Scorpio/People’s Spring
အညာမှာတော့ နိုဝင်ဘာ ဒုတိယအပတ်၊ တန်ဆောင်မုန်းလပြည့်အပြီး တစ်ပတ်အကြာမှာတော့ ဆောင်းရာသီ စတင်ဝင်ရောက်လာခဲ့ပါပြီ။ နေ့ခင်းပိုင်းမှာ မသိသာပေမဲ့ ညပိုင်းနဲ့ မနက်ပိုင်းတွေမှာတော့ သိသိသာသာ အအေးဓါတ် စတင်ဝင်ရောက်လာခဲ့ပါပြီ။
သာမန်ဆိုရင်တော့ ခြောက်သွေ့ပူပြင်းလှတဲ့အညာဟာ ဆောင်းရာသီကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြတာပါ။ အခုတော့ ဆောင်းရောက်မှာကို ကြောက်နေရတဲ့သူတွေလည်း ရှိနေပါတယ်။ အဲဒါကတော့ အညာက စစ်ရှောင်ပြည်သူတွေပါ။
အာဏာသိမ်းကာလတလျှောက်လုံး အညာက ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်ဟာ အခုလို ဆောင်းဝင်စ နိုဝင်ဘာ ပထမပတ်အတွင်းမှာလည်း ရိုးရာမပျက် စစ်ကြောင်းထိုး မီးရှို့နေပြန်ပါတယ်။

Public Service Announcement
စာရေးဆရာကြီး မြသန်းတင့်ရဲ့ဇာတိ မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ဟာ အင်အား ၁၈၀ လောက်နဲ့ စစ်ကြောင်းထိုး မီးရှို့နေလို့ ကျေးရွာ ၇ ရွာထက်မနည်း တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ နိုဝင်ဘာ ၆ ရက်က နှမ်းဆီကန်ရွာက နေအိမ် ၂၀ လုံးထက်မနည်း မီးရှို့သွားခဲ့တယ်။ ပြည်တွေရဲ့ ရှိစုမဲ့စု ပိုင်ဆိုင်သမျှလေးတွေထဲ ဆောင်းတွင်းမှာ အထူးလိုအပ်လှတဲ့ စောင်၊ ခြင်ထောင်၊ အနွေးထည်တွေပါ မီးထဲပါသွားခဲ့ရတယ်။
အညာဆောင်းဟာ တရက်ထက်တရက် ပိုပိုပြီး အေးလာပြီဖြစ်တဲ့အတွက် စစ်ဘေးရှောင်တွေအနေနဲ့ စားနပ်ရိက္ခာတွေ ခက်ခဲလှသလို စောင်နဲ့ အနွေးထည်တွေလည်း လိုအပ်နေတယ်လို့ အညာမြေတပ်ပေါင်းစုက တာဝန်ရှိသူ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။
“ ဆောင်းဝင်လာတဲ့ရက်ဆိုတော့ တခါတရံမှာ တောထဲက လဟာပြင်တွေမှာ အခြေအနေအရ အိပ်ရတာမျိုးဆိုရင်တော့ စောင်တွေအရမ်းလိုအပ်တယ်။ အဲချိန်မှာ အစားအသောက်ထက် စောင်ကတောင် ပိုလိုအပ်နေသလိုမျိုးဖြစ်နေတာ။” လို့ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။
အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာလည်း ဝမ်ပေါင်ကုမ္ပဏီဝင်းထဲကနေ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် စီမံကိန်းတဝိုက်က ကျေးရွာ ၁၅ ရွာက ပြည်သူနှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြန်ပါတယ်။
“ အခုလက်ရှိ ရှောင်နေကြရတဲ့ ဝမ်ပေါင်အနီးက ကျေးရွာတွေကတော့ စောင်တွေဘာတွေ ပါမယ်တော့မထင်ဘူး။ ရုတ်တရက်ပြေးရတာဆိုတော့။” လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ရုတ်တရက်ထအပြေးမှာ စောင်တွေအနွေးထည်တွေ မသယ်နိုင်ကြတော့ ပြည်သူတွေဟာ ဆောင်းတွင်းအေးစက်စက်မှ ငုတ်တုပ်သာ ထိုင်ရင်း အအေးဒဏ်ကို ရင်ဆိုင်ကြရတယ်။ စစ်ကြောင်းငြိမ်သွားတော့လည်း မထင်ရင်မထင်သလို ပြန်ဝင်နိုင်သေးတော့ ရွာတွေထဲလည်း ပြန်ဝင်ယူဖို့မလွယ်ဘူးလို့ ဒေသခံတွေက ပြောတယ်။
အလားတူ မန္တလေးတိုင်းမြောက်ဖျားက မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်း စတဲ့မြို့နယ်တွေမှာလည်း စစ်ရှောင်ပြည်သူတွေ အများအပြားရှိနေပြီး အအေးဒဏ်ကို စတင်ရင်ဆိုင်နေကြရပါပြီ။
အဲဒီလို ရာသီဥတုဒဏ်ပါ ခံနေကြရတဲ့ စစ်ရှောင်ပြည်သူတွေကို စစ်တပ်က လေကြောင်းနဲ့ပါ ထပ်မံဒုက္ခပေးခဲ့ပြန်ပါတယ်။
မနေ့က နိုဝင်ဘာ ၁၂ ရက် ညနေ ၅ နာရီခန့်က စစ်ရှောင်ပြည်သူတွေ နေထိုင်နေကြတဲ့ စဉ့်ကူးမြို့နယ်၊ မာလဲရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဥ်နဲ့ဗုံးလာကြဲလို့ စစ်ရှောင်ပြည်သူ ၅ ဦး သေဆုံးခဲ့ရပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ အဲဒီ ထိခိုက်သေဆုံးတဲ့ ပြည်သူတွေဟာ မတ္တရာဘက်ကနေ စစ်လာရှောင်ကြသူတွေလို့ ဒေသခံတွေက ပြောတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့ကလည်း မတ္တရာက စစ်ရှောင်တွေ ခိုလှုံနေတဲ့ စဥ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာ စာသင်ကျောင်းနဲ့ ညောင်ကုန်းကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ စစ်ရှောင်ပြည်သူ ၄ ဦးသေဆုံးပြီး ပြည်သူတွေ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါသေးတယ်။ စစ်ရှောင်ပြည်သူတွေဟာ အေးလှတဲ့ဆောင်းတွင်းမှာ ကိုယ့်အိမ်ကိုယ့်ရာကနေရှောင်ခဲ့ရတဲ့အပြင်လေကြောင်းနဲ့ပါ ထပ်မံတိုက်ခိုက်ခံခဲ့ရတာပါ။
အညာမှာတင်မကပါဘူး။ ပဲခူးတိုင်း၊ သာယာဝတီခရိုင်ထဲက စစ်ရှောင်ပြည်သူတွေလည်း ရောက်လာပြီဖြစ်တဲ့ဆောင်းအတွက် ရင်ပူကြရတယ်။ မိုးအခါတုန်းက သောက်သုံးရေအတွက် အခက်အခဲမရှိပေမဲ့ အခုဆောင်းမှာတော့ ရေရှားစပြုလာပါပြီ။ “ မိုးတွင်းက ရေရပေမယ့် ခုက ရေခက်သွားပြီ” လို့ သာယာဝတီခရိုင် အမှတ် (၃)တပ်ရင်း ရဲဘော်အွမ်ခေးက ပြောပါတယ်။
ရေအတွက်ခက်လာတော့ ရတဲ့ရေသုံးကြစွဲကြရင်း မသန့်တဲ့ရေတွေ သုံးစွဲကြရတယ်။ အဲဒီအခါ ယားနာတွေ ဖြစ်ပွားနေကြတယ်လို့ ရဲဘော်အွမ်ခေးက ပြောပါတယ်။ “ ယားနာက ကူးစက်နေကြတယ်။ အကုန်လုံးနီးပါး ဖြစ်နေကြပြီ” လို့ ရဲဘော်အွမ်ခေးက စိတ်မကောင်းစွာ ပြောပါတယ်။
ယားနာတင်မကသေးပါဘူး။ တောထဲတောင်ထဲရှောင်ကြရတော့ ငှက်ဖျားရောဂါတွေလည်း ဖြစ်ပွားနေကြတယ်လို့ သိရပါတယ်။
“ သူတို့လိုနေတာက အဝတ်အစား၊ အနွေးထည် ၊စောင်၊ ခြင်ထောင်ပါ။ ငှက်ဖျားပေါတော့ ခြင်ဆေးခွေကလည်း မနိုင်တော့ ခြင်ထောင်ဆို ပိုအဆင်ပြေပါတယ်” လို့ သာယာဝတီခရိုင် အမှတ် (၃)တပ်ရင်း ရဲဘော်အွမ်ခေးက ပြောပါတယ်။
ဆောင်းတွင်းအအေးဒဏ်ကို ရင်ဆိုင်ရင်း အသက်ပျောက်ခဲ့ကြတဲ့ စစ်ရှောင်ပြည်သူတွေ၊ သက်ကြီးရွယ်အိုတွေလည်း အများအပြား ရှိခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာလ၊ ဆောင်းတွင်းတုန်းကဆိုရင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ အအေးမိပြီးဆုံးတဲ့စစ်ရှောင်ပြည်သူ ၆ ဦးထက်မနည်း ရှိခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းကာလအတွင်း မြန်မာနိုင်ငံတဝှမ်းမှာ ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ စစ်ဘေးရှောင်ပြည်သူ လေးသန်းကျော်အထိ ရှိလာကြောင်း Myanmar Peace Monitor အဖွဲ့က ထုတ်ပြန်ထားပါတယ်။အဲဒီပြည်သူတွေဟာ အမိုး
အကာမလုံတဲ့နေရာတွေမှာ ချမ်းအေးလွန်းလှတဲ့ ဆောင်းညတွေကို ခိုက်ခိုက်တုန်အောင် ဖြတ်သန်းကြရဦးမှာ ဖြစ်ပါတယ်။

















































