အဂတိ လိုက်စားမှု စွပ်စွဲချက်တွေကြောင့် ယူကရိန်း အစိုးရ ဝန်ကြီးနှစ်ဦး ရာထူးကနေ နုတ်ထွက်စာ တင်သွားခဲ့ပါတယ်။
လက်ရှိ ကြုံနေတဲ့ အဂတိ စွပ်စွဲချက်တွေဟာ ယူကရိန်း အစိုးရထဲမှာတော့ ရုရှားရဲ့ ကျူးကျော်စစ်ကို စတင် ကြုံတွေ့ရချိန်နောက်ပိုင်း အကြီးမားဆုံး စိန်ခေါ်မှု တစ်ခု ဖြစ်လာတယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ပြီးတော့ ဆောင်းတွင်းကာလ နီးကပ်လာတာနဲ့အမျှ ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ရုရှားက ပစ်မှတ်ထား တိုက်ခိုက်မှုတွေ အရှိန်မြှင့်တင်လာတဲ့ အခြေအနေမှာ ဒီလို ပြဿနာမျိုး ပေါ်ပေါက်လာတာပါ။
ယူကရိန်းရဲ့ အဂတိ တိုက်ဖျက်ရေး အေဂျင်စီ (NABU)က ၁၅ လကြာ လုပ်ဆောင်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ထုတ်ပြန်ခဲ့တဲ့နောက် လူ ၅ ဦး ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရပါတယ်။ အဲဒီစစ်ဆေးမှုတွေမှာ နောက်ထပ် ၇ ဦးလောက်ဟာ နိုင်ငံရဲ့ စွမ်းအင် ကဏ္ဍနဲ့ ပတ်သက်လို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထက်မနည်းကို အလွဲသုံးစား လုပ်ခဲ့တယ်လို့လည်း စွပ်စွဲ ဖော်ပြထားပါတယ်။
အကျိုးဆက်အဖြစ် ဒီအရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ စွမ်းအင်နဲ့ တရားရေး ဝန်ကြီးတွေ ရာထူးက နုတ်ထွက်ပေးဖို့ လူထုကြားမှာ တောင်းဆိုမှုတွေ မြင့်တက်လာပါတယ်။ နောက်တော့ ယူကရိန်း အစိုးရက အဲဒီ ဝန်ကြီးတွေ အသီးသီး နုတ်ထွက်စာ တင်သွားကြောင်း အတည်ပြုခဲ့ပါတယ်။

Public Service Announcement
ရုရှားက ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေမှုတွေကြောင့် စွမ်းအင် ဖူလုံရေး ရန်ပုံငွေတွေ ပိုမိုရရှိအောင် ဥရောပ မဟာမိတ်တွေဆီကနေ ယူကရိန်း အစိုးရက အပူတပြင်း တောင်းခံနေရတဲ့ အခြေအနေမျိုးမှာ ဒီလို မျက်နှာပျက်စရာ ဖြစ်ရပ်နဲ့ ကြုံလာရတာပါ။ အရင်ကလည်း စစ်လက်နက် ဝယ်ယူရေး ရန်ပုံငွေတွေ အလွဲသုံးစား လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီး အိုလက်ခ်ဆီ ရက်ဇ်နီကော့ဗ်က တာဝန်ယူ နုတ်ထွက်ခဲ့ရပါတယ်။ လေ့လာသူတွေကတော့ အချိန်အခါအရ လက်ရှိ ပြဿနာဟာ ရက်ဇ်နီကော့ဗ်တုန်းကထက် ပိုဆိုးရွားတယ်လို့ ပြောပါတယ်။
အဂတိ အရှုပ်တော်ပုံတစ်ခု ဖြစ်လာတဲ့အခါ အတွင်းပိုင်းမှာတော့ တည်ငြိမ်မှုနဲ့ စည်းလုံးမှုတွေ ယုတ်လျော့ ပြိုကွဲသွားနိုင်ကြောင်း၊ ပြင်ပသက်ရောက်မှု အနေနဲ့ ဆိုရင်တော့ ရန်သူတွေက ဒီအချက်ကို ထောက်ပြပြီး ယူကရိန်းဆီ အထောက်အပံ့ ပေးပို့မှုတွေ ရပ်ဆိုင်းဖို့ တွန်းအားပေးလာနိုင်ကြောင်း အာဏာရပါတီရဲ့ အမတ်တစ်ဦးဖြစ်တဲ့ အိုလက်ဇန္ဒာ မာရက်ဇ်ကိုက ထောက်ပြသွားပါတယ်။
NABUရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ နာမည်တွေ တိုက်ရိုက်တပ်မထားပေမယ့် စီးပွားရေး လုပ်ငန်းရှင်တစ်ဦး၊ စွမ်းအင်ဝန်ကြီးရဲ့ အကြံပေးဟောင်းတစ်ဦး၊ နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ Energoatemရဲ့ ကြံ့ခိုင်ရေး အစီအမံတွေကို ကြီးကြပ်ရတဲ့ အမှုဆောင်တစ်ဦးနဲ့ တခြားလူပုဂ္ဂိုလ်တွေဟာ အဂတိမှု၊ ငွေကြေး ခဝါချမှုတွေနဲ့ ဆက်စပ်ကြောင်း ဖော်ပြထားခဲ့ပါတယ်။ နောက်ပြီး လူ ၈ ဦးဟာ လာဘ်ယူမှု၊ လုပ်ပိုင်ခွင့် အလွဲသုံးစားမှုတွေ ကျူးလွန်ခဲ့တယ်လို့လည်း ပြောပါတယ်။
အဲဒီနောက်မှာတော့ ယူကရိန်းမှာ တရားရေးဝန်ကြီး ဟာမန် ဟာလူရှ်ချန်ကိုနဲ့ စွမ်းအင်ဝန်ကြီး ဆဗစ်လာနာ ဂရင်းချော့ချ်တို့ကို ဖယ်ရှားပေးဖို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးအပေါ် ဖိအားတွေ တိုးလာခဲ့ပါတယ်။ ဟာလူရှ်ချန်ကိုဟာ စွမ်းအင် ဝန်ကြီးအဖြစ်လည်း တာဝန်ယူဖူးသူပါ။ အခုအခါမှာတော့ ဝန်ကြီး နှစ်ဦးစလုံးဟာ ရာထူးကနေ နုတ်ထွက်ကြောင်း အသီးသီး စာတင်ခဲ့ကြပြီး ဖြစ်တယ်လို့ ယူကရိန်း ဝန်ကြီးချုပ် ယူလီယာ ဆာဗီဒန်ကိုက ပြောကြားခဲ့ပါတယ်။ ဟာလူရှ်ချန်ကိုဟာ ဇီလန်စကီးရဲ့ အနီးကပ် နိုင်ငံရေး မဟာမိတ် တစ်ဦးအဖြစ် လူသိများပါတယ်။
ဝန်ကြီးချုပ် ဆာဗီဒန်ကိုက ဇီလန်စကီးရဲ့ မဟာမိတ် တစ်ဦးဖြစ်တဲ့ တီမူရ် မင်ဒစ်ချ်နဲ့ စီးပွားရေး လုပ်ငန်းရှင် အလက်ဇန္ဒား ဆူကာမန်တို့အပေါ် အရေးယူမှုတွေ လုပ်ဆောင်ဖို့လည်း ခွင့်ပြုထားပြီးကြောင်း ပြောပါတယ်။ ဇီလန်စကီးကတော့ တခြားအရာတွေ အားလုံးထက် ယုံကြည်မှုက ပိုအရေးကြီးတယ်လို့ Telegramမှာ မှတ်ချက်ပေးခဲ့ပါတယ်။ ဇီလန်စကီးဟာ အစိုးရတွင်း ထဲထဲဝင်ဝင် အမြစ်တူးမှုတွေက လက်ရှိ စစ်ပွဲကာလအတွင်း မတည်ငြိမ်မှုတွေကို ဦးတည်သွားစေနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ NABUရဲ့ လုပ်ပိုင်ခွင့်တွေ ကန့်သတ်ဖို့ ပြီးခဲ့တဲ့ နွေရာသီမှာ ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ လူထုက ဆန့်ကျင် ကန့်ကွက်ခဲ့တာကြောင့် အဲဒီ ကိစ္စကို သမ္မတက လက်လျှော့ခဲ့ပါတယ်။ လပိုင်းလောက်ကြာတော့ အခုလိုမျိုး အစီရင်ခံစာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အသက် ၄၆ နှစ်အရွယ် မင်ဒစ်ချ်ဟာ ဇီလန်စကီး ပိုင်ဆိုင်တဲ့ Kvartal 95 မီဒီယာလုပ်ငန်းရဲ့ ပူးတွဲ ပိုင်ရှင် တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ဇီလန်စကီးကို မှီပြီး နောက်ထပ် စီးပွားရေး လုပ်ငန်း တချို့မှာ ခြေကုပ်ခိုင်မာလာခဲ့ပါတယ်။ အဲဒီထဲမှာတော့ ငွေလုံးငွေရင်း အများအပြားနဲ့ လည်ပတ်နေတဲ့ ပြည်တွင်း ဒရုန်းထုတ်လုပ်ရေး လုပ်ငန်းတွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
လေ့လာသူတွေကတော့ ဇီလန်စကီးဟာ အရင်ကတည်း မင်ဒစ်ချ်နဲ့ ခပ်ခွာခွာ နေလာခဲ့ပြီး အခုလို အရှုပ်တော်ပုံကြီး ပေါ်လာချိန်မှာလည်း သူ့ကို အကာအကွယ်ပေးတော့မှာ မဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။ ဒီဖြစ်ရပ်ကို အကြောင်းပြုပြီး မင်ဒစ်ချ် အပါအဝင် အမှုနဲ့ ဆက်နွှယ်သူတွေ အားလုံးဟာ တရားရေးအရ စွဲချက်တင် ခံရမှာ ဖြစ်ပါတယ်။
ဟာလူရှ်ချန်ကိုကတော့ သူဟာ တရားခွင်မှာ ကိုယ့်အတွက်ကိုယ် ခုခံ လျှောက်လဲသွားမယ်လို့ ပြောပါတယ်။ သူ့ရဲ့ အပြစ်ကင်းတဲ့ ရပ်တည်မှုကို သက်သေပြဖို့ အစွမ်းကုန် ကာကွယ်သွားမယ်လို့လည်း ဝန်ကြီးဟောင်း Facebookမှာ ရေးသားထားခဲ့ပါတယ်။
ကိုးကား: AP
















































