ရှိန်း/People’s Spring
ရှမ်းမန်းစစ်ဆင်ရေး (ဒါမှမဟုတ်) ၁၀၂၇စစ်ဆင်ရေး ဒုတိယလှိုင်း မှာသိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့ မတ္တရာမြို့နယ်အရှေ့ခြမ်းကို တော်လှန်ရေးတပ်တွေ နိုဝင်ဘာလ၂၄ရက်နေ့ညက ပြန်လည်လက်လွှတ်လိုက်ရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နဲ့ မဟာမိတ်တပ်တွေက ၂၀၂၄ ဇွန်လ ၂၅ ရက်ကနေ သြဂုတ်လအထိ့၁၀၂၇စစ်ဆင်ရေး ဒုတိယလှိုင်းနဲ့အတူ မတ္တရာမြို့နယ်အရှေ့ခြမ်း ၊ပုသိမ်ကြီးမြို့နယ်အစပ်အထိ စစ်စခန်းပေါင်း ၄၀ ခန့် ကိုသိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ် ။
ဒါပေမယ့်ရှမ်းပြည်နယ် မြောက်ပိုင်းမှာလိုပဲ မတ္တရာစစ်ရေးကို အလှည့်အပြောင်းဖြစ်စေခဲ့တာက တရုတ်အစိုးရပါ ။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအရှိန်က ခရိုင်မြို့ လားရှိူး နဲ့ စစ်တပ်ရဲ့အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) တို့ကျသွားပြီးတဲ့နောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယိက နေပြည်တော်ကိုချက်ချင်းရောက်လာပါတယ်။

Public Service Announcement
အဲဒီနောက် စည်းသုံးစည်းဆိုပြီးမြန်မာ့အရေးကိုတိုက်ရိုက်စွက်ဖက်ခဲ့လာပါတယ်။အဲဒီစည်းသုံးစည်းကမြန်မာနိုင်ငံမှာ ပြည်တွင်း မတည်မငြိမ်ဖြစ်တာ နဲ့ ပြည်တွင်းစစ်ဖြစ်ပွားလို့မရခြင်း ၊ အာဆီယံလမ်းကြောင်းက ကင်းကွာသွားလို့မရခြင်း၊ ပြင်ပအင်အားစုတွေ ထင်သလိုစိမ့်ဝင် ဝင်ရောက်စွက်ဖက်တာကို ခွင့်မပြုခြင်းတို့ဖြစ်တယ်လို့ ဝမ်ယိကဆိုပါတယ်။
အဲဒီနောက် တရုတ်အစိုးရကရှမ်းမြောက်မှာ ထိုးစစ်တွေရပ်ဖို့ MNDAA နဲ့ TNLA ကိုဖိအားပေးပါတယ် ။ ဒါကြောင့် MNDAA ဟာတရုတ်စွက်ဖက်မှုကြောင့် ၂၀၂၄ သြဂုတ်လကစပြီးအပစ်ရပ်ခဲ့ရသလို ထိန်းချုပ်ထားတဲ့ လားရှိူးမြို့ကိုလည်း ၂၀၂၅ ဧပြီမှာလွှဲပြောင်းပေးခဲ့ရပါတယ်။ TNLA နဲ့ မဟာမိတ်တပ်တွေရဲ့ထိုးစစ်ဟာလည်း ၂၀၂၄ နှစ်ကုန်ပိုင်းမှာ စစ်က္ကသိုလ်တွေရှိရာ ပြင်ဦးလွင်အနားက တောင်းခမ်းအထိရောက်ခဲ့တာကနေ ထိုးစစ်အရှိန်ရပ်တပ်ခဲ့ရပါတယ်။
ဒါအပြင် တရုတ်အစိုးရကတော်လှန်ရေးအဖွဲ့တွေကို ထိုးစစ်တွေရပ်ခိုင်းပြီးတော့ တဖက်မှာစစ်တပ်ကို ငွေကြေး ၊လက်နက်ခဲယမ်း ၊နည်းပညာ စတာတွေကူညီပေးအပ်ခဲ့ပါတယ် ။ဒါကြောင့်အာဏာသိမ်းစစ်တပ်ဟာ ရှမ်းမြောက်မှာအသက်ရှုချောင်သွားတာကြောင့် စစ်အင်အားကို အခြားဒေသတွေပို့နိုင်ခဲ့သလို ၊၂၀၂၄ နှစ်ဆန်းပိုင်းကစတင်တဲ့ စစ်မှုထမ်းမနေရ ဥပဒေကြောင့် အဓမ္မစုဆောင်းထားတဲ့စစ်သားသစ်တွေနဲ့တန်ပြန်ထိုးစစ်ဆင်တာကို မတ္တရာအပါအဝင်ကျန်ဒေသတွေကိုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
မတ္တရာအရှေ့ခြမ်းမတိုင်ခင် စစ်တပ်က တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ်အနောက်ခြမ်းကို တန်ပြန်ထိုးစစ်ဆင်ခဲ့ပါတယ်။ စစ်တပ်က မတ္တရာမြို့နယ်အနောက်ခြမ်းကို ပြန်ထိန်းချုပ်နိုင်ပြီးတော့မှ မန္တလေး PDF တွေသိမ်းပိုက်ထားတဲ့ အရှေ့ခြမ်းကို တန်ပြန်ထိုးစစ်ဆင်ဖို့အချိန်ယူသေချာပြင်ဆင်ခဲ့တာပါ။
၂၀၂၅ နှစ်ဆန်းပိုင်းမှာတော့ စစ်တပ် တိုက်လေယာဥ် ၊Y-2 ဗုံးကြဲလေယာဥ်၊ဒရုန်းစတာတွေအဓိကသုံးပြီး လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီးကိုအားပြု ပြီး မတ္တရာမြို့နယ် အရှေ့ခြမ်းကိုထိုးစစ်ဆင်ခဲ့ပါတယ်။
ဒါပေမယ့် နှစ်ဝက်ကြာတဲ့အထိ တော်လှန်ရေးတပ်တွေခုခံနိုင်ခဲ့ပါတယ်။မတ္တရာမြို့နယ်၊အရှေ့တောင်ခြမ်းကထန်းပင်ကုန်းရွာဟာတော်လှန်ရေးတပ်တွေ နဲ့ စစ်တပ်ကြား နယ်နိမိတ်မျဉ်းတခုလို လပေါင်းများစွာဖြစ်ခဲ့ပြီး သူလည်းမသိမ်းနိုင် ကိုယ်လည်းမသိမ်းနိုင်ပဲတိုက်ပွဲ မကြာခဏဖြစ်နေခဲ့တာပါ။
တချိန်တည်းမှာ စစ်တပ်ကနောင်ချိုမြို့နဲ့ သပိတ်ကျင်းမြို့တွေကို တန်ပြန်ထိုးစစ်ဆင်နေတာဟာ မြို့တွေကို ပြန်ထိန်းချုပ်နိုင်လုအခြေအနေရောက်နေပါတယ် ။ ရုတ်တရက် ဇူလိုင်လ၂၀ ရက်မှာတော့ မန္တလေးPDF နဲ့မဟာမိတ်တပ်တွေက စစ်တပ်ရဲ့ နောက်တန်းအထိုင်စခန်းဖြစ်တဲ့မြကန်သာ နဲ့ သရက်ကိုင်းကျေးရွာကိုပါ ဝင်သိမ်းလိုက်ပါတယ်။
ဒါဟာမန္တလေး- မတ္တရာလမ်းပိုင်း ကိုစိုးမိုးဖို့ကြိုးစားနေတဲ့ စစ်တပ်အထိ နာစေခဲ့တဲ့ တော်လှန်ရေးတပ်တွေ ရဲ့ ကြီးမားအောင်မြင်မှုတခုဖြစ်ပါတယ်။
“ ဒဏ်ရာရလူနာတွေနဲ့ အလောင်းတွေကိုကားကြီး၊ကားငယ်တွေနဲ့ ပြန်သယ်လာတာ။နန်းတွင်းထဲကို မြောက်ဘက်ပေါက်က နေတန်းပို့တာ” လို့ အဲဒီတုန်းက မျက်မြင်တွေ့သူတဦးက ပြောပါတယ်။
ဒီတိုက်ပွဲအပြီးမှာ စစ်တပ်ကလည်း မတ္တရာမြို့နယ်စစ်ဆင်ရေးကိုအပြောင်းအလဲတွေအများကြီးလုပ်ခဲ့ပါတယ်။ စစ်တပ်ရဲ့ တပ်မ၈၈၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကတပ်တွေအပြင် ၊ ပုသိမ်ကြီး၊ မန္တလေးမြို့ထဲအောင်ပင်လယ် ပြည်သူ့စစ်၊ရဲမွန်တောင်ပြည်သူ့စစ်၊သီတာယုမွန်ပျူစစ်ကြောင်း၊ပေါ်တာဆွဲခံရတဲ့ သင်တန်းဆင်းစစ်သားသစ်အင်အား ထောင်နဲ့ချီပို့ပြီးတော့ မြကန်ရွာကိုတန်ပြန်ထိုးစစ်ဆင်လာတာပါ။
အဲဒီနောက် အင်အား၅၀၀ ကျော်ပါ စစ်ကြောင်းနှစ် ကြောင်းကို ပုသိမ်ကြီးမြို့နယ် မြောက်ခြမ်းကနေ စစ်ကြောင်းထိုးခဲ့ပါတယ်။ နောင်ချိုမြို့နယ်ဘက်ကနေလည်း စစ်ကြောင်းထိုးပြီး အင်အားအများအပြားနဲ့ ထိုးစစ်ဆင်ခဲ့တာပါ။
အဲဒီနောက် စစ်တပ်ကဖယောင်းတောင်ရွှေလုပ်ကွက်ကို ပြန်ထိန်းချုပ်နိုင်ခဲ့ပြီး အယ်ဖာဘိလပ် မြေစက်ရုံကိုပါ မရှေးမနှောင်းဆက်တိုက်ပြန်သိမ်းယူနိုင်ခဲ့တာပါ။
အင်အားအများအပြားနဲ့ ဆေးကြောင်နေသလို မြေပြင်ကနေ အသံခံထိုးစစ်ဆင်တာ၊ အဆိပ်ငွေ့ ဗုံးအပါအဝင်လေကြောင်းကဗုံးကြဲတာ ၊အသေခံ ဒရုန်း၊ အကြိမ်ပေါင်းများစွာလက်နက်ကြီးနဲ့တိုက်ခိုက်မှု ကြောင့် တော်လှန်ရေတပ်တွေခုခံရင်း နယ်မြေ တွေဆက်တိုက်ပြန်ဆုတ်ပေးခဲ့ရပါတယ်။
တဖက်မှာ ရှမ်းမြောက်အပါအဝင် ဒေသအချို့ရဲ့လက်နက်ခဲယမ်းရရှိဖို့ အရေးပါတဲ့ ဝတပ်ဖွဲ့ကိုလည်းတရုတ်အစိုးရကအပြင်းအထန်ဖိအားပေးတာကြောင့် မဟာမိတ်တွေကို စစ်ရေး ၊စီးပွားရေး ဘယ်လိုအကူအညီမှ မပေးတော့ဘူးလို့ ဝ ခေါင်းဆောင်တွေက ညီနောင်မဟာမိတ်တွေ နဲ့ ရှမ်းမြောက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုသြဂုတ်လ တတိယပါတ်မှာခေါ်ပြောပါတယ်။နောက်ပိုင်းမှာ တော်လှန်ရေးတပ်တွေအတွက်လက်နက်ခဲယမ်းရရှိဖို့ ပိုအခက်အခဲဖြစ်လာစေခဲ့ပါတယ် ။
အောက်တိုဘာ၂၂ရက်နေ့၊ မနက်၉နာရီလောက်ကစပြီး ဆိပ်သာရွာကိုဝင်တိုးတဲ့စစ်တပ်နဲ့တော်လှန်ရေးတပ်တွေငါးလုံးပြွန်ရွာရဲ့မြောက်ဘက်မှာတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပါတယ်။ကွင်းပြင်လယ်ကွင်းတွေအထိ စစ်တပ်က အင်အားအလုံးအရင်းနဲ့တိုးလာပြီး တော်လှန်ရေးတပ်တွေဘက်ကလက်နက်ကြီး၊စက်လက်တွေ၊လက်နက်ငယ် တွေနဲ့ခုခံ ခဲ့ပေမယ့် ဆေးကြောင်နေသလို ကျည်မှန်လည်းရှေ့ဆက်တက်လာပြီး အသေခံတိုက်နေတဲ့ စစ်တပ်ကြောင့် PDF တွေက နယ်မြေ ပြန်ဆုတ်ပေးလိုက်ရတယ်လို့စစ်ရေးသတင်းအရင်းအမြစ်ကဆိုပါတယ်။
“ အတုန်းရုန်းလဲ ကျနေတာကြီးကို မြင်နေရတယ်ဗျာ။အဲဒီအပေါ်ကနေကို သူတို့(စကစ)ကဆက်တက်လာတာ။ကျွန်တော်အထင်မူးယစ် ဆေးတွေကျွေးပြီး တိုက်ခိုင်းနေတယ်။မျက်မြင်ကို တရာ လောက်ရှိတယ်လဲကျသွားတာ” လို့ ရှေ့တန်းနယ်မြေ ကိုရောက် နေသူတဦးက သူမြင်တွေ့ခဲ့ရတာကိုပြောပါတယ်။
စစ်တပ်ဘက်ကလည်း အသေခံ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ရဲဘော်တွေလည်း ထိခိုက်ကျဆုံးမှုတချို့ရှိခဲ့ပါတယ်။
အဲဒီနောက်နယ်မြေတွေဆက်တိုက်ဆုတ် ပေးခဲ့ရတာဟာ နိုဝင်ဘာ၆ ရက်နေ့မှာ မတ္တရာမြို့နယ်အရှေ့ခြမ်းက အင်ကြင်းမြိုင် လေကြောင်းရန်ကာကွယ် ရေးတပ်နဲ့ ဆည်တော်ကြီးရေ လှောင်တမံတို့ ကိုPDF တွေထပ်မံလက်လွှတ်ခဲ့ရပြန်ပါတယ်။
နိုဝင်ဘာလ၂၄ရက် နေ့ညပိုင်းမှာ မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်အစပ်က ပတ်လည်အင်း ကျေးရွာကို စစ်တပ်ကဝင် ရောက်မီးရှို့ခဲ့ပြီး စစ်ကြောင်းတွေကို စဉ့်ကူးနယ်စပ်အထိ တိုးခဲ့ပါတယ်။
မတ္တရာမြို့နယ်အစွန်အထိ စစ်တပ်သိမ်းယူခဲ့ပြီးတဲ့ နောက် စဉ့်ကူးမြို့နယ်ကဒေသခံတွေဟာလည်း စစ်တပ်က စဥ့်ကူးကိုဆက်ပြီး ထိုးစစ်ဆင်လာနိုင်တာကိုတွေးပြီး စစ်ဘေးရှောင်ကြပါတော့တယ်။
ဒီလမ်းကြောင်းဟာ မန္တလေး-မိုး ကုတ်လမ်းပိုင်းကိုစိုးမိုးဖို့ကြိုးစားနေတဲ့စစ်တပ်ရဲ့ရည်မှန်းချက်တဝက်မကပြည့်ခဲ့တာဖြစ်ပါတယ်။တချိန်တည်းမှာ နိုဝင်ဘာလကုန်ပိုင်းမှာ တရုတ်ရဲ့ ဇာတ်ညွှန်းကြောင့် TNLA ရဲ့အကူအညီ မိုးကုတ်မြို့ထဲကိုလည်း စစ်တပ်စတင်ဝင်ရောက်ဖို့ပြင်နေပြီဖြစ်ပါတယ် ။
တော်လှန်ရေးတပ်တွေအနေနဲ့ မတ္တရာမြို့နယ်အရှေ့ခြမ်းကနေ နောက်ဆုတ်ခဲ့ရတာဟာ စစ်တပ်က လူအင်အား ၊လက်နက်အင်အားအများအပြားသုံးလာနိုင်တာ ၊ တရုတ်အကူအညီနဲ့ စစ်တပ်ကရှမ်းမြောက်မှာ အပစ်ရပ်ပြီး မတ္တရာအပါအဝင်ကျန်ဒေသတွေကိုပိုဖိလာနိုင်တာ ၊တစ်ဖက်မှာ တရုတ်အစိုးရဖိအားကြောင့် တော်လှန်ရေးတပ်တွေဟာ လက်နက်ခဲယမ်းတွေရတဲ့ လမ်းကြောင်းတွေပိုကြပ်တည်းလာတာစတာတွေကြောင့်ဖြစ်တယ်လို့ စစ်ရေးအကဲခတ်အချို့ကသုံးသပ်ပါတယ်။
မတ္တရာမြို့နယ်ရှေ့ခြမ်းကို တော်လှန်ရေးတပ်တွေပြန်လက်လွှတ်ခဲ့ရတာကြောင့် မန္တလေးPDF ဦးဆောင်ထိုးစစ်ဆင်ပြီး ရှမ်းမန်းစစ်ဆင်ရေးမှာ ၂၀၂၄ ဇူလိုင်လကသိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့ညစဥ့်ကူးမြို့နယ်အတွက်ပါ ဖိအားများစေလာပါတော့တယ်။ ။



















































