close
Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများနှင့် လက်တွဲပူးပေါင်းပြီး စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်မည်ဟု TNLA ကြေညာ

TNLA ကြုံနေသည့် အခက်အခဲများ ဝိုင်းဝန်းဖြေရှင်းရန် အမြဲအသင့်ရှိဟု MNDAAနှင့် AA အသိပေး

တအာင်းတပ်မတော်(TNLA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

ဟန်နွေ/People’s Spring

တအာင်းဒေသခံ ပြည်သူလူထုတို့၏ တော်လှန်ရေး အောင်သီးအောင်ပွင့်ကို ရေရှည် ထိန်းသိမ်းထားနိုင်ရန် အတွက် မြန်မာပြည်တဝှမ်းလုံးရှိ တော်လှန်ရေးအင်အားစုများနှင့်ဟန်ချက်ညီ လက်တွဲပူးပေါင်းကာ စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမည်ဖြစ်ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့(ဇန်နဝါရီ ၁၂ရက်)တွင် ကျရောက်သည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ ကြေညာချက် တွင် ဖော်ပြခဲ့သည်။

TNLA၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ ဖြစ်သည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF) သည် တအာင်းနိုင်ငံရေး အတိုင်ပင်ခံ ကော်မတီ(TPCC) ဦးဆောင်ရေးဆွဲထားသည့် နိုင်ငံရေးလမ်းပြမြေပုံအတိုင်း တော်လှန်ရေး အင်အားစု၊ နိုင်ငံရေးပါတီ နှင့် အရပ်ဖက်အဖွဲ့အစည်းများကို အခြေခံပြီး တော်လှန်ရေးကာလ အစိုးရ အစီအမံအား အတည်ပြုကာ ပြည်သူ့ အစိုးရတရပ်အမြန်ဆုံး ပေါ်ပေါက်လာရန် ကြိုးပမ်းမည်ဟုလည်း အသိပေးသည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ၊ နွေဦးတော်လှန်ရေး တပ်ဖွဲ့များနှင့် တိုင်းပြည်အနှံ့အပြားရှိ ပြည်သူများအားလုံး၏ စုပေါင်းတော်လှန်မှုကြောင့် ဘုံရန်သူ စစ်အုပ်စုသည် တိုက်ပွဲများတွင် အရှုံးနှင့်ဆက်တိုက်ရင်ဆိုင်နေရကြောင်း၊ အကြီးအကျယ် စစ်ရှုံးနေသည့် စစ်ကောင်စီ သည် ဆေးရုံ၊ ကျောင်း၊ ဘာသာရေး အဆောက်အအုံ စျေး၊ လူနေအိမ် အစရှိသည့် အရပ်သား ပြည်သူများ နေထိုင်ရာကို ဦးတည်ပြီး လေယာဉ်ဗုံးကြဲခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ဆက်တိုက်ပြုလုပ်ပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိကြောင်းလည်း ကြေညာခဲ့သည်။

Public Service Announcement

Public Service Announcement

TNLAသည် ဇန်နဝါရီ ၁၀ရက် ထုတ်ပြန်ခဲ့သည့် TNLA၏ နှစ်ပတ်လည်အစည်းအဝေး ကြေညာချက်တွင်လည်း တော်လှန်ရေးအင်အားစုအသီးသီး၏ ထိုးစစ်ကြောင့် စစ်ကောင်စီသည် သမိုင်းတွင် ကျဆုံးမှုများ နှင့် ဆက်တိုက်ကြုံနေရာ တော်လှန်ရေးအင်အားစုများအားလုံး စုပေါင်းရုန်းကန်ပြီး တော်လှန်ရေး အရှိန်မြှင့်ကာ တော်လှန်ရေး အောင်ပွဲယူရန် အချိန်အခါကောင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ယနေ့ ဇန်နဝါရီ ၁၂ရက်တွင် ကျရောက်သည့်(၆၂)နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့သို့ TNLA၏ ညီနောင် မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသည့် ကိုးကန့် တပ်မတော် MNTJP/MNDAA နှင့် အာရက္ခတပ်တော်(AA)တို့က ပူးတွဲ၍ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ရာ

TNLA ရရှိထားသည့် အောင်ပွဲနှင့်အတူပါရှိလာသော အခက်အခဲ၊ အတားအဆီးများကိုလည်း ကောင်းတူဆိုးဖက် စိတ်ဓာတ်၊ညီနောင်မဟာမိတ်စိတ်ဓာတ်အပြည့်ဖြင့် ဝိုင်းဝန်းအတူဖြေရှင်းရန် အမြဲတမ်း အသင့်ရှိနေကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် ဇန်နဝါရီ ၁၀ရက်ကထုတ်ပြန်ခဲ့သည့် TNLA၏ နှစ်ပတ်လည် အစည်းအဝေး ထုတ်ပြန်ချက်နှင့် ယနေ့ ဇန်န၀ရီ ၁၂ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်ချက် များအပေါ် အပြုသဘောဖြင့်ရှုမြင်ကြောင်း MNDAAနှင့် AAတို့၏ သဝဏ်လွှာ၌ ဖော်ပြကာ ဆက်လက် မျှော်မှန်းထားသော ရည်မှန်းချက်များ အမြန်ဆုံးပေါ်ထွန်းလာနိုင်ရန်ကိုလည်း ဆုတောင်းပေးသည်ဟု ရေးသားထားသည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/ TNLA)သည် တအာင်းပြည်သူတစ်ရပ်လုံး၊ ညီနောင်မဟာမိတ်နှစ်ဖွဲ့နှင့်အတူ လက်တွဲပြီး အဖွဲ့အစည်း၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက် များကို တစိုက်မတ်မတ် မရပ်မနားနောက်မဆုတ်ဘဲ ကြိုးစားလာခဲ့ကြောင်း၊ ယခုအချိန်တွင် တအာင်းအမျိုးသားထုတစ်ရပ်လုံးနှင့် (PSLF/TNLA) အဖွဲ့အစည်း၏ စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များမှာ ပြီးပြည့်စုံသည်အထိ အထမြောက်နိုင်ခဲ့ပြီဟု ပြော၍မရသော်လည်း အတိုင်းအတာ တစ်ခုအထိ အထမြောက်နိုင်ခဲ့ပြီဟု ပြော၍ရကြောင်း ဖော်ပြသည်။

ညီနောင်မဟာမိတ် (၃)ဖွဲ့သည် ဘုံရန်သူအား တော်လှန်တိုက်ထုတ်ကြရာတွင် တစ် ဖွဲ့၏ လိုအပ်ချက်ကို တစ်ဖွဲ့က မဟာမိတ်စိတ်ဓာတ်အပြည့်ဖြင့် ကူညီပံ့ပိုးပေး ခဲ့ကြသည့်နည်းတူ ဟန်ချက်ညီတိုက်ပွဲများအတွက် ခက်ခက်ခဲခဲ၊ ဆင်းရဲပင်ပန်းကြီးစွာ ရဲဘော်ရဲဘက်စိတ်ဓာတ် အပြည့်ဖြင့် နှစ်ကာလများစွာ အတူတကွ လက်တွဲတိုက်ပွဲဝင်နိုင်ခဲ့သောကြောင့် ယခုကဲ့သို့ အောင်မြင်မှုအသီးအပွင့် အချို့ကို ရရှိခဲ့ကြခြင်းသာဖြစ်သည်ဟုလည်း သဝဏ်လွှာပေးပို့သည်။

တော်လှန်ရေးကာလအတွင်း အသက်၊ ခန္ဓာ၊ ဘဝ၊ သွေး၊ ချွေး မြောက်မြားစွာ ပေးဆပ်ခဲ့ကြသော ပေးဆပ်သူတိုင်းအတွက် လေးနက်စွာ တန်ဖိုးထား ဦးညွှတ်ဂုဏ်ပြုကြောင်း ဖော်ပြသည်။

စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များ အလုံးစုံအထမြောက် နိုင်သည်အထိ၊ တအာင်းဒေသ ယခုထက် အေးချမ်းသာယာ၊ စည်ပင်၊ ဖွံ့ဖြိုးတိုးတက်သည်အထိ ဆက်လက် ကြိုးပမ်း အားထုတ်ကြရန်လည်း MNDAAနှင့် AAတို့က တိုက်တွန်းထားသည်။

TNLA၊ MNDAAနှင့် AA တို့သည် မဟာမိတ်များနှင့် ပူးပေါင်းပြီး ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ အောက်တိုဘာ ၂၇ရက်တွင် စတင်ဖော်ဆောင်ခဲ့ရာ စစ်ဆင်ရေး တစ်နှစ်ကျော်အတွင်း ကိုးကန့်၊ တအာင်း၊ ရက္ခိုင့်ဒေသ ရှိ စစ်ကောင်စီ တပ်စခန်းအားလုံးနီးပါးနှင့် မြို့အားလုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီး ကျန်ရှိ စစ်ကောင်စီတပ်စခန်းနှင့်မြို့များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။ ထိုသို့ သိမ်းပိုက်နိုင်မှုများအနက် MNDAAက စစ်ကောင်စီ၏ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)၊ AAက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) တို့ကို သိမ်းပိုက်ထားနိုင်သည်အထိ အောင်မြင်မှုရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဆီယံနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံတကာကုမ္ပဏီများအ‌နေဖြင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအတွက် လေယာဉ်ဆီနှင့် ဆက်စပ်ပစ္စည်းများပံ့ပိုးပေးနေသည့်ကိစ္စရပ်များ ရပ်တန့်ပေးရန် သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ (Blood Money Campaign - BMC)က ဇန်နဝါရီ ၁၀ရက်တွင် တောင်းဆိုသည်။

သတင်း

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ရွှေမှော်နှစ်ခုကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၂၀ခန့် သေဆုံးခဲ့သော စစ်ကောင်စီကျူးလွန်သည့် စစ်ရာဇဝတ်မှုများအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးမှ အမြန်ဆုံးထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေး(KHRW)က ယနေ့(ဇန်နဝါရီ ၁၂ရက်)တွင် ထုတ်ပြန်သည်။

သတင်း

စစ်အာဏာရှင်ချုပ်ငြိမ်းရေ၊ ဖက်ဒရယ်တည်ဆောက်ရေးပူးပေါင်းဆောင်ရွန်ရန် ဖော်ပြ

သတင်း

ကနဦးသတင်းများအရ ပြည်သူ ၁၀ဦးထက်မနည်းသေဆုံး၊ ဒဏ်ရာရသူ များပြား