ဇော်ရမ်း/People’s Spring
စစ်ကောင်စီအားတော်လှန်တိုက်ခိုက်နေသည့်ကူကီးအမျိုးသားတပ်မတော် KNA(B)ရဲဘော်တစ်ဦးအား ကသည်းသူပုန်အဖွဲတစ်ဖွဲ့က ယနေ့(မေ ၁၆) နံနက်အစောပိုင်းတွင် ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်ပြီး သေနတ်ကိုပါ ယူဆောင်ထွက်ပြေးသွားသည်။
ယင်းဖြစ်စဉ်သည် တမူးမြို့နယ်အတွင်း အိန္ဒိယနိုင်ငံနှင့် နယ်စပ်အနီး၌ ယနေ့(မေလ၁၆ရက်) နံနက် ၇နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
” စစ်ေးကို တော်လှန်နေတဲ့ ကူကီးအဖွဲ့ကို လာချောင်းပစ်တာ။ ကသည်းကလာပစ်လို့ သေရတာက တော်တော် လက်မခံနိုင်စရာပါဗျ။ ဒါက လွန်တယ်ဗျ” ဟု တမူးမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement
သေဆုံးသူမှာ အသက် ၂၄နှစ်အရွယ်ခန့် KNA(B)ရဲဘော်ဖြစ်သည်။ ၎င်း၏ နာရေးကို ယနေ့ အပြီး ပြုလုပ်ခဲ့သည်။
အိန္ဒိယအစိုးရကိုတော်လှန်ပုန်ကန်နေသည့်ကသည်းလက်နက်ကိုင်ဖွဲ့များသည် စစ်ကောင်စီ၏အကူအညီဖြင့် မြန်မာ-အိန္ဒိယနယ်စပ်နေရာအချို့၌ခိုအောင်းနေထိုင်ပြီး အဖွဲ့အချို့သည် စစ်ကောင်စီလက်အောက်ခံအဖြစ် လှုပ်ရှားနေကြခြင်းဖြစ်သည်။ မြန်မာ-အိန္ဒိယနယ်စပ်နေရာများ၌ လှုပ်ရှားနေသော ကသည်းသူပုန်အဖွဲ့များမှာ United National Liberation Front-UNLF)၊People’s Liberation Army – PLA)၊ Kangleipak Communist Party – KCP)နှင့်People’s Revolutionary Party of Kangleipak – PREPAK)၊အပါအဝင် ဆယ်ဖွဲ့ထက်မနည်းရှိနေသည်။
KNA(B)ရဲဘော်အား ချောင်းမြောင်းပစ်ခတ်သွားသည့် ကသည်းသူပုန်အဖွဲ့မှာ PLA ကသည်းသူပုန်အဖွဲ့ဖြစ်ကြောင်း ကာကွယ်ရေးရဲဘော်တဦးကပြောသည်။
“မြို့သစ်မြို့ကို သိမ်းတုန်းကထွက်ပြေးသွားတဲ့PLA ကသည်းအဖွဲ့လို့ ကျနော်တို့သိထားတယ်”ဟု တမူးမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။
မြန်မာ-အိန္ဒိယနယ်စပ်၊ တမူးခရိုင်အတွင်း၌ မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက မေလ ၁၁ရက်၌ တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီဘက်မှ ကသည်းသူပုန်အဖွဲ့ပါဝင်ခဲ့သလို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့၌ KNA(B)ကပါဝင်တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီ ခြေလျင်တပ်ရင်း(ခလရ-၂၂၈)၊ရှမ်းနီတပ်- SNA တပ်မဟာ-၈၉၁ (တပ်ရင်း-၃)၊ ကသည်းတပ်ဖွဲ့၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား (၂၅၀)ခန့်ရှိ မြို့သစ်မြို့မှစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
စခန်းမှူး ရဲအုပ် ကျော်ကျော်နိုင်၊ ဒု-ရဲအုပ် ကျော်ကျော်လွင်၊ ဒု-ရဲအုပ် မျိုးသန့်တို့ အပါအဝင် စစ်ကောင်စီဘက်မှ ၂၁ဦးအလံဖြူပြ လက်နက်ချခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသကထုတ်ပြန်ထားသည်။
