KIAသိမ်းယူခဲ့သည့် စစ်ကောင်စီစခန်း ၁၈ခု အနက် ၇ခုမှာ စခန်းစွန့်ထွက်ပြေးခြင်းဖြစ်
ဟန်နွေ/People’s Spring
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးဒေသ၌ ဇွန်လ ၁၁ရက်က ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ ပေးတိုက်ခိုက်ခြင်းမပြုသည်မှာ အတိုက်ခိုက်ခံရသည့် တပ်စခန်းအများစုသည် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်နှင့်နယ်ခြားစောင့် တပ်(BGF)တပ်စခန်းများ ဖြစ်သောကြောင့် ဖြစ်နိုင်သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
KIAနှင့် ပူးပေါင်းတပ်များသည် ဇွန်လ ၁၁ရက် တစ်ရက်တာထိုးစစ်အတွင်း စစ်ကောင်စီတပ် စခန်း၊ ပြည်သူ့စစ်စခန်းနှင့် BGFစခန်းများ စုစုပေါင်း တပ်စခန်း ၁၈ခုသိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေး တိုက်ခိုက်မှုမရှိသည်မှာ ထူးဆန်းကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

ယင်းသို့ လေကြောင်းပစ်ကူမလာခြင်းမှာ ထူးခြားမှု တစ်ရပ်ဖြစ်သည်ဟုလည်း ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
” ပြည်သူ့စစ်နဲ့ BGF တွေဆိုတော့ အရေး မယူ(အလေးမထား)ဘူးနေမယ်။ ဆဒုံးဗျူဟာမှာပဲ စကစ တပ်တွေများတာ”ဟု စစ်ရေးသတင်းရင်းမြစ်က စစ်ကောင်စီဘက်က လေကြောင်း ပစ်ကူမပေးလာသည့် အခြေအနေပေါ် သုံးသပ်သည်။
ယမန်နေ့က KIAနှင့် ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့သည့် တပ်စခန်း ၁၈ခုရှိရာ ၁၁ခုကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ၇ခုမှာ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ထွက်ပြေးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

ဇွန်လ ၁၁ရက်တွင် KIAနှင့် ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သော စခန်းများမှာ ၊ ၁၃-မိုင်စုပေါင်းဂိတ်စခန်း ၊ဘွမ်တောင် စခန်း၊ ဆဒုံးဗျူဟာတပ်စခန်း၊ လဖိုင် BGF စခန်း၊ လုမြန် ပြည်သူ့စစ်စခန်း၊ ဆဒုံးမြို့အဝင်ဂိတ်စခန်း၊ ဆဒုံးမြို့ ရဲစခန်း၊ ဆဒုံးမြို့ထွေအုပ်ရုံး၊ဆဒုံးစုပေါင်းဂိတ်စခန်း၊လီဆူ ပြည်သူ့စစ် စခန်း၊ နာ့ရိုစခန်းကုန်းတို့ ဖြစ်သည်။
စခန်းစွန့် ထွက်ပြေးသွားသည့် စစ်ကောင်စီလက်အောက်ခံတပ်များမှာ (၁၉)မိုင် ပြည်သူ့စစ်စခန်း၊ အင်ဝမ့်ဟန် စခန်း၊ဆဒုံးရေတံခွန်ဂိတ်စခန်း၊လုဂျီ BGF စခန်း၊ ဝူရော်ဘွမ်တပ်စခန်း၊ဂေါ့နန် ပြည်သူ့စစ်စခန်း၊ တရုတ်ပြည်သူ့စစ်စခန်းတို့ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် ဆဒုံးမြို့တစ်ခုလုံး နှင့် ဝိုင်းမော် – ကန်ပိုက်တီ လမ်းတလျောက် စစ်ကောင်စီတပ်များ ကင်းစင်သွားပြီဖြစ်ပြီး မြန်မာ-တရုတ်နယ်စပ် ကန်ပိုက်တီ မြို့သာ ကျန်တော့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ယမန်နေ့ စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အရှင်ဖမ်းဆီးရရှိခဲ့ပြီး လက်နက်ခဲယမ်းများလည်း ရရှိခဲ့ကြောင်း အသိပေးထားသည်။
ဇွန် ၁၁ ရက်တွင် သိမ်းပိုက်ခဲ့သောစခန်းများမှာ
(၁)၁၃-မိုင်စုပေါင်းဂိတ်စခန်း (တိုက်ခိုက်သိမ်းပိုက်)
(၂) ၁၉-မိုင် ပသစ စခန်း(ထွက်ပြေး)
(၃)ဘွမ်တောင် ကသစ စခန်း(တိုက်ခိုက်သိမ်းပိုက်)
(၄) အင်ဝမ့်ဟန် ကသစ စခန်း(ထွက်ပြေး)
(၅)ဆဒုံးရေတံခွန်ဂိတ်စခန်း (ထွက်ပြေး)
(၆)ဆဒုံးဗျူဟာတပ်စခန်း(တိုက်ခိုက်သိမ်းပိုက်)
(၇) လုဂျီ BGF စခန်း(ထွက်ပြေး)
(၈)ဝူရော်ဘွမ်တပ်စခန်း(ထွက်ပြေး)
(၉)ဂေါ့နန် ပသစ စခန်း(ထွက်ပြေး)
(၁၀)လဖိုင် BGF စခန်း(တိုက်ခိုက်သိမ်းပိုက်)
(၁၁)လုမြန် ပသစ စခန်း(တိုက်ခိုက်သိမ်းပိုက်)
(၁၂)ဆဒုံးမြို့အဝင်ဂိတ်စခန့း(တိုက်ခိုက်သိမ်းပိုက်)
(၁၃)ဆဒုံးမြို့ ရဲစခန်း(တိုက်ခိုက်သိမ်းပိုက်)
(၁၄)ဆဒုံးမြို့ထွေအုပ်ရုဲး(တိုက်ခိုက်သိမ်းပိုက်)
(၁၅)ဆဒုံးစုပေါင်းဂိတ်စခန်း(တိုက်ခိုက်သိမ်းပိုက်)
(၁၆)လီဆူ ပသစ စခန်း(တိုက်ခိုက်သိမ်းပိုက်)
(၁၇)တရုတ် ပသစ စခန်း(ထွက်ပြေး)
(၁၈)နာ့ရိုစခန်းကုန်း(တိုက်ခိုက်သိမ်းပိုက်)တို့ဖြစ်သည်။
