စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့် သေဆုံးကာ ၅ဦး အရှင်ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့
ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အနီး ကာကင်းစခန်းအား စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ခန့် သေဆုံးကာ ၅ဦး အရှင်ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း ULF စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုဂျော်ဒန်က ပြောသည်။
ယမန်နေ့ (ဇွန်လ ၁၁ ရက်) ညနေ ၅ နာရီခန့်က မုံရွာမြို့၊အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ မြောက်ဘက် တစ်မိုင်ခန့်အကွာ ဘုတလင်မြို့နယ်၊ ထီးတော်တင်ရွာရှိ အင်အား ၃၅ ခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီစခန်းကို ULF(စစ်ကြောင်း)နှင့်မဟာမိတ်တပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။
တိုက်ပွဲကြာချိန် နာရီဝက်ခန့်အတွင်း ယင်းစခန်းကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ခန့် သေဆုံးကာ ငါးဦးအရှင်ဖမ်းဆီးရမိခဲ့ကြောင်း ULF စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုဂျော်ဒန်က ပြောသည်။

Public Service Announcement
“နမခ ကာကင်းပေါ့။ မျက်မြင် ၂၀ လောက်ကျတယ်။ စခန်းတစ်ခုလုံး ရလိုက်တယ်။ နမခကလည်း တပ်ကူလာတော့လာတယ်။ ရှေ့မတိုးရဲဘူး။ ပြန်ဆုတ်သွားတယ်။ ဒီစခန်းကိုတိုက်ဖို့ အချိန်ယူခဲ့ရတယ်။ ရဲဘော်တွေကို သင်တန်းပေးခဲ့ရတယ်။ သေချာအစီအစဥ်တကျတိုက်ခိုက်ခဲ့တာ။ အဲဒါကြောင့် ကျွန်တော်တို့ဘက်မှာ အထိအခိုက်အကျအဆုံး မရှိပါဘူး။ Plan ကောင်းခဲ့တယ်ပဲပြောရမှာပါ။”ဟု ကိုဂျော်ဒန်က ပြောသည်။
ထို့အပြင် ထိုစခန်းမှ MA (1) ၆လက်၊ MA (3) ၂လက်၊ MA (2) ၁လက်၊BA (၁၀၀)စိန်ပြောင်း ၁လက်၊ ၆၀မမ ဗုံးသီး ၅လုံး၊ ၅.၅၆ကျည် 1330တောင့်၊ ၇၉မမ ဗုံးသီး ၂လုံး၊ ကျည်ဘောက် ၂၅ဘောက် တို့ သိမ်းဆည်းနိုင်ခဲ့သည်။
အဆိုပါ စစ်ဆင်ရေးကို ULF စစ်ကြောင်းမှ စစ်ကြောင်းမှူးကိုယ်တိုင် ဦးစီးကွပ်ကဲ၍ ယင်းမာပင်မြို့နယ် တိုက်နယ်(၁၊၉၊၁၀)ပကဖများမှ ချိုမိုင်မိုင်၊ နဂါးညီနောင်အထူးတပ်ဖွဲ့၊ ချင်းတွင်းတိုက်ဂါး၊ B2 Fighter၊ CTLPDF၊ ထန်းတပင်၊ K2၊ ဒေါင်းလုလင်၊ သေမင်းတမန်၊ ဗျတ္တညီနောင်၊ ဗိုလ်ထွန်းတောက်၊ ဗိုလ်မုတ်ဆိတ်၊ SAF(ကျောင်းသားလက်ရုံးတပ်တော်)၊ ယင်းမာပင်ခရိုင် ဗျုဟာအမှတ် ၄၅ KLG PDF၊ 21(ယင်းမာပင်ခရိုင်တပ်ရင်း ၁၇)၊ PDA (ယင်းမာပင်ခရိုင်တပ်ရင်း ၃၅)၊ AS Generation (မုံရွာခရိုင်တပ်ရင်း ၁၃)၊ ချင်းတွင်း Brother(Local)၊ ကနီမြို့နယ် တိုက်နယ် (၅) ပကဖ၊ ဘုတလင် Mobile Team၊ မုံရွာခရိုင်တပ်ရင်း ၁၄၊ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စခန်းသိမ်းတိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက ထီးတော်တင်ရွာအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
