မြို့ကို ထိန်းချုပ်ထားနိုင်ပြီး လက်ကျန် စစ်ကောင်စီဗျူဟာနှင့် တပ်ရင်းများရယူမည်ဟု BPLA တပ်မှူးပြော
ထားမြတ်/Poepel’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေ ဖာပွန်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်းငယ်နှင့် တပ်ရင်း နှစ်ခု သိမ်းရခဲ့ကြောင်း မြို့သိမ်းတိုက်ပွဲပါဝင် သည့် တော်ဝင်ဒေါင်းစစ်ကြောင်းက ထုတ်ပြန်သည်။
ဖာပွန်မြို့သိမ်း စစ်ဆင်ရေးတွင်ပါဝင်မည့် တပ်ဖွဲ့ဝင်များအား ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်စစ်ဒေသ၊အမှတ်(၂) စစ်ဒေသခွဲ ဒုစစ်ဒေသမှူး ရဲဘော် ဦးတင်ဦးမှ စစ်ဆင်ရေးမစတင်မီ ရဲဘော်များ စိတ်ဓါတ်ခွန်အား တက်ကြွစေရန် မိန့်ခွန်းစကား ပြောကြားခဲ့မှု ရုပ်သံဖော်ပြရာ ယခုကဲ့သို့ အသိပေးခဲ့သည်။
ဖာပွန်မြို့အတွင်းရှိ စစ်ကောင်စီ၏ စခန်းကြီး၊ စခန်းငယ် စုစုပေါင်း ၂၀ခန့် နှင့် ဖာပွန်မြို့ အခြေစိုက်တပ်ရင်း(၂)ရင်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိတွင် ဖာပွန်မြို့ကို တော်လှန်ရေးတပ်ဖွဲ့မှ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement
သို့သော် စစ်ကောင်စီ၏ ကျန်ရှိနေသည့် ဗျူဟာ ကုန်းအား ဆက်လက်ခြေမှုန်းနေဆဲဖြစ်ပြီး ရန်သူများ အထိခိုက်ကျဆုံးများလျက်ရှိကြောင်း၊ တော်ဝင်ဒေါင်း စစ်ကြောင်း ( Royal Peacock Column _p-29913) သည် စစ်ဆင်ရေး အတွင်းပါဝင်ခဲ့ပြီး တပ်ဖွဲ့ ဝင် နှစ်ဦး ကျဆုံးခဲ့ရကြောင်း အသိပေးသည်။
ဖာပွန်မြို့စစ်ဆင်ရေးကို ဧပြီမှစတင်၍ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်းများ မဟာမိတ်တပ်များ စုပေါင်း၍ စစ်ဆင်ရေးကိုဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ KNLA တပ်ရင်းများ၊ PDFတပ်ရင်းများနှင့် ပူပေါင်းတပ်ဖွဲ့များသည် စစ်ဆင်ရေး၏ ရည်မှန်းချက်များကိုအောင်မြင်စွာဖော်ဆောင်နိုင်ခဲ့ကာ မြို့ကို ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။
တိုက်ပွဲဝင် တပ်ဖွဲ့တစ်ခုဖြစ်သော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကွပ်ကဲရေးမှူး မောင်ဆောင်းခကလည်း ဖာပွန်ဒေသစစ်ရေး အခြေအနေကို ယနေ့ (မေလ ၂၃ရက်)တွင် လူမှုကွန်ရက်မှ တဆင့်အသိပေးခဲ့သည်။
” ဖာပွန်မြို့အနီးတဝိုက်မှာ ခလရ(၁၉)၊ ခမရ(၄၃၄)၊ ခမရ(၃၄၀)၊ ခမရ(၃၄၁) ၊ စစန (၆၄၂) နဲ့ စဗခ(ဖာပွန်)ရယ်ေတပ်ရင်း၊ တပ်ဖွဲ့များစွာရှိပါတယ်။ လက်ရှိမှာ ဖာပွန်မြို့ထဲက ခလရ(၁၉)နဲ့ မြို့နားက ခမရ(၄၃၄)တို့ကို သိမ်းပိုက်ထားပြီးဖြစ်လို့ ဖာပွန်မြို့ထဲမှာ စစ်ကောင်စီမရှိတော့ဘဲ တော်လှန်ရေးတပ်ဖွဲ့တွေက အပြည့်အဝထိန်းချုပ်ထားပြီလို့ ပြောရပါမယ်။ စစန(၆၄၂) ဆိုတာကလည်း စစ်လက်နက်ပစ္စည်းတပ်စု (လက်ရုံးတပ်)အဆင့်ပဲရှိတဲ့အတွက် တပ်စခန်းကနေ ဆုတ်ခွာသွားတာ ကြာပါပြီ။ လက်ကျန် ခမရ (၃၄၀၊ ၃၄၁)နဲ့ စဗခရဲ့ တချို့အစိတ်အပိုင်းတွေပဲ ဆက်သိမ်းဖို့ကျန်ပါတော့တယ်”ဟု BPLA တပ်မှူးက ပြောသည်။
KNLA ၏ စစ်ရေးဦးဆောင်မှုနှင့် အတူ PDF၊ FFD၊ BPLA စသည့် မဟာမိတ်ပူးပေါင်းတပ်များက ယခု ရက်ပိုင်းအတွင်း ဆက်တိုက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု အသိပေးသည်။
” ဖာပွန်/မူတြော်ခရိုင်ဟာ ကရင်လူထုခေါင်းဆောင်၊ KNU ဖခင်ကြီးစောဘဦးကြီး နောက်ဆုံးညီလာခံခေါ်ခဲ့တဲ့နေရာဖြစ်လို့ အားလုံးအတွက် နိုင်ငံရေးအရ တန်ဖိုးကြီးမားပါတယ်။ ဘယ်လိုခက်ခဲကြမ်းတမ်းမှုတွေရှိနေပါစေ၊ ရအောင်ယူရဖို့ပါ ရဲဘော်တို့”ဟု BPLA တပ်မှူးက ပြောသည်။
KNLA ပူးပေါင်းတပ်သည် မတ်လ ၁၉ရက်မှစ၍ ဖာပွန်မြို့ရှိ စစ်ကောင်စီတပ်များကို ပိတ်ဆို့ ကာ စခန်းသိမ်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
