သုည/People’s Spring
ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ကိုအောင်သူရဇော်၊ကိုလှမျိုးအောင်တို့ လေးဦး ကြိုးပေးကွပ်မျက်ခံရမှု (၂)နှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းမှတ်အဖြစ် စစ်ကိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ယနေ့ (ဇူလိုင် ၂၃) မှာ အသီးသီး ဆန္ဒပြခဲ့ပါတယ်။


စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင် သူရဇော် တို့အပါအဝင် နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသည့် ကျောင်းသား ပြည်သူရဲဘော်အပေါင်းအား အောက်မေ့ဝမ်းနည်းအထိမ်းအမှတ် ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement
ဝက်လက်မြို့နယ်မှာလည်း လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီနဲ့ ဒေသခံပြည်သူလူထုတို့ ပူးပေါင်းကာ “အာဏာရှင်စနစ်အဆုံးသတ်ဖို့ ပြည်သူအားလုံးပါဝင်စို့” ဘန်နာစာသား ကိုင်စွဲပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မှာလည်း ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်တို့ကို စစ်အကြမ်းဖက်အုပ်စုက ကြိုးပေးသတ်ဖြတ်ခဲ့တာ (၂)နှစ်ပြည့်အနေနဲ့ “တရားတဲ့သူသာနိုင်ကြေးဟေ့”စာသားကိုင်စွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ဆန္ဒပြခဲ့ပါတယ်။


အရာတော်မြို့နယ်မှာလည်း လူထုသပိတ်ဦးဆောင်ကော်မတီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(အရတပကဖ)တွေ ပူးပေါင်းပြီး စစ်ကောင်စီအထိုင်စခန်းနဲ့ နီးစပ်တဲ့ အရာတော်-ရွှေဘို လမ်းပိုင်းတစ်နေရာမှာ “တရားတဲ့သူသာနိုင်ကြေးဟေ့” ဘန်နာစာတန်းနဲ့ ဆန္ဒပြခဲ့ပါတယ်။
ဒါ့အပြင် “ငါတို့အားလုံးကိုဂျင်မီ၊ ငါတို့အားလုံးဖြိုးဇေယျာသော်၊ ငါတို့အားလုံးအောင်သူရဇော်၊ ငါတို့အားလုံးလှမျိုးအောင်” စတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်သပိတ်မှောက်ခဲ့ပါတယ်။
ကလေးမြို့နယ်မှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီက ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ မတရားကြိုးပေးသတ်ဖြတ်ခံရခြင်း (၂)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။
