ဒီနဲ/People’s Spring
သင်္ကြန်တွင်း အခါတွင်းဖြစ်၊ အပူဒဏ်လည်း ပြင်းထန်နေပေမယ့် အသက်(၂၅)နှစ်အရွယ် တံငါသည်ကိုဂွတိုတစ်ယောက် အလုပ်မနားနိုင်ပါဘူး။ ဘာလို့ဆို သူ့အိမ်ကထမင်းအိုးကြီးက နည်းတာမှမဟုတ်တာ။ သူ့ရဲ့မိခင်နဲ့ဖခင်အိုရယ်၊ သူ့ရဲ့အမျိုးသမီးနဲ့ သုံးနှစ်အရွယ် သားငယ်လေးရယ် သူအပါအဝင် ငါးယောက်ရှိတဲ့ မိသားစုထမင်းအိုးကြီးအတွက် တံငါသည် ကိုဂွတိုဟာ အခါတွင်းမှာ မနားရဘဲမြစ်ထဲဆင်းရပါတယ်။
ကိုဂွတိုက စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကူးတို့ကုန်းကျေးရွာကပါ။ ကိုဂွတိုဟာ ချင်းတွင်းမြစ်ဘေးနေတဲ့သူပေမယ့် တံငါအလုပ် မလုပ်ခဲ့ဖူးပါဘူး။ တံငါသည်လုပ်သက် ၈ လဝန်းကျင်သာရှိသေးတယ်။ အရင်က သူဟာ မုံရွာစက်မှုဇုန်က အလုပ်သမားတစ်ဦးပါ။ မနှစ်က မုံရွာမြို့ပေါ်ကိုအလုပ်အသွား ဆိုင်ကယ်နှစ်ယောက်ပိုးစီးလို့ဆိုပြီး စစ်ကောင်စီတပ်တွေက ကိုဂွတိုတို့ကို ဖမ်းဆီးလိုက်ပါတယ်။ ကိုဂွတိုရဲ့ဆရာက စောင့်ရှောက်မှုကြောင့် သိပ်မကြာခင် ပြန်လွတ်ခဲ့ပေမယ့် ကိုဂွတိုတစ်ယောက် မုံရွာမြို့ပေါ်ကို အလုပ်ပြန်သွားမလုပ်ရဲတော့ဘူး။
“အဲကတည်းကနေ မုံရွာကို မသွားရဲတော့တာ။”လို့ ကိုဂွတိုရဲ့ဒေါ်လေးဖြစ်သူက ပြောပြတယ်။

Public Service Announcement
မုံရွာကိုလည်း မသွားရဲတော့ ကိုဂွတိုတစ်ယောက် ဘာလုပ်စားရမှန်းမသိဘူး။ စစ်ဖြစ်နေတဲ့သူတို့ဒေသမှာ ရွေးချယ်စရာအလုပ်မရှိပါဘူး။ နောက်ဆုံးတော့ ချင်းတွင်းမြစ်ထဲဆင်းပြီး တံငါအလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်ရတော့တယ်။စလုပ်ခါစကတော့ ကိုဂွတို ငါးကို မယ်မယ်ရရ မရရှာဘူး။
“သုံးလေးလလောက်အထိ ငါးကမရဘူး။ အခုကျမှနည်းနည်းလေးရလာတာ။ ငါးကလည်းနေ့တိုင်းမရဘူး။”လို့ကိုဂွတိုမိသားစုဝင်တယောက်က ပြောပြတယ်။
ငါးလေးရလာပြီး မိသားစု ထမင်းလေးနပ်မှန်ရုံရှိသေး၊ ကိုဂွတိုတို့မိသားစု နွေခေါင်ခေါင်မိုးကြိုးပစ်သလို ကြုံရတော့တယ်။
သင်္ကြန်အတက်နေ့မနက် ဆယ်နာရီခွဲလောက်မှာ ကိုဂွတို မြစ်ဆိပ်ဆင်းတယ်။ အဲဒီအချိန် ချင်းတွင်းမြစ် အရှေ့ဘက်ကမ်း မုံရွာဘက်ခြမ်းကနေ လက်နက်ကြီးတွေ တအုန်းအုန်းထုတော့တယ်။ တိုက်ပွဲလည်းမရှိဘဲနဲ့ပစ်တာ။ အဲဒီအချိန်ကိုဂွတိုက စက်လှေကြိုးဖြုတ်နေတုန်း လက်နက်ကြီးတစ်လုံး လာတာကိုမသိလိုက်ဘူး။ အုန်းဆို ပထမတစ်လုံးက စက်လှေနောက်မြီးကျတယ်။ နံဘေးကရေချိုးနေသူတွေလည်း တန်းပြေးကုန်ကြတယ်။
ကိုဂွတိုလည်း ကမ်းပေါ်တက်ပြေးချိန် နောက်ထပ်တလုံးထပ်ကျလာတယ်။ ကိုဂွတိုရှေ့ကိုပြေးလာတဲ့အချိန်လက်နက်ကြီးစထိပြီး ဝမ်းလျားထိုးမှောက်ကျသွားတော့တယ်။
မြစ်ဆိပ်က တအုန်းအုန်းအသံတွေကြောင့် ကူးတို့ကုန်းရွာထဲ လှုပ်လှုပ်ရွရွဖြစ်သွားတယ်။ အရင်ကလည်း ကိုဂွတို့ ကူးတို့ကုန်းရွာဟာ မုံရွာဘက်က စစ်ကောင်စီတပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေ မကြာမကြာကျဖူးတယ်။ အပင်ကြီးနည်းတာကြောင့် လက်နက်ကြီးတွေကျတိုင်း အတော်အန္တရာယ်များတယ်။ အိမ်တွေပေါ်လည်း တဖွားဖွားကျတယ်လို့ ဒေသခံတွေက ပြောတယ်။
ရွာထဲကို အုန်းအုန်းကျွက်ကျွက်နဲ့လူတွေဝင်လာတော့ ကိုဂွတိုတို့မိသားစုလည်း ဘာဖြစ်တာလဲထွက်ကြည့်ကြတယ်။ အဲဒီမှာရွာသားတွေထမ်းလာတဲ့သူက ကိုဂွတိုဖြစ်နေတာပဲ။ ကိုဂွတိုအမျိုးသမီးလည်း လန့်ဖြန့်သွားတယ်။ သွေးတွေသံတွေနဲ့ အသက်မဲ့နေတဲ့ ကိုဂွတိုရုပ်အလောင်းကို စုတ်ပြဲနေတဲ့မိုးကာလေးခင်းပြီး အိမ်ဝင်းထိပ်တင် ချလိုက်ကြတယ်။
ကိုဂွတိုရဲ့ ညာဘက်ပါးရိုးအောက်ဘေးကနေ လက်နက်ကြီးစထိမှန်ပြီး အသားစတွေ ပဲ့ထွက်သွားခဲ့တယ်။ ကိုဂွတိုရဲ့ရုပ်အလောင်းကိုကြည့်ပြီး မိသားစုဝင်တွေ ဖြေမဆည်နိုင်ဘူး။ သူ့သားလေးကတော့ သွေးသံရဲရဲနဲ့အိပ်နေတဲ့ သူ့အဖေနားမကပ်ရဲလို့ လူတွေကိုကွယ်ပြီး ကြည့်နေတယ်။
ကိုဂွတိုအဒေါ်ကတော့ ဂွတိုသားလေးကိုကြည့်ရင်း မျက်ရည်ကျခဲ့တယ်။
“သူပဲတမိသားစုလုံး လုပ်ကျွေးနေတာ။ အဖေအမေကော သူတို့သုံးယောက်ကော ငါးယောက်စားအိုးပေါ့ဆရာရယ်။ အလုပ်ကလည်း ဘာအလုပ်မှမရှိဘူး။အားလုံးငုတ်တုပ်။ သူရေထဲကရလာတဲ့ငါးလေး ရောင်းစားလိုက်ပေါ့ဆရာရယ်။ နှစ်ရက်ခြားတခါ သုံးရက်ခြားတခါပေါ့။”လို့ ကိုဂွတိုရဲ့ အဒေါ်က ပြောပြတယ်။
အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘဲ လူနေကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ မကြာခဏ လုပ်လေ့ရှိတယ်။
မတ်လ(၂၃)ရက်ကနေ ဧပြီလ တတိယပတ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးနဲ့အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်မကွေးတိုင်းကရေစကြို၊ မန္တလေးတိုင်းက မြင်းခြံ၊မတ္တရာ၊ စဥ့်ကူးနဲ့သပိတ်ကျင်းမြို့နယ်တွေမှာ ကလေးငယ်တွေအပါအဝင် ပြည်သူ(၁၈)ဦးထက်မနည်း သေဆုံးပြီး (၁၃) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ချင်းတွင်းမြစ်ဘေးမှာ စစ်ကောင်စီတပ်အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ပြည်သူတွေ ကျခဲ့တဲ့မျက်ရည်တွေကို မကြာခဏ မြင်တွေ့နေရတဲ့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက ကိုအောင်ခန့်ဇော်ကတော့ “ဒီလောက်ယုတ်မာနေတဲ့စစ်တပ်ကို ကျွန်တော်တို့ ပြည်သူတွေ ငုံ့မခံကြဘဲ တွန်းလှန်ကြဖို့ တိုက်တွန်းချင်တာပါ”လို့ ပြောပါတယ်။
ချင်းတွင်းမြစ်ပြင်ကနေ ဖြတ်တိုက်လာတဲ့လေပူတွေ ကိုဂွတိုတို့နာရေးအိမ်ထဲ ဝင်လာတယ်။ ကိုဂွတိုရဲ့ နာရေးကလည်း ခြောက်ခြောက်ကပ်ကပ်ပါပဲ။ တစ်ရွာလုံးလည်း အဆင်မပြေကြတော့ နာရေးကူငွေလည်း သိပ်မကူနိုင်ကြဘူး။ ကိုဂွတိုနာရေးလာတဲ့ ကူးတို့ကုန်းရွာက ရွာသူရွာသားတွေကတော့ မြစ်အရှေ့ခြမ်းကနေ လက်နက်ကြီးတွေ ဘယ်ချိန်များပစ်လေဦးမလဲ၊ ကိုဂွတိုနောက် ဘယ်တော့များလိုက်ရမလဲဆိုပြီး ရင်တထိတ်ထိတ်နဲ့ နေနေရတုန်းပါပဲ။
(လက်နက်ကြီးထိမှန်သေဆုံးခဲ့တဲ့ ကိုဂွတိုရုပ်အလောင်းဘေးက မိသားစုဝင်များ/လက်နက်ကြီးထိမှန်သေဆုံးခဲ့သူ ကိုဂွတို၏ ကျန်ရစ်ခဲ့သောဇနီးနှင့် သားငယ်အား တွေ့ရစဥ်။
။ဓာတ်ပုံ-အောင်ခန့်ဇော်(ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီ)
