီယိုရီ/People’s Spring

အာဏာသိမ်းစစ်ကောင်စီက သမိုင်းတွင်သော ကျဆုံးမှုများ ကြုံတွေ့နေရချိန်မှာ တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးလွှင့်တင်ကာ တော်လှန်ရေးအောင်ပွဲရယူဖို့ အချိန်ခါကောင်းဖြစ်တယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

၅ရက်ကြာကျင်းပပြီးစီးခဲ့တဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF ရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦး တော်လှန်ရေးအင်အားစုများအားလုံး စုပေါင်းရုန်းကန်ပြီး တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးလွှင့်တင်ကာ တော်လှန်ရေး အောင်ပွဲရယူရန် အချိန်ခါကောင်းဖြစ်တယ်လို့ ရှုမြင့်သုံးသပ်ကြောင်း ဆိုပါတယ်။

TNLA ထုတ်ပြန်ချက်

ဖိအားအမျိုးမျိုးကြားမှ ရုန်းကန်နိုးထကြရတဲ့ တော်လှန်ရေးအင်အားစုအသီးသီးဟာ နိုင်ငံတဝှမ်း နယ်မြေ ဒေသအသီးသီးမှာ ဘုံရန်သူကို ထိုးစစ်ဆင်တော်လှန်နေကြတာကြောင့် အာဏာသိမ်းစစ်ကောင်စီဟာ သမိုင်းတွင်သော ကျဆုံးမှုများနှင့် ဆက်တိုက်ကြုံတွေ့နေရတယ်လို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

PSLF ရဲ့ နှစ်ပတ်လည်အစည်းအဝေးကို တအာင်းပြည်ရှိ ယာယီဌာနချုပ်မှာ ဇန်နဝါရီ ၃ ရက်မှ ၇ ရက်အထိ ငါးရက်တိုင် ကျင်းပပြုလုပ်ခဲ့ရာ ဗဟိုကော်မတီဝင်များ၊ အရံဗဟိုကော်မတီများ၊ လုပ်ငန်းဌာနမှူးများ၊ တပ်မှူးများ၊ ခရိုင်မှူးများနဲ့ ဖိတ်ကြားထားတဲ့ အရာရှိအရာခံများ စုစုပေါင်း ၁၇၃ ဦးတို့ တက်ရောက်ခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီ နှစ်ပတ်လည်အစည်းအဝေးကြီးမှာ မြန်မာစစ်အာဏာရှင်စနစ်ဆိုးအား ချေမှုန်းတိုက်ခိုက်နေတဲ့ တော်လှန်ရေး အခြေအနေများကို ဆွေးနွေးသုံးသပ်ခဲ့သလို အဖွဲ့အစည်းရဲ့ တနှစ်တာလုပ်ငန်းများပြန်လည်သုံးသပ်ခြင်းနဲ့ ပြင်ဆင် အားဖြည့်ခြင်းများ ပြုလုပ်ခဲ့ကြတယ်လို့ အသိပေးပါတယ်။

၁၀၂၇ စစ်ဆင်​ရေးတွင် ညီ​နောင်မဟာမိတ် သုံးဖွဲ့အပါအဝင်​တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ခဲ့တဲ့မြို့​များ။ ဓါတ်ပုံ-TNLA

ဒါ့အပြင် လက်ရှိ တပ်မဟာ ၇ခုနဲ့ဖွဲ့စည်းထားတဲ့ တအာင်းတပ်မတော်ကို တပ်မဟာ ၉ခုအထိ တိုးချဲ့ပြင်ဆင်ခြင်းနှင့်အတူ တအာင်းပြည်ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေဖို့အတွက် မြို့၁၈မြို့ပါဝင်တဲ့ ခရိုင် ၅ခုကိုလည်း ပြင်ဆင်စုဖွဲ့ သဘောတူခဲ့ကြပါတယ်။

PSLF ဟာ ၁၀၂၇စစ်ဆင်ရေးမှာ ထိန်းသိမ်းရရှိထားတဲ့ မြို့ ၁၂မြို့ အပါအဝင် တအာင်းတပ်မတော်အခြေစိုက်ထားတဲ့ နယ်မြေဒေသများကို လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ တာဝန်ခံမှုရှိစွာ ဦးဆောင်စီမံအုပ်ချုပ်သွားမယ်လို့ ကတိပြုပါတယ်။ တဆက်တည်းမှာ ဒေသခံမိဘပြည်သူများ ပါဝင်နိုင်မယ့် လူထုအစိုးရ အမြန်ဆုံးပေါ်ပေါက်လာဖို့လည်း ဆောင်ရွက်သွားမယ်လို့ အသိပေးပါတယ်။

TNLA ​တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-TNLA

အရှိန်ပြင်းတဲ့ တော်လှန်ရေးကာလအတွင်း အသက်ခန္ဓာများ၊ နေအိမ်အဆောက်အုံများ၊ လုပ်ငန်းများ စွန့်လွှတ်ပေးဆပ် ပျက်ဆီးခဲ့ကြရတဲ့ မိဘပြည်သူများ၊ တအာင်းတပ်မတော် တပ်ဖွဲ့ဝင်များအားလုံးရဲ့ ဘဝပြန်လည်ရှင်သန် ထူထောင်ရေးနဲ့ လုံခြုံအေးချမ်းတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ဖို့အတွက် တအာင်းပြည်တွင်းရှိ လူမျိုးပေါင်းစုံ မိဘပြည်သူများနှင့်အတူ လက်တွဲတည်ဆောက်သွားမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိုးကုတ်မြို့အား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်နှင့်ဘုန်းကြီးကျောင်းပျက်စီးမှုများ ရှိခဲ့သည်ဟု တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

သတင်း

မူးယစ်ဆေးဝါးရောင်းဝယ်သူများကိုမူ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။

သတင်း

TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိုပလန်ကလည်း ယခု သင်တန်းဆင်းပွဲသို့ သဝဏ်လွှာပေးပို့ခဲ့ရာ ၁၀၂၇ စစ်ဆင်ရေးအတွင်း အသက်ပေးလှူဒါန်းသွားသည့် အလုပ်သင်ဗိုလ် ကျောင်းသား (၁၂)ဦးအား အလေးပြုကြောင်းဖော်ပြကာ သင်တန်းသားသစ်များကို ကြိုဆိုခဲ့သည်။

သတင်း

PSLF/TNLA သတင်းပြန်ကြားရေးဌာနက နိုဝင်ဘာထုတ် စာစောင်၏အယ်ဒီတာ့အာဘော်တွင် ယခုကဲ့သို့ ထည့်သွင်းဖော်ပြ အသိပေးခဲ့ခြင်းဖြစ်သည်။