close
Connect with us

Hi, what are you looking for?

ဆောင်းပါး

စစ်တပ်ရဲ့ စဥ့်ကူးမြို့နယ်တန်ပြန်ထိုးစစ်

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး)နဲ့ မဟာမိတ်​​တွေက ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ စဥ့်ကူးမြို့နယ်ကို စစ်တပ်က ပြန်ထိန်းချုပ်နိုင်ဖို့ ဒီဇင်ဘာ လဆန်းကစပြီး တန်ပြန်ထိုးစစ်ဆင်​နေပါတယ်။

ရှိန်း/People’s Spring

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး)နဲ့ မဟာမိတ်​​တွေက ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ စဥ့်ကူးမြို့နယ်ကို စစ်တပ်က ပြန်ထိန်းချုပ်နိုင်ဖို့ ဒီဇင်ဘာ လဆန်းကစပြီး တန်ပြန်ထိုးစစ်ဆင်​နေပါတယ်။

မန္တလေးမြို့ရဲ့မြောက်ဘက် မိုင်း ၅၀ ​ကျော်အကွာ၊ကားနဲ့သွားရင် ၂ နာရီ​ကျော်သာ​မောင်းရတဲ့ စဉ့်ကူးမြို့ကို ပြန်လိုချင်တဲ့အာဏာသိမ်းစစ်တပ်က လေကြောင်းကနေပစ်ကူပေးပြီး လက်နက်ကြီး၊ဒရုံးအများအပြားသုံးကာ ​မြေပြင်စစ်​ကြောင်း​တွေနဲ့အပြင်းအထန်ထိုးစစ်ဆင်နေပါတယ်။

မန္တ​လေးPDF နဲ့ မဟာမိတ်တပ်​တွေက စဥ့်ကူးမြို့နယ်က စစ်တပ်စခန်း​တွေကို ၁၀၂၇ စစ်ဆင်​ရေးဒုတိယလှိုင်း(​ခေါ်) ရှမ်းမန်းစစ်ဆင်​ရေးမှာ ထိုးစစ်ဆင်ပြီး ၂၀၂၄ ဇူလိုင် ၁၇ ရက်မှာ တမြို့နယ်လုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ​ကြောင့် သိမ်းပိုက်ထိန်းချုပ်ပြီး တစ်နှစ်နဲ့ ငါးလ အကြာမှ တန်ပြန်ထိုးစစ်ဆင်ခံတာပြန်ကြုံရတာဖြစ်ပါတယ် ။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာဆန်းမှာ မတ္တရာ-စဉ့်ကူးမြို့နယ်အစပ်ရောက်လာတဲ့ စစ်တပ်ရဲ့တန်ပြန်ထိုးစစ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွေ၊ PDF ​တွေက ခုခံကာကွယ်နေကြတာဖြစ်ပါတယ်။

ဒါ​ပေမယ့် ​စစ်တပ်ကလေ​ကြောင်း၊ဒရုန်း ၊လက်နက်ကြီးပစ်ကူအပြင် အင်အားအများအပြားတဲ့ တန်ပြန်ထိုးစစ်ဆင်လာတာ​ကြောင့် ​တော်လှန်​ရေးတပ်​တွေက နယ်​မြေတချို့ကို လက်လွတ်ဆုံးရှုံးခဲ့ရပါတယ် ။စစ်တပ်က စဥ့်ကူးမြို့နယ်ကိုတန်ပြန်ထိုးစစ်မတိုင်ခင် မန္တ​လေးPDF နဲ့ မဟာမိတ်​တွေထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ်အ​ရှေ့ခြမ်းကိုလည်း ပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ် ။​

တော်လှန်​ရေးတပ်​တွေက ၂၀၂၅ နှစ်ဆန်းပိုင်းအထိ နိုင်ငံတစ်ဝန်းမြို့​ပေါင်း တစ်ရာနီးပါးသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာပါ။ဒါ​ပေမယ့် တရုတ်အစိုးရက စစ်တပ်ကို လက်နက်ခဲယမ်း၊​ငွေ​ကြေး၊နည်းပညာ ၊ဒရုန်းမှအစ ​​လေယာဥ်အထိ့လိုအပ်သမျှကူညီခဲ့သလို ​တရုတ်သြဇာလွှမ်းတဲ့တော်လှန်​ရေးတပ်​တွေကိုကြ ထိုးစစ်မဆင်းဖို့ဖိအားမျိုးစုံ​ပေးသလို လက်နက်ခဲယမ်းအပြင် ဖြတ်ငါးဖြတ်နဲ့အကြီးအကျယ်ဖိအား​ပေးခဲ့ပါတယ်။ဒါ​ကြောင့် ၂၀၂၅ ဧပြီလမှာ MNDAA က လားရှိူးမြို့ကို ကျည်တစ်ချက်မ​ဖောက်ပဲ ပြန်လက်လွှတ်ခဲ့ရပြီး​နောက်ပိုင်း ၂၀၂၅ နှစ်လယ်ကစ စစ်တပ်ရဲ့တန်ပြန်ထိုးစစ်​ကြောင့် မြို့အချို့ကို ​တော်လှန်​ရေးတပ်​တွေပြန်လက်လွှတ်ခဲ့ရပါတယ်။ ဒါ​ကြောင့်အခုအခါမှာ ​တော်လှန်​ရေးတပ်​တွေဟာ မြို့​ပေါင်း ရှစ်ဆယ်​ကျော်ကိုပဲထိန်းချုပ်ထားနိုင်ပါတယ်။

စစ်တပ်ရဲ့ စစ်မှုမထမ်းဒါ​ကြောင့် အာဏာသိမ်းစစ်တပ်က မတ္တရာ ၊ သပိတ်ကျင်း ၊မိုးကုတ်မြို့တွေကိုထိန်းချုပ်နိုင်ပြီးမှစဥ့်ကူးကိုစစ်​ကြောင်းထိုးတာဖြစ်ပါတယ်။ဒါ​ပေမယ့် ပတ္တမြားမြို့ မိုးကုတ်ကို TNLA နဲ့အပစ်ရပ်သ​ဘောတူပြီး TNLA အကူအညီနဲ့မြို့ထဲ ဝင်နိုင်တာဖြစ်​ပေမယ့် မြို့ပြင်မှာ​တော့ PDF ​တွေက ​နေရာယူထားပါတယ်။ဒါ​ကြောင့် မြို့ပြင်ကိုပါထိန်းချုပ်နိုင်ဖို့ စစ်​ကြောင်းထိုးတဲ့ စစ်တပ်ဟာ PDF ​တွေရဲ့တိုက်ခိုက်မှု​ကြောင့် အ​ရေပါတဲ့ စခန်းကုန် ၂ ခုကို PDF ​တွေထံဆုံးရှူံးထားပါတယ်။ တိုက်ပွဲ​တွေလည်း ဆက်လက်ပြင်းထန်​နေဆဲဖြစ်ပါတယ်။

စဉ့်ကူးမြို့နယ်ထဲမှာ ပတ်လည်အင်းရွာကို စစ်တပ်က ပထမဆုံး ဝင်ရောက်လာနိုင်ခဲ့ပါတယ်။ အဲဒီနောက် ရက်ကန်းစင်တောင်ရဲ့မြောက်ဘက်ကို စစ်တပ်က ဆက်တိုက်စစ်ကြောင်းထိုးလာခဲ့ပါတယ်။

ရက်ကန်းစင်တောင်ရဲ့ မြောက်ဘက်မှာ ၃ရက်ဆက်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်တပ်က ဒေသခံ အမျိုးသမီး ၃၀လောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပါတယ် ။စစ်တပ်က ပြည်သူ​တွေကိုဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်သုံးကာဆက်တိုက်စစ်ကြောင်းထိုးခဲ့တယ်လို့စုံစမ်းသိရပါတယ်။

​တော်လှန်​ရေးတပ်တွေကလည်း အပြင်းအထန်ခုခံခဲ့ပြီးတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှု​တွေရှိခဲ့ပါတယ်။

ဒီဇင်ဘာ ၆ ရက်မှာ တရော်ပင်ကျေးရွာကို အာဏာသိမ်းစစ်တပ်ကပြန်ထိန်းချုပ်နိုင်ခဲ့ ‌ပါတယ်။

အဲဒီကတဆင့် မိုးကုတ်-မန္တလေးလမ်းပိုင်းအတွက်အရေးပါတဲ့ နေရာဖြစ်တဲ့ ရွှေပြည်ရွာကိုပါ စစ်တပ်က ဒီဇင်ဘာ ၁၀ာရက်မှာထိန်းချုပ်နိုင်ခဲ့ပါတယ်။ရွှေပြည်ရွာဟာ မန္တလေး-မိုးကုတ်လမ်းမ ပေါ်မှာပဲရှိပြီး တိုက်နယ်ဆေးရုံရှိပါတယ်။စဥ့်ကူးမြို့နယ်မှာ နမည်ကြီးရွာဖြစ်တဲ့ လက်ပန်လှရွာနဲ့ တရွာပဲ ခြားပါတယ်။

​ရွှေပြည်ရွာဟာ ဘာ​ကြောင့်အရေးပါတဲ့ရွာ ဖြစ်သလဲဆိုရင် ဒီရွာကနေ အနောက်ဘက်ကိုဆင်းလိုက်ရင် ရေလမ်းကြောင်းမှာ အရေးပါတဲ့ ထုံးကြီးရွာကို ရောက်ပါတယ်။ထုံးကြီးရွာဟာ မန္တလေး- စစ်ကိုင်းကနေ ဖြတ်ပြီး ရေလည်မော် ကူးတို့ဆိပ်သွားနိုင်ပါတယ် ။အဲဒီက​နေ ဧရာဝတီမြစ်ကိုဖြတ်သွားရင် ထုံးကြီးရေဆိပ်ရောက်ပါတယ်။အဲဒီ​ရောက်ရင် တကောင်း၊သပိတ်ကျင်း၊မိုးကုတ်သွားတဲ့ ကားလမ်းပိုင်းဖြစ်ပါတယ်။

ထုံးကြီးကျေးရွာဟာ ရေလမ်းကြောင်းအတွက် အရေးပါတဲ့ နေရာဖြစ်ပြီး ရဲစခန်း၊ဆေးရုံတွေရှိကာ တိုက်နယ်အဆင့်ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။

မန္တ​လေးPDF နဲ့ မဟာမိတ်​တွေမသိမ်းခင်က စစ်တပ်လက်​အောက်ခံ ပျူစောထီးတွေကအထိုင်ချကာ ရွာတော်ကတဖက်ကမ်း ငနိုင်နဲ့အဖွဲ့ တွေ ဒေသခံတွေကို အခွန်​ကောက်၊ပြည်သူ​တွေကိုအကြမ်းဖက်ခဲ့သလို အမျိုးသမီး​တွေကို အဓမ္မပြုကျင့်ကာ အနိုင်ကျင့်ခဲ့တဲ့ ဆိပ်ကမ်းဖြစ်ပါတယ်။ဒါ​ကြောင့်ပျူ​ခေါင်း​ဆောင် ငနိုင်နဲ့အဖွဲ့ ရမ်းကားခဲ့တဲ့နယ်​မြေဖြစ်ပါတယ်။

ဒီရွာဟာ ရေလမ်းကြောင်းကိုထိန်းချုပ်ဖို့ နှစ်ဘက်အဖွဲ့ တွေအတွက် အရေးပါတဲ့ နေရာဖြစ်ပါတယ်။

စစ်တပ်ကရွှေပြည်ရွာ ကိုပြန်ထိန်းချုပ်ပြီး​တော့ မြောက်ဘက်က ညောင်ဝန်းရွာ နဲ့ အနောက်ဘက်က ရေချမ်း၊ရွာတော်ရွာတွေကိုပါ ဆက်ပြီး စစ်ကြောင်းထိုးခဲ့ပါတယ်။

အဲဒီ​နောက်ဒီဇင်ဘာ ၁၃ ရက်တမနက်လုံးမြစ်ကမ်းဘေးက ဆိပ်ကမ်းကျေးရွာဖြစ်တဲ့ ထုံးကြီးရွာကိုဒရုန်းနဲ့ လက်နက်ကြီးတွေသုံးကာ စစ်ကြောင်းထိုးပြီးပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

“ ထုံးကြီးပါသွားပါပြီ” လို့ ဒေသခံတဦးက ဒီဇင်ဘာ ၁၃ ရက်မှာ People’s Spring ကပြောပါတယ်။

ညောင်ဝန်းရွာမှာတော့ တိုက်ပွဲကဆက်လက်ပြင်းထန်​နေပါတယ်။ ကျေးရွာရဲ့တစိတ်တပိုင်းကိုတော့ တော်လှန်ရေးတပ်တွေ လက်လွှတ်ထားရတယ်လို့ သိရပါတယ်။​ဒေသခံပကဖ ​တွေ၊ PDF ​တွေက စစ်တပ်ရဲ့တန်ပြန်ထိုးစစ်ကိုကာကွယ်​နေကြတာဖြစ်ပါတယ် ။

‌အောက်ဖက်က မတ္တရာနယ်က ရေ‌‌လမ်းကြောင်းကိုလည်း စစ်တပ်ကစိုးမိုးထားပြီး ထုံးကြီးရွာကိုပါ ထိန်းချုပ်နိုင်တာ​ကြောင့် မန္တလေးတိုင်းအတွင်း တော်လှန်ရေးတပ်စိုးမိုးထားတဲ့ ဒေသတွေကို စစ်တပ်ကပိုပြီးတန်ပြန်ထိုးစစ်ဆင်လာနိုင်တဲ့အ​ခြေအ​နေရှိတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

ဒါ့အပြင်ဒီဇင်ဘာ၁၁ရက်မှာရွှေပြည်ရွာရဲ့ မြောက်ဘက် ညောင်ဝန်းကျေးရွာကို စစ်တပ်ရှေ့ကင်းကြိုရောက်လာပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ညောင်ဝန်းရွာဟာ လက်ပန်လှကျေးရွာရဲ့ တောင်ဘက်မှာ ရှိတာပါ။

ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းမှာ စစ်တပ်က လက်ပန်လှကျေးရွာနဲ့ ပတ်ဝန်းကျင်ကို လေကြောင်းတိုက်တာတွေလုပ် ဆောင်ခဲ့တာမို့ ပင်လယ်ကြီး ရပ်ကွက်က အမျိုးသား တစ်ဦး သေဆုံးပြီး ပြည်သူ ၅ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

စစ်တပ်က လက်ပန်လှရွာကို ရဖို့ထိုးစစ်ဆင်နေပြီး လက်ပန်လှရွာကို ရရင် နယ်မြေအခြေအနေအရ ​တော်လှန်​ရေးတပ်​တွေဟာ စဉ့်ကူးမြို့ကို ထိန်းချုပ်နိုင်ဖို့ အ​တော်ခက်ခဲသွားနိုင်တယ်လို့ စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

လက်ပန်လှရွာဟာ စစ်တပ်ပြန်ယူချင်နေတဲ့ မိုးကုတ်- မန္တလေးလမ်းပိုင်းအတွက် စဉ့်ကူးမြို့နယ်အတွင်းမှာ အရေးပါဆုံးနေရာဖြစ်ပါတယ်။ဒါ့အပြင်ရွှေလုပ်ကွက်တွေကလည်းအဲဒီရွာရဲ့မြောက်ဘက်က ကျည်ထောက် ပေါက်ရွာပတ်လည်မှာ ပိုများပါတယ်။

စဉ့်ကူးမြို့ဟာလည်း မြစ်တဖက်ကမ်းမှာ ကျောက်မြောင်းတပ်ရှိနေပြီး တဖက်မှာ လက်ပန်လှရွာရှိ နေတာပါ။အာဏာသိမ်းစစ်တပ်က စဉ့်ကူးမြို့နယ်ကို တောင်ဘက်ကတင် ထိုးစစ်ဆင်လာတာမဟုတ်ဘဲ သပိတ်ကျင်းမြို့နယ်ဘက်ကနေပါ ထိုးစစ်ဆင်လာတာလို့ သိရပါတယ်။

“ သပိတ်ကျင်းကလည်း ဆက်တိုက်ဒီဘက်ကိုဆင်းလာ နေတာ။စဉ့်ကူးနယ်အစပ်အထိရောက်နေပြီ” လို့ ဒေသခံတဦးက ဆိုပါတယ်။

​ဒေသခံပြည်သူ​အများစုက​တော့ မတ္တရာမြို့နယ်အ​ရှေ့ခြမ်းကို စစ်တပ်က ပြန်ထိန်းချုပ်နိုင်သွားနိုင်ကတည်းက စဥ့်ကူးဘက်ကိုလည်းထိုးစစ်ဆင်လာ​တော့မှာကြိုတွက်ပြီး ​ဘေးလွတ်မယ်ထင်တဲ့အရပ်​တွေကိုထွက်​ပြေးတိမ်း​ရှောင်​နေကြရပါတယ်။ဒါ​ပေမယ့် ထွက်မ​ပြေးတဲ့ပြည်သူအချို့လည်းရှိပါတယ်။

ဒီဇင်ဘာလ၁၃ရက်ည​နေပိုင်းမှာ​တော့ စဉ့်ကူးမြို့ရဲ့ အနောက်ဘက်ကမ်းမှာရှိတဲ့ ကျောက်မြောင်းစစ်တပ်ကလက်ပန်လှရွာကိုဒရုန်းဗုံးကြဲခဲ့တာ​ကြောင့် အမျိုးသား၂ဦး သေဆုံးပြီး အမျိုးသမီးတဦး ပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတချို့က​ပြောပါတယ်။စစ်တပ်က စဥ့်ကူးမြို့နယ်ကိုလက်လွတ်ဆုံးရှုံးပြီးချိန်ကတည်းက ​​လေယာဥ်​တွေနဲ့ ဗုံးကြဲ တာ​ကြောင့် ​ဒေသခံပြည်သူရာနဲ့ချီပြီး​သေဆုံးခဲ့ရပြီဖြစ်ပါတယ် ။ ဒီဇင်ဘာ ၁၃ ရက်ည​နေမှာ ဒရုန်းနဲ့ ဗုံးသီး ၃ လုံးချအကြမ်းဖက်သတ်ဖြတ်မှု​ကြောင့် ပြည်သူ​ ၂ ဦး​သေ ၊ ၁ ဦး အပြင်းအထန်ရခဲ့တာဟာ လတ်တ​လော သတင်းရရှိသမျှထဲ ​နောက်ဆုံးအကြမ်းဖက်သတ်ဖြတ်မှုဖြစ်ပါတယ်။

“ ဒေသခံ တွေကအကုန်မပြေးကြဘူး။တချို့တွေကကျန်ခဲ့တယ်။တိုက်ပွဲက တောင်ဘက်ဖြစ်ရင် မြောက်ရွာပြေးပေါ့။ခဏခဏဖြစ်နေတာ ပြေးဖို့ကလည်း မလွယ်ဘူးလေ” လို့ ဒေသခံ အမျိုးသမီးတဦး ကပြောပါတယ်။ ။

ဆက်စပ်သတင်းများ