မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူသော မြို့အဖြစ် သမိုင်းမှတ်တမ်းတင်
ဇေအောင် ၊ ယောနသံ /People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် စဉ်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ စခန်းများအားလုံးနှင့်စဉ့်ကူးမြို့ကို ၂၀၂၄ ခုနှစ် ဇူလိုင်(၁၇)ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်းထုတ်ပြန်လိုက်သည်။
စဉ့်ကူးမြို့နယ်သည် စစ်ကောင်စီ ကင်းစင်သော မြို့နယ်တစ်ခုဖြစ်လာပြီး စဉ့်ကူးမြို့သည်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူသော မြို့အဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်ကြောင်း.မန္တလေး PDF က ယနေ့ (ဇူလိုင် ၂၀ )ထုတ်ပြန်ချက်၌ဖော်ပြသည်။

Public Service Announcement
စဉ့်ကူးစစ်ဆင်ရေးများတွင် စစ်သုံ့ပန်း အများအပြား ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိခဲ့သည်။



စစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ဘက်မှ ထိုက်သင့်သော ပေးဆပ်မှုအချို့ရှိခဲ့ပြီး အသက်ပေးလှူသွားခဲ့သော ရဲဘော်များအား ဦးညွှတ် အလေးပြု မှတ်တမ်းတင်အပ်ပါသည်ဟုဖော်ပြသည်။
စဉ့်ကူးစစ်ဆင်ရေးများတွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်ခဲ့သောကြောင့် မြို့နေဧရိယာများ ၊ အရပ်သားပြည်သူနေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်ဟုပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)စစ်ဦးစီးအဖွဲ့ ကအသိပေးထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် စဉ့်ကူးမြို့မသိမ်းမီက ယင်းနယ်အတွင်းရှိရွှေပြည် ရဲစခန်း ၊ လက်ပန်လှ ရဲစခန်း ၊ ကျည်တောက်ပေါက် တပ်စခန်း ၊ ကန်တောင် တပ်စခန်း နှင့် ပင်လယ်ကြီး တပ်စခန်းများအပါအဝင် တပ်စခန်းပများအပြားကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ သည်။



စဉ့်ကူးစစ်ဆင်ရေးများအတွင်း စစ်အုပ်စုဝင်များ ထိခိုက်သေဆုံးများပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်။စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်မှ သပိတ်ကျင်းမြို့နယ် ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် (OTC-19) အပါအဝင် (၁၅)ဦး အရှင်ဖမ်းဆီးရမိခဲ့သည် ။ လက်နက်ချ အလင်းဝင်သော ပသစ(ပျူစောထီး)တပ်ဖွဲ့များလည်း ရှိခဲ့သည်။
စဉ့်ကူးမြို့နယ် ပင်လယ်ကြီးတပ်စခန်းမှ ထွက်ပြေးသော စစ်ကောင်စီတပ်သားများကို လိုက်လံချေမှုန်းရာ ဗိုလ်ကြီး(၁)ဦး အပါအဝင် သုံ့ပန်း (၄)ဦးခန့် ထပ်မံဖမ်းဆီးရမိခဲ့သည်။ ထို့အပြင် ရန်သူ့အလောင်း(၂)လောင်းနှင့် လက်နက်ခဲယမ်းများလည်း ထပ်မံသိမ်းဆည်းရမိခဲ့သည်။


ထို့အပြင် စဉ့်ကူးစစ်ဆင်ရေးများတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ချပေးခဲ့သော လက်နက်ခဲယမ်းအထုပ်များအပါအဝင် အခြားသောလက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့သည်။
စဉ့်ကူးစစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အား စဉ့်ကူးမြို့နယ် ပကဖမှ ထောက်ပို့ဆိုင်ရာလုပ်ငန်းများကို ပံ့ပိုးကူညီပေးခဲ့ကြောင်းအသိပေးထား သည်။
