စစ်ကောင်စီ၏ မြန်မာဘောလုံးအသင်းသည် ယနေ့(ဇွန်လ ၁၆) ညနေပိုင်းတွင် နိုင်ငံတကာခြေစမ်းပွဲအဖြစ် တရုတ်အသင်းနှင့်ယှဥ်ပြိုင်ရာ လေးဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်ရှုံးနိမ့်ပြီး ရှုံးပွဲများ ဆက်နေခဲ့သည်။
မြန်မာအသင်းတွင် ပြည်ပကလပ်များ၌ သွားရောက်ကစားနေသည့် မောင်မောင်လွင်၊ သန်းပိုင်၊ ကျော်မင်းဦး၊ ဟိန်းဖြိုးဝင်း အစရှိသည့် ကစားသမားများ အစုံအလင်ပါဝင်ခဲ့သော်လည်း အဓိကတိုက်စစ်မှူးအောင်သူ ဒဏ်ရာကြောင့် ပါဝင်လာခြင်း မရှိခဲ့ပေ။
ယင်းပွဲတွင် မြန်မာအသင်းသည် အိမ်ရှင်တရုတ် အသင်းကို ယှဥ်ကစားနိုင်ခြင်းမရှိဘဲ ပထမပိုင်းတွင် နှစ်ဂိုး၊ ဒုတိယပိုင်း နှစ်ဂိုး ခွင့်ပြုခဲ့ရကာ ပွဲအပြီး၌ လေးဂိုးပြတ်ဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
“အရင်ထဲက အဆင့်မမှီတဲ့ မြန်မာအသင်း စစ်ကောင်စီလက်ထက်မှာ ဘောမပြီး သွားကန်ကြတော့ ဒီလောက် ရှုံးတာတောင် နည်းသေးတယ်။ စစ်တပ်လက်အောက်မှာ နိုင်ငံက အဖက်ဖက်က ဆိုးဝါးနေမှတော့ အားကစားလဲ ပိုဆိုးလာတာ မဆန်းပါဘူး”ဟု မြန်မာပရိသတ်တစ်ဦးကလည်း မှတ်ချက်ပြုခဲ့သည်။
စစ်ကောင်စီ၏ လက်ရွေးစင်ဘောလုံးအသင်းသည် အာဏာသိမ်းခံရပြီးနောက်ပိုင်း ၂၀၂၁ မေလမှ ယနေ့အထိ နိုင်ငံတကာ ပြိုင်ပွဲနှင့် ခြေစမ်းပွဲ ၂၁ ပွဲ ယှဉ်ပြိုင်ရာ ၁၇ ပွဲအထိ ရှုံးနိမ့်ထားပြီး ၁ ပွဲသာ အနိုင်ရကာ ၃ ပွဲသရေ ရလဒ်ထွက်ထားသည်။
ထို့အပြင် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ယှဉ်ပြိုင်သည့်ပွဲစဉ်တွင် ဂျပန်အသင်းကို (၁၀ ဂိုး- ဂိုးမရှိ)၊ ကာဂျစ်စ္စတန်အသင်းကို (၈ ဂိုး- ၁ဂိုး) တို့ဖြင့် အရှက်တကွဲ ရှုံးနိမ့်ထားသည်။
ဘောလုံးပွဲများကို နှစ်ခြိုက်စွာအားပေးတက်ကြသောမြန်မာပြည်သူအများစုကလည်း စစ်ကောင်စီလက်အောက်တွင် ယှဥ်ပြိုင်နေသော ဘောလုံးအသင်း ရှုံးပွဲကြုံလျှင် ဝမ်းသာကျေနပ်နေကြသည်။
