အိမ်ဖြူတော်နားမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအပြီး အမေရိကန် အစိုးရဟာ အာဖဂန် နစ္စတန် နိုင်ငံသားတွေရဲ့ ပြည်ဝင်ခွင့် လျှောက်ထားမှု မှန်သမျှကို ဆိုင်းငံ့ထားစေလိုက်ပါတယ်။
နိုဝင်ဘာ ၂၆ ရက်နေ့တုန်းက ဝါရှင်တန်ဒီစီ မြို့တော်ထဲမှာ အိမ်ဖြူတော်နဲ့ ဘလောက် နှစ်ခုလောက် အကွာ လမ်းဆုံမှာ လုံခြုံရေး စောင့်ကြပ်နေတဲ့ အမေရိကန် အမျိုးသား အစောင့်တပ်ရဲ့ တပ်ဖွဲ့ဝင် စစ်သားနှစ်ဦးကို လူတစ်ယောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ စစ်သားနှစ်ယောက် အပြင်းအထန် ဒဏ်ရာရခဲ့ပြီး သေနတ်သမားကိုတော့ နောက်ထပ် စစ်သားတစ်ယောက်က ပစ်ခတ်ပြီး အရှင်ဖမ်းမိခဲ့ပါတယ်။
သံသယ တရားခံဟာ အသက် ၂၉ နှစ်အရွယ် ရာမန်ညူလာ လာကန်ဝယ်လ် ဆိုသူဖြစ်ပြီး ၂၀၂၁ တုန်းက အမေရိကန်ကို ပြောင်းရွှေ့လာတဲ့ အာဖဂန် နစ္စတန် နိုင်ငံသား တစ်ဦးလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
အဲဒီနောက် နိုဝင်ဘာ ၂၇ ရက်နေ့မှာတော့ အမေရိကန် အစိုးရရဲ့ နိုင်ငံသားနဲ့ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ ဌာနက အာဖဂန် နိုင်ငံသားတွေနဲ့ ဆက်နွှယ်တဲ့ ပြည်ဝင်ခွင့် လျှောက်ထားမှု မှန်သမျှကို ဆိုင်းငံ့ထားဖို့ ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။

Public Service Announcement
အဲဒီ ညွှန်ကြားချက်ဟာ ချက်ချင်း အသက်ဝင်စေမှာဖြစ်ပြီး လုံခြုံရေးဆိုင်ရာ ပြန်လည် ဆန်းစစ်မှုတွေ မပြီးမချင်း ကြာမြင့်နေလိမ့်မယ်လို့ ဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိခဲ့ပါတယ်။
အဲဒီ ကြေညာချက် ထွက်မလာခင် နာရီပိုင်း အလိုမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စစ်သားနှစ်ဦး ပစ်ခတ်ခံရတဲ့ ကိစ္စဟာ အကြမ်းဖက် တိုက်ခိုက်မှုလို့ စွပ်စွဲခဲ့ပြီး သမ္မတဟောင်း ဂျိုးဘိုင်ဒန် လက်ထက်တုန်းက ဝင်ချင်တိုင်း ဝင်ခွင့်ပြုထားခဲ့တဲ့ အာဖဂန် နစ္စတန် နိုင်ငံသားတွေ တစ်ယောက်ချင်းစီကို ပြန်စိစစ်ရတော့မယ်လို့ ပြောကြားခဲ့ပါတယ်။
ထရမ့်ဟာ အမေရိကန်ကို ရွှေ့ပြောင်း အခြေချတဲ့ နိုင်ငံခြားသားတွေနဲ့ ပတ်သက်ရင် တင်းမာတဲ့ မူဝါဒမျိုးကို ကျင့်သုံးနေပြီး အခုပစ်ခတ်မှုကလည်း သူ့ရဲ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒတွေကို ပြင်ဆင် ပြောင်းလဲရေးမှာ ပါဝင် သက်ရောက်လာနိုင်ပါတယ်။
ထရမ့်က အာဖဂန်ကို ငရဲတွင်းတစ်ခုလို့ပါ ဝေဖန်ခဲ့ပြီး ဘိုင်ဒန်လက်ထက်တုန်းက အာဖဂန်ကနေ အမေရိကန်ကို ရောက်လာခဲ့သူ တစ်ဦးချင်းစီကို ပြန်လည် စစ်ဆေးစေမယ်လို့ ပြောကြားခဲ့ပါတယ်။
အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ် ဒေးဗစ် ဗန့်စ်ကလည်း ဘိုင်ဒန်ဟာ အမေရိကန်ကို အာဖဂန်နိုင်ငံသားတွေ အဆီးအတားမရှိ အုံနဲ့ကျင်းနဲ့ ဝင်ရောက်လာအောင် လမ်းဖွင့်ပေးခဲ့သူလို့ စွပ်စွဲသွားပါတယ်။
ရွှေ့ပြောင်း အခြေချသူတွေအပေါ် ထရမ့်အစိုးရ ကျင့်သုံးနေတဲ့ မူဝါဒတွေက အရမ်းခက်ထန်ကြောင်း တချို့က ဝေဖန်နေပေမယ့် ဒီပစ်ခတ်မှုဟာ ဝေဖန်သူတွေ မှားတယ်ဆိုတာ သက်သေပြပြီးသား ဖြစ်စေခဲ့ကြောင်း ဗန့်စ်က လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။
ကိုးကား: ABC















































