close
Connect with us

Hi, what are you looking for?

အတွေးအမြင်

မြန်မာကိုဗဟိုပြု​လာသည့် ကျားဖြန့်ပြသာနာ

မြန်မာနိုင်ငံ နှင့် အိမ်နီးချင်းနိုင်ငံများတွင် “ ကျားဖြန့်” အကြောင်းသည်လတ်တလောလူပြောအများဆုံးနှင့် အရေးအကြီးဆုံး သတင်းတခု ဖြစ်လာခဲ့သည်။

ကိုသုညံ​ရေးသားသည်။

မြန်မာနိုင်ငံ နှင့် အိမ်နီးချင်းနိုင်ငံများတွင် “ ကျားဖြန့်” အကြောင်းသည်လတ်တလောလူပြောအများဆုံးနှင့် အရေးအကြီးဆုံး သတင်းတခု ဖြစ်လာခဲ့သည်။

ကျားဖြန့်သည်ရိုးရှင်းသောငွေလိမ်မှုတစ်ခုမျှမဟုတ်ပဲ၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ၊ နယ်မြေခံ လက်နက်ကိုင်အဖွဲ့များနှင့် အာဏာပိုင်အဖွဲ့အစည်းများ၏ ပတ်သက်မှုများဖြင့် ရှုပ်ထွေးနေသော ကြီးမားသည့် စီးပွားရေးလုပ်ငန်းကြီးတခု ဖြစ်သည်။

“ ကျားဖြန့်” ဆိုသည်မှာ တရုတ်ဘာသာဖြင့် “ လိမ်လည်ခြင်း” ဟု အဓိပ္ပာယ်ရပြီး အဓိကအားဖြင့် အွန်လိုင်းမှ ငွေကြေးလိမ်လည်မှု (Cyber Scam နဲ့ Telecom Scam) များကို ဆိုလိုပါသည်။ အင်တာနက်၊ ဖုန်း၊ လူမှုကွန်ယက်မီဒီယာများကို အသုံးပြပြီး လူများထံမှ ငွေကြေးလိမ်လည်ကြခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

နည်းပညာကို အသုံးပြပြီး စနစ်တကျ ဖွဲ့စည်းထားသည့် နိုင်ငံဖြတ်ကျော် ငွေလိမ်ရာဇဝတ်ဂိုဏ်းများ၏ စီးပွားရေးလုပ်ငန်းကြီးများပင်ဖြစ်သည်။

ကျားဖြန့်လုပ်ငန်းသည်ယခင်ကတရုတ်နိုင်ငံသားများကိုအဓိကထားပစ်မှတ်ထားရာမှယခုအခါအမေရိကန်၊ဥရောပနှင့်အရှေ့တောင်အာရှနိုင်ငံများအထိပစ်မှတ်ထားလာကြသည်။

ကျားဖြန့်လုပ်ငန်းများအတွက် နိုင်ငံတကာမှ လူကုန်ကူးခံရသူ ထောင်ပေါင်းများစွာကို မြန်မာနိုင်ငံ မြ၀တီမြို့အနီးရှိ ရွှေကုက္ကိုမြို့သစ်၊ KK Park ၊​ကျောက်ခက်စသည့်နေရာများတွင် အဓမ္မခိုင်းစေလျက်ရှိသည်။

ကျားဖြန့်လုပ်ငန်းခွင်များတွင်အကျဉ်းထောင်သဖွယ် လုံခြုံရေးတင်းကျပ်ကာ လူ့အခွင့်အရေးများကို ပြင်းထန်စွာချိုးဖောက်နေကြသည်။

တရုတ်ရာဇဝတ်ဂိုဏ်းများ (Chinese Transnational Criminal Organizations)က ကျားဖြန့်လုပ်ငန်းများကို ဦးဆောင်ပြီး နည်းပညာနှင့် စီမံခန့်ခွဲမှုပိုင်းကို လုပ်ကိုင်နေကြသည်။ ထိုအဖွဲ့များသည်တရုတ်ပြည်မကြီး၏ နှိမ်နင်းမှုကြောင့်မြန်မာနယ်စပ်ဒေသများသို့ပြောင်းရွှေ့လာကြခြင်းဖြစ်သည်။

၎င်းရာဇဝတ်ဂိုဏ်းများအားနိုင်ငံတွင်း အခြေချရန် နေရာ၊ အခြေခံအဆောက်အအုံနှင့် လက်နက်ကိုင်လုံခြုံရေး ပေးထားသော ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းများသည် မြေငှားခ၊ အခွန်အခနှင့် လုံခြုံရေးကြေးများမှတစ်ဆင့် ငွေကြေးအကျိုးအမြတ်ကြီးမားစွာ ရရှိနေကြသည်။

လက်ရှိ နာမည်ကြီးနေသည့် မြန်မာ-ထိုင်းနယ်စပ်ရှိ ကျားဖြန့်ပြဿနာတွင်မြန်မာစစ်တပ် (စစ်ကော်မရှင်) နှင့် စစ်တပ်ဩဇာခံ ကရင်နယ်ခြားစောင့်တပ် (Border Guard Force-BGF) တို့၏ ပတ်သက်မှုသည် အဓိက ရှုပ်ထွေးစေသော အကြောင်းရင်း ဖြစ်သည်။

ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည် BGF အဖွဲ့စည်းသည် မြန်မာ-ထိုင်းနယ်စပ်အနီး မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့်လုပ်ငန်းများအတွက် တိုက်ရိုက်ပတ်သက်မှု အကြီးဆုံးအဖွဲ့ ဖြစ်သည်။ BGF သည် ၎င်းတို့ ထိန်းချုပ်ထားသော မြဝတီမြို့အနီးရှိ ရွှေကုက္ကိုမြို့သစ်၊ KK Park ကဲ့သို့သော နေရာများတွင် တရုတ်ရာဇဝတ်ဂိုဏ်းများ အခြေစိုက်လုပ်ကိုင်နိုင်ရန် လုံခြုံရေး ပေးထားသည်။

USIP (United States Institute of Peace) အစီရင်ခံစာများအရ BGF သည် ဤလုပ်ငန်းများမှနှစ်စဉ်ဒေါ်လာသန်းရာနှင့်ချီရရှိနေသည်ဟု ဖော်ပြသည်။BGF ခေါင်းဆောင်အချို့သည် ကျားဖြန့်ခေါင်းဆောင်များနှင့်ပူးပေါင်းကာလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြောင်း သတင်းတွေထွက်ရှိခဲ့သည်။BGFသည် စစ်ကောင်စီ၏ကွပ်ကဲမှုအောက်တွင်ရှိပြီးBGFအဖွဲ့ ဝင်ငွေ၏၅၀ရာခိုင်နှုန်းလောက်ကို စစ်တပ်သို့ ခွဲဝေပေးသည်ဟု အစီရင်ခံစာများက ဆိုသည်။

စစ်ကောင်စီသည်နိုင်ငံတကာ၏ဖိအားနှင့် တရုတ်အစိုးရ၏ တောင်းဆိုမှု မတိုင်မီအထိ ဤရာဇဝတ်မှုများကို မျက်ကွယ်ပြုထားခဲ့သည်။

အချို့သော နယ်မြေဒေသများ(ဥပမာ- ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ) တွင်မူ စစ်ကောင်စီနှင့် ၎င်း၏ ဩဇာခံများ ကိုယ်တိုင် ကျားဖြန့်လုပ်ငန်းများတွင် တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့ကြသည်။

၂၀၂၃ ခုနှစ်နှောင်းပိုင်းက ရှမ်းမြောက်ပိုင်း (ကိုးကန့်) တွင်တရုတ်အစိုးရ၏ ပြင်းထန်သော ဖိအားပေးမှုများကြောင့် ‘၁၀၂၇ စစ်ဆင်ရေး’ ဖြစ်ပေါ်လာခဲ့ပြီး ကျားဖြန့်ခေါင်းဆောင်ပိုင်းများအား တရုတ်သို့ လွှဲပြောင်းပေးခဲ့ရသည်။ ဤသည်မှာ မြန်မာနိုင်ငံအပေါ် တရုတ်၏ ဩဇာအာဏာကိုပြသလိုက်ခြင်းဖြစ်သည်။

နိုင်ငံတကာ ဖိအားများ မြင့်တက်လာချိန်တွင် မြန်မာစစ်တပ်နှင့် BGF တို့သည် KK Park ကဲ့သို့သော နေရာအချို့သို့ ဝင်ရောက်ရှင်းလင်း စီးနင်းဖမ်းဆီးမှုများ ပြုလုပ်ခဲ့သော်လည်း ထိုသို့ပြုလုပ်ခြင်းသည် ဟန်ပြဖမ်းဆီးမှု၊ ရှင်းလင်းမှုသာဖြစ်ပြီး၊ အဓိကကျသည့် ကျားဖြန့်လုပ်ငန်းခေါင်းဆောင်များကို နေရာသစ်သို့ ရွှေ့ပြောင်းပေးခြင်း သက်သက်သာ ဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များကဝေဖန်ကြသည်။ ရွှေကုက္ကိုမြို့သစ်လို နေရာများတွင် လုပ်ငန်းများ ဆက်လက်လည်ပတ်နေဆဲ ဖြစ်သည်ဟု သတင်းများက ဆိုသည်။

ကျားဖြန့်ဂိုဏ်းများက အမေရိကန်နိုင်ငံသားများကိုပါ ပစ်မှတ်ထားလာသောကြောင့် အမေရိကန်အစိုးရသည် ဤပြဿနာကို နှိမ်နင်းရန် တပ်ဖွဲ့(United State Scan Center Strike Force) ဖွဲ့စည်းကာ စတင်ခြေလှမ်းလာသည်။ ကျားဖြန့်ရာဇဝတ်မှုတွင် ပါဝင်ပတ်သက်သူများအပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်လာဖွယ်ရှိသည်။

မြန်မာစစ်ကော်မရှင်ဘက်ကတော့ အမေရိကန်အစိုးရ၏ Strike Force ဖွဲ့စည်းခြင်းသည် ကျားဖြန့်လုပ်ငန်းနှိမ်နှင်းရှင်းလင်းဖို့ထက် (Hidden Agenda)နောက်ကွယ်ကဖုံးကွယ်ထားသည့် နက်နဲသည့် လျှို့ဝှက်ချက် အစီစဉ်များ ရှိနိုင်သည်ဟု စွတ်စွဲတုန့်ပြန်ထားသည်။

ကျားဖြန့်လုပ်ငန်းသည်မြန်မာနိုင်ငံ၏လက်ရှိ အုပ်ချုပ်ရေး ကင်းမဲ့မှု၊ဥပဒေမဲ့မှုနှင့်ပြည်တွင်းပဋိပက္ခကို အခွင့်ကောင်းယူ၍ ကြီးထွားလာခြင်းဖြစ်သည်။ ၎င်းကို အပြီးတိုင် အဆုံးသတ်ရန်မှာ ရိုးရှင်းမည် မဟုတ်ပါ။ လွယ်ကူမည်မဟုတ်ပါ။

ကျားဖြန့်လုပ်ငန်းများကို ရှင်းလင်းရန်အတွက် ကျားဖြန့်လုပ်ငန်းဆက်လက်ရှင်သန်စေနိုင်သော လက်နက်ကိုင်အဖွဲ့အစည်းများ၏ စီးပွားရေးအကျိုးစီးပွား ကို ဖြတ်တောက်ရန် လိုအပ်သည်။

စစ်ကောင်စီ၏ ဩဇာခံအဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသရွေ့ အမှန်တကယ်ရှင်းလင်း နှိမ်နင်းနိုင်မည်မဟုတ်ပေ။အမှန်တကယ်ရှင်းလင်းရန်အတွက် တရုတ် နှင့် နိုင်ငံတကာ၏ ဖိအားကသာ အဓိကသော့ချက် ဖြစ်နေသည်။

တရုတ်အစိုးရအနေဖြင့်၎င်းတို့၏ နိုင်ငံသားများကို လိမ်လည်နေသောအဆိုပါဂိုဏ်းများကို ရှင်းလင်းရန် ဆန္ဒပြင်းပြသည်။ ဤသည်မှာ မြန်မာ့ပဋိပက္ခအတွင်း တရုတ်၏စစ်ရေးအရ ဝင်ရောက်စွက်ဖက်ရန်အကြောင်းပြချက်ကောင်းတစ်ခုဖြစ်လာနိုင်သည်။

ကျားဖြန့်နှင့် နယ်မြေထိန်းချုပ်ရေးပြဿနာသည် လောက်ကိုင်ကဲ့သို့ ဒေသတွင်း ပဋိပက္ခကို ပိုမိုပြင်းထန်စေနိုင်ပါသည်။ စစ်တပ်လက်​အောက်ခံ BGF ကဲ့သို့သော အဖွဲ့အစည်းများသည် ၎င်းတို့၏ စီးပွားရေးအင်အားကို ကာကွယ်ရန် ကြိုးပမ်းမည်ဖြစ်ပြီး၊ ထိုဒေသများတွင် စစ်ရေးပဋိပက္ခများ ပိုမိုဖြစ်ပွားလာနိုင်ခြေ ရှိသည်။

အချုပ်အားဖြင့် “ ကျားဖြန့်” သည် မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခ၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုနှင့် ကြီးမားသော နိုင်ငံရေးဂယက်ရိုက်ခတ်မှု တို့ ရောထွေးနေသည့် ပြဿနာဖြစ်သည်။

ဤလုပ်ငန်းများကို အပြီးတိုင် ချုပ်ငြိမ်းနိုင်ရေးသည် စစ်တပ် နှင့် စစ်တပ်လက်​အောက်ခံအဖွဲ့အစည်းများပါဝင်ပါတ်သက်မှုကြီးမားလှသဖြင့်စစ်တပ်က ဦး​ဆောင်​ဖြေရှင်းနိုင်မည်မဟုတ်သည်က​သေချာသည်။ စစ်တပ်က ဦး​ဆောင်​ဖြေရှင်းမည်ဆိုလျင်လည်း ဖား​ခေါင်းကဦး​ဆောင်မည့်ပြည့်တန်ဆာပ​ပျောက်​ရေးစီမံချက်ကဲ့သို့သာဖြစ်​ပေလိမ့်မည် ။ ထိုအပြင် စစ်အုပ်စုတွင် ထိုပြသာနာ​​ဖြေရှင်းနိုင်ရန် ​စေတနာ​ရော ၊အရည်အချင်းပါမရှိသလို ၊ကိုယ်တိုင်ပါဝင်ပါတ်သက်​နေ၍မဖြစ်နိုင်ပါ။

ပြည်သူများက ​​ရွေးချယ်တင်​မြှောက်ထား​သောပြည်သူ​ထောက်ခံသည့် ​ရွေး​ကောက်ခံအရပ်သားအစိုးရမျိုးကသာ ယခုကဲ့သို့ ရှုပ်​ထွေးခက်ခဲ​သောပြသာနာကို လူထု​ထောက်ခံမှု နှင့် နိုင်ငံတကာအား​ပေးကူညီမှုဖြင့်သာ​ ဖြေရှင်းနိုင်မည်ဟုယူဆပါသည်။

​သေချာသည်က ကျားဖြန့်ပြသာနာသည်လူထုလိုလား​သော ဖက်ဒရယ်ဒီမိုက​ရေစီနိုင်ငံထူ​ထောင်​ရေးအတွက် ဆူ​ညှောင်ခလုပ်ပင်ဖြစ်သည်။စစ်တပ်အာဏာသိမ်းလို့ ဘက်​ပေါင်းစုံ နိမ့်ကျ​​နေတဲ့နိုင်ငံကိုစစ်တပ်လက်​အောက်ခံ ပြည်သူ့စစ် ၊ BGF၊ရာဇဝဏ်ဂိုဏ်း​တွေ​ကြောင့်ကြီးထွားလာတဲ့ ကျားဖြန့်က နိုင်ငံတကာတွင် မြန်မာ့ပုံရိပ်ကိုတံ​ထွေးခွက်တွင် ​မျော​စေခဲ့သည်။

ထို​ကြောင့်ကျားဖြန့် ပြသာနာ​ဖြေရှင်း​ရေးသည်ဖက်ဒရယ်ဒီမိုက​ရေစီနိုင်ငံသစ်တည်​ဆောက်​ရေး၊အနာဂတ်တရားဥပဒေစိုးမိုးရေး ၊ငြိမ်းချမ်း​ရေး နှင့် တိုင်းပြည်ဖွံ့ဖြိုး​ရေးတို့ အတွက် အ​ရေးကြီးသည့် စိန်​ခေါ်ချက်တစ်ခုဖြစ်နေပါသည်။

ဆက်စပ်သတင်းများ