မြိတ်ခရိုင်အတွင်း တိုက်ပွဲပြင်ထန်နေ
ကျော်ဇော/People’s Spring
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ဘုတ်ပြင်းမြို့အနီးရှိ စစ်ကောင်စီတပ်၏ ၁၀၂၀ အမည်ရစစ်ဆေးရေးဂိတ်ကို KNU/KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်လျှက်ရှိရာ စစ်ကောင်စီက လေကြောင်းပစ်ကူများပါ အသုံးပြုနေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။
တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်းလမ်း (ပြည်ထောင်စုလမ်း)မိုင်တိုင် ၁၀၂၀ အနီးစခန်းချဂိတ်ဖွင့်ထားသော စစ်ကောင်စီတပ်ကို KNLA တပ်ရင်း(၁၁)နှင့် ပူးပေါင်းတပ်များက ပြီးခဲ့သည့်နှစ်ရက်(ဧပြီ ၃၀)ကတည်းက စတင်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီက ယနေ့ (မေ ၂)မွန်းလွဲပိုင်းတွင် လေကြောင်းပစ်ကူများပေးနေခြင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးသတင်းရင်းမြစ်များက ပြောသည်။
“စကစလေယာဥ်ပြန်သွားတာ သိပ်မကြာသေးဘူး။ ဒီနေ့လယ် ၂ နာရီဝန်းကျင်လောက်ဖြစ်မယ်။ ဗုံးသီး ၁၀လုံးထက်မနည်း တဆက်တည်း ပစ်ချသွားတယ်”ဟု ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
အဆိုပါ စစ်ကောင်စီ၏ ၁၀၂၀ ဂိတ်သည် ပုံမှန် အားဖြင့် အင်အား ၂၀ ကျော်ခန့်သာရှိသော်လည်း ဘုတ်ပြင်းမြို့အနီးတည်ရှိရာ တပ်ကူများအလွယ်တကူရောက်ရှိလာနိုင်ခြင်း၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင်ရှိခြင်းနှင့် စစ်ဗျူဟာအရ အရေးပါသည့်လမ်းပိုင်းတွင်တည်ရှိခြင်းကြောင့် စစ်ကောင်စီက လေကြောင်းပစ်ကူပေးကာ အပြင်းအထန် ခုခံနေကြောင်း စုံစမ်းသိရသည်။
တိုက်ပွဲအခြေအနေနှင့် မြေပြင်အခြေအနေ အသေးစိပ်ကို ယခုထက်ပို၍သိရှိနိုင်ရန် လူထုနွေဦးက ဆက်လက်စုံစမ်းဆဲ ဖြစ်သည်။
အလားတူ မြိတ်ခရိုင်အတွင် ဧပြီနောက်ဆုံပတ်မှစ၍ ယခုမေလဆန်းအထိ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား နှစ်ဘက်စစ်ရေးပြင်းထန်လျှက်ရှိပြီး စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူများ အကြိမ်ကြိမ်ပြုလုပ်လျှက်ရှိသည်။
မြိတ်ခရိုင်အတွင်းဖြစ်ပွားလျှက်ရှိသော နှစ်ဘက် တိုက်ပွဲများမှာ တနင်္သာရီမြို့နယ်နှင့် မြိတ်မြို့နယ်များတွင် ဖြစ်ပွားနေခြင်းဖြစ်ကာ ဧပြီ ၂၆ ရက်ကတည်းက ယင်းမြို့နယ်များတွင် တကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားလာနေခြင်းဖြစ်ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
“တိုက်ပွဲတွေစဖြစ်နေတာက ဧပြီ ၂၆ လောက်ကတည်းကဗျ။ နေ့စဥ်နီးပါးကို ဖြစ်နေတာ။ ကျနော်တို့ မြိတ်ခရိုင်အတွင်းက တနင်္သာရီနဲ့ ဘိတ်(မြိတ်)မြို့နယ်တွေမှာပေါ့။ အဲတုန်းကလည်း စကစဘက်က လေကြောင်းပစ်ကူ အကြိမ်ကြိမ်ပေးခဲ့တယ်”ဟု ၎င်းက ဆက်ပြောသည်။
ထိတွေ့တိုက်ပွဲများအနက် ဧပြီ ၂၈ ရက် နံနက် ၈ နာရီခွဲခန့်က တနင်္သာရီမြို့နယ်၊ သိန္ဓောဘက်ကို ဦးတည်လာသော စစ်ကောင်စီစစ်ကြောင်းကို မြန်မာအင်းတော်ရွာအနီး၌ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)နှင့် တောင်ပိုင်းညီနောင်တပ်ပေါင်းစုတို့မှ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးကာနှစ်ဦး အလင်းဝင်ခဲ့ကြောင်း တနင်္သာရီ(ပကဖ)မှ ယနေ့(မေ ၂)ထုတ်ပြန်သည်။
နောက်တစ်နေ့ ဧပြီ ၂၉ ရက်နံနက် ၅ နာရီခွဲခန့်တွင် ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ (၅၆၁)တပ်ရင်းမှ သိန္ဓောဘက်သို့ စစ်ကူသွားသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီစစ် ကြောင်းကို မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)၊ တနင်္သာရီ-ပကဖနှင့်ပူးပေါင်းအဖွဲ့များက ကျွဲထိန်းကုန်းရွာအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့၍ နံနက် ၁၁ နာရီအထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။
“အဲဒီနေ့က သကျက်ကျတို့ ကျွဲထိန်းကုန်းတို့ အဲဒီရွာတွေဘက်ကို လေယာဥ်နဲ့ (ဗုံးသီး) အလုံး ၄၀ လောက်လာချသွားတယ်ဗျ။ တစ်ရက်ထဲ အလုံး ၄၀ လောက်ချတာ”ဟု ပူး ပေါင်းစစ်ကြောင်း(၂)မှ တာဝန်ရှိသူက ပြောသည်။
အထက်ပါ တနင်္သာရီမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ သိန္ဓောကျေးရွာအနီးနှင့် ကျွဲထိန်းကုန်အပါအဝင် ကျေးရွာအချို့သို့ လေကြောင်းပစ်ခတ်မှုများလုပ်ဆောင်ခဲ့ရာ နေအိမ် ၃၀ခန့် ထိခိုက်ပျက်စီးသည့်အပြင် ပြည်သူ့အချို့ ထိခိုက်ဒဏ်ရာများရခဲ့ကြောင်း ပူးပေါင်းစစ်ကြောင်းများထံမှ သိရသည်။
အလားတူ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာရှိ စစ်ကောင်စီတပ်ဂိတ်စခန်းကိုမြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း(၂)၊ တနင်္သာရီ-ပကဖ တို့မှ ဧပြီ ၃၀ ရက် နံနက် ၅ နာရီခွဲဝန်းကျင်က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ နှစ်ဦးသေ၊ တစ်ဦးပြင်းထန်ဒဏ်ရာရပြီး တော်လှန်ရေးရဲဘော် တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တနင်္သာရီ (ပကဖ)ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“လတ်တလောမှာ စစ်ရေးက တောက် လျှောက် တင်းမာနေတယ်။ ဒေသခံ ထောင်ကျော်လည်း ဘေးလွတ်ရာပြေးနေကြရတယ်ဗျ။ တိုက်ပွဲတွေလည်း ဆက်ဖြစ်လာနိုင်သေးတယ်”ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူး ပေါင်းစစ်ကြောင်း(၂)မှ တာဝန်ရှိသူတစ်ဦးက လက်ရှိမြိတ်ခရိုင်တွင်းအခြေအနေကို ပြော သည်။
သို့ဖြစ်၍ တနင်္သာရီမြို့နယ်၊ ကျွန်းစုမြို့နယ်နှင့် မြိတ်မြို့နယ်အတွင်း ဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ဒေသခံမိဘပြည်သူများ၊ ခရီးသွားပြည်သူများအနေဖြင့် သတိရှိစွာသွားလာနေထိုင်ပေးကြပါရန် မိဘပြည်သူများ၏ လုံခြုံရေးကိုရှေးရှု၍ မေတ္တာရပ်ခံအပ်ပါသည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။
မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။
ထို့အပြင် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)တွင် မြိတ်ခရိုင်တပ် ရင်း၂၊ တပ်ခွဲ၂ နှင့် တနင်္သာရီကာကွယ်ရေးပြောက်ကျားအဖွဲ့၊ တနင်္သာရီရိုးမအဖွဲ့၊ တောဗုံးကြီးအဖွဲ့၊ တောင်ပံနီအဖွဲ့ (တနင်္သာရီမြို့နယ်ပကဖ)၊ ကျွန်းစုမြို့နယ်(ပကဖ)၊ပုလောမြို့နယ် (ပကဖ)၊ တိုင်း(ပကဖ)လုံခြုံရေးနှင့် Dragon Squad ဒရုန်းအဖွဲ့ တို့ပါဝင်သည်။
