ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စေတီပုထိုးများရှိရာ မင်းကွန်းဒေသရှိ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။
ဇူလိုင် ၂၃ ရက် နံနက်က မင်းကွန်းဒေသတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့အချို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။

Public Service Announcement

ထို့နောက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က မင်းကွန်းရွာနှင့် ရှားစောင်းကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၃၀ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
“မင်းကွန်းရွာက ၄လုံးလောက် အရှို့ခံရတယ်။ ရွာသစ်ပိုင်းလည်း အရှို့ခံရတယ်။ အိမ်ခြေ မသိရသေးဘူး။ ရှားရှောင်းရွာကတော့ အိမ်ခြေ ၂၈လုံးလောက်လို့ သိရတယ်။”ဟု Wetlet ingormational Network အဖွဲ့က ပြောသည်။
ထို့အပြင် မြသိန်းတန်ဘုရားအနီးရှိ ဆိုင်ခန်းအချို့လည်း မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူအချို့လည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

တိုက်ပွဲဖြစ်စဥ်နှင့်ပတ်သက်ပြီး ဒေသကာကွယ်ရေးအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
မင်းကွန်းဒေသသည် စစ်ကိုင်းမြို့၏မြောက်ဘက် (၁၃)မိုင်ခန့်အကွာတွင် တည်ရှိပြီး မင်းကွန်းပုထိုးတော်ကြီး၊ ခေါင်းလောင်းကြီး၊ မြသိန်းတန်စေတီ အစရှိသည့် သမိုင်းဝင်ရှေးဟောင်းစေတီပုထိုးများစွာရှိသည့် ဒေသတစ်ခုဖြစ်သည်။
(မင်းကွန်းဒေသရှိ မီးလောင်ပျက်စီးသွားသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – Wetlet ingormational Network)
