အမေရိကန် အစိုးရ ယန္တရား ရပ်တန့်မှု (shutdown)ကို အဆုံးသတ်စေမယ့် ရေတို ကုစားရေး ဘတ်ဂျတ် အစီအမံ တစ်ရပ်ကို လွှတ်တော် နှစ်ရပ်လုံးက မဲခွဲ အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။
ဝါရှင်တန်ဒီစီ စံတော်ချိန်အရ နိုဝင်ဘာ ၁၂ ရက်နေ့ ညပိုင်းမှာ အောက်လွှတ်တော်က အဲဒီ ရေတိုကုစားရေး အစီအမံကို မဲခွဲ အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်ကတော့ အထက်လွှတ်တော် မဲခွဲမှုမှာ အဆိုအောင်မြင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော် နှစ်ရပ်လုံးက အဆိုကို လက်ခံပြီး အစိုးရ shutdown ဖြစ်မှုကို ရပ်တန့်နိုင်တော့မယ့် သဘောပါပဲ။
အမေရိကန်မှာ အစိုးရ အသုံးစရိတ် ညှိနှိုင်းမှုကိစ္စ အဆင်မပြေရာက အောက်တိုဘာ ၁ ရက်နေ့ကစပြီး shutdown ဖြစ်နေခဲ့တာပါ။ အာဏာရ ရီပတ်ဘလစ်ကန်ပါတီနဲ့ အတိုက်အခံ ဒီမိုကရက်တစ် ပါတီတို့ကြား အသုံးစရိတ် မူဝါဒသစ်အတွက် အကြိမ်ကြိမ် ညှိနှိုင်းခဲ့ပေမယ့် မအောင်မြင်ရာက အမေရိကန် သမိုင်းတလျှောက် အချိန်အကြာဆုံး shutdown ကာလကို ဖြတ်သန်းနေရတာ ဖြစ်ပါတယ်။

အခုအခါ ရီပတ်ဘလစ်ကန်တွေက တင်ပြတဲ့ ရေတိုကုစားမှု ဘတ်ဂျတ် အစီအမံကို ဒီမိုကရက်တစ် ပါတီဝင် အမတ်တချို့က လိုက်လျော ထောက်ခံပေးခဲ့ခြင်းနဲ့အတူ လွှတ်တော်မှာ မဲခွဲ အောင်မြင်ခဲ့ပြီ ဖြစ်ပေမယ့်လည်း shutdownကို အဆုံးသတ်ဖို့တော့ နည်းနည်းထပ်ပြီး အချိန်ယူရနိုင်ပါတယ်။

Public Service Announcement
အစိုးရ shutdown ဖြစ်နေတဲ့ ကာလအတွင်း အမေရိကန် ဖက်ဒရယ် အစိုးရရဲ့ မရှိမဖြစ်မဟုတ်တဲ့ အေဂျင်စီတွေ၊ ဌာနတွေ ပိတ်ထားရပြီး ဝန်ထမ်းလစာတွေလည်း ဆိုင်းငံ့ခံခဲ့ရပါတယ်။ အစိုးရရဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှုကို မှီခိုနေရတဲ့ သန်းနဲ့ချီတဲ့ ဝင်ငွေနိမ့်ပါးတဲ့ အမေရိကန် ပြည်သူတွေ အတွက်လည်း မရေမရာ အခြေအနေတွေ ရင်ဆိုင်ခဲ့ရပါတယ်။ ပြီးတော့ လေကြောင်း ထိန်းသိမ်းရေးဌာန ဝန်ထမ်းတွေ တော်တော်များများကို အနားပေးထားရတဲ့အတွက် လေကြောင်းပြေးဆွဲမှု လုပ်ငန်းတွေမှာပါ အကျပ်အတည်းတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ရီပတ်ဘလစ်ကန် ပါတီက အဆိုပြုထားတဲ့ ရေတိုကုစားရေး အစီအမံမှာတော့ ဒီမိုကရက်တစ်တွေ အပြင်းအထန် တောင်းဆိုနေတဲ့အတိုင်း ဝင်ငွေနည်းပါးတဲ့ အမေရိကန် ပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု စရိတ်တွေကို ဆက်လက် ထောက်ပံ့ပေးထားဖို့ သဘောတူထားပါတယ်။ အဲဒီ အစီအမံဟာ သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး ရီပတ်ဘလစ်ကန် ပါတီက အနာဂတ် အစိုးရ အသုံးစရိတ်တွေထဲမှာ ဆက်ပြီး ထည့်သွင်းမထားချင်တော့ပါဘူး။
တစ်ဖက်မှာတော့ ဒီမိုကရက်တစ်တွေက အဲဒီ ကျန်းမာရေး စောင့်ရှောက်မှု အစီအမံ မပါတဲ့ ဘတ်ဂျတ် အဆိုမှန်သမျှကို ပယ်ချတာကြောင့် အစိုးရ ဘတ်ဂျတ်အသစ်အတွက် အဖြေမထွက်နိုင်ဘဲ shutdown ဖြစ်သွားခဲ့တာပါ။ လနဲ့ချီ ကြာမြင့်လာတဲ့ shutdownကို အဆုံးသတ်ဖို့ နှစ်ဖက်ပါတီကြား ဆွေးနွေး သဘောတူထားတဲ့ လက်ရှိအဆိုကတော့ ၂၀၂၆ ဇန်နဝါရီ လကုန်ပိုင်းလောက်ထိပဲ ရေတိုသက်တမ်း ဖြစ်မှာပါ။ ဒါကြောင့် နောက်ထပ် ၃ နှစ် ဘတ်ဂျတ်အသစ်ကို သဘောတူညီမှု ရယူနိုင်အောင် ပါတီနှစ်ခု ဆက်ပြီး ညှိနှိုင်းကြရပါမယ်။
ဒီမိုကရက်တစ် ပါတီကတော့ ကျန်းမာရေး စောင့်ရှောက်မှု ရန်ပုံငွေတွေ ဖယ်ရှားပစ်မယ်ဆိုရင် ဘယ်လို ဘတ်ဂျတ် အစီအမံသစ်ကိုမှ လက်မခံဘူးလို့ အတိအလင်း သတိပေးထားပါတယ်။ ဒီတော့ အဲဒီကိစ္စ ညှိနှိုင်းတာ မအောင်မြင်ရင် လာမယ့်နှစ်ဆန်းပိုင်းမှာ နောက်ထပ် shutdown ဖြစ်လာနိုင်ခြေ ရှိနေဆဲပါပဲ။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ အစိုးရ shutdownဖြစ်မှုဟာ ကျိန်းသေပေါက် ရှောင်လွှဲလို့ ရခဲ့တဲ့ ကိစ္စမျိုးလို့ အကြိမ်ကြိမ် ဝေဖန်ခဲ့ဖူးပါတယ်။ လွှတ်တော်နှစ်ရပ်မှာ မဲခွဲ အတည်ပြုနိုင်ခဲ့တဲ့ ယာယီ ကုစားမှု အဆိုကို နိုဝင်ဘာ ၁၂ ရက် ညပိုင်းမှာ ထရမ့်က လက်မှတ်ရေးထိုးမယ်လို့လည်း အိမ်ဖြူတော်က ကြေညာထားပါတယ်။
ကိုးကား: CNN















































