close
Connect with us

Hi, what are you looking for?

အတွေးအမြင်

အာဏာရှင်စနစ်ကိုတိုင်းတာတဲ့အချက်(၁၂)ချက်

ပြီးခဲ့တဲ့အောက်တိုဘာလ၃၁ရက်နေ့မှာ နယူးယောက်တိုင်းမ်စ်သတင်းစာကြီးကပြင်းထန်တဲ့အယ်ဒီတာ့အာဘော်တစ်ပုဒ်ကိုဖေါ်ပြခဲ့ပါတယ်။ခေါင်းစဉ်ကတော့ “ကျွန်တော်တို့ဒီမိုကရေစီကိုကျွန်တော်တိုဆုံးရှုံး နေပြီလား” (Are We Losing Our Democracy?)ဖြစ်ပါတယ်။

မောင်ငယ်လေးရေးသားသည်။

ပြီးခဲ့တဲ့အောက်တိုဘာလ၃၁ရက်နေ့မှာ နယူးယောက်တိုင်းမ်စ်သတင်းစာကြီးကပြင်းထန်တဲ့အယ်ဒီတာ့အာဘော်တစ်ပုဒ်ကိုဖေါ်ပြခဲ့ပါတယ်။ခေါင်းစဉ်ကတော့ “ကျွန်တော်တို့ဒီမိုကရေစီကိုကျွန်တော်တိုဆုံးရှုံး နေပြီလား” (Are We Losing Our Democracy?)ဖြစ်ပါတယ်။

အယ်ဒီတာ့အာဘော်ကပြောချင်တာကတော့သမ္မတဒေါ်နယ်ထရမ့်ရဲ့လက်အောက်မှာအမေရိကန်လူ့အဖွဲ့အစည်းဟာအာဏာရှင်စနစ်ဆီကိုအသွင်ကူးပြောင်းနေပြီဆိုတာပဲဖြစ်ပါတယ်။

ဒီအခြေအနေကို အချက်(၁၂)ချက်နဲ့တိုင်းတာပြပါတယ်။ဒီအချက်တွေကနိုင်ငံတစ်နိုင်ငံဟာအာဏာရှင်စနစ်ဖြစ်နေပြီဆိုတာကို သက်သေထူတဲ့လက္ခဏာတွေလို့ဆိုလိုက်တာပါပဲ။

Public Service Announcement

Public Service Announcement

ကျွန်တော်တို့လူ့အဖွဲ့အစည်းနဲ့ရောနီးစပ်မှုရှိရဲ့လားဆိုတာကိုကြည့်ကြရအောင်ပါ။

(၁)အာဏာရှင်ဟာအယူအဆမတူသူတွေနဲ့လွတ်လပ်စွာပြောဆိုခွင့်ကိုဖိနှိပ်တယ်။

ရုရှကဗလာဒီမာပူတင်၊ဗင်နီဇွဲလားကနီကိုးလတ်စ်မာဒူရို၊တူရကီကရီဆက်တာရစ်အာဒိုဂန်၊ဟန်ဂေရီက ဗစ်တာအော်ဘန်နဲ့အိန္ဒိယကနရန်ဒရာမိုဒီတို့အားလုံးမှာတူညီတဲ့အချက်ကလွတ်လပ်စွာပြောဆိုခွင့်နဲ့ အဃူအဆမတူကွဲပြားခြင်းကိုလုံးဝသည်းမခံတာပဲဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်လည်းဒီအတိုင်းပါပဲ။ ရုပ်သံသတင်းဌာနတွေကိုခြိမ်းခြောက်ဖိအားပေးတယ်။လိုင်စင်သိမ်းမယ်လို့ကြွေးကြော်တယ်။ ဂါဇါအရေးကိုဝေဖန်တဲ့ကျောင်းသားလူငယ်တွေကိုဖိနှိပ်ပါတယ်။ဖမ်းဆီးပါတယ်။

(၂)အာဏာရှင်ဟာအတိုက်အခံတွေကိုနှိပ်စက်ညှင်းပန်းတယ်။

အာဏာရှင်အစိုးရတွေဟာလွတ်လပ်စွာဝေဖန်ပြောဆိုခွင့်ကိုပိတ်ပင်ရုံသာမကပါဘူး။သူ့ကိုအတိုက်အခံပြုသူတွေကိုလည်းနှိပ်စက်ကလူပြုပါတယ်။သူတို့ဟာတရားရေးဌာနတွေကိုလက်ကိုင်တုတ်လိုအသုံးချပြီးဥပဒေကိုလက်စားချေဖို့အတွက်လက်နက်သဖွယ်အသုံးပြုပါတယ်။

ထရမ့်ဟာသူနဲ့ရုရှထောက်လှမ်းရေးရဲ့ဆက်ဆံရေးကိုစုံစမ်းခဲ့တဲ့အက်ဖ်ဘီအိုင်ညွှန်ကြားရေးမှူးဟောင်းဂျိမ်းစ်ကိုမေနဲ့သူ့အလိုမလိုက်ခဲ့တဲ့နယူးယောက်ရှေ့နေချုပ်လာတီရှာဂျိမ်းတို့ကိုမတရားသဖြင့်အရေးယူခဲ့ပါတယ်။ဒီလိုအရေးယူဖို့အတွက်တရားရေးဌာနကိုလက်ကိုင်တုတ်လုပ်ခဲ့ပါတယ်။ အခြားသူတွေ ကိုလည်းအလားတူအရေးယူဖို့ပြင်ဆင်နေပါတယ်။

(၃)အာဏာရှင်ဟာဥပဒေပြုရေးမဏ္ဏိုင်ကိုမျက်ကွယ်ပြုတယ်။

အာဏာရှင်နိုင်ငံတွေမှာဥပဒေပြုရေးမဏ္ဏိုင်ဆိုတာရုပ်ပြသာဖြစ်ပါတယ်။ရွေးကောက်ပွဲတွေက တင်မြှောက်တဲ့ပြည်သူ့ကိုယ်စားလှယ်တွေကိုအာဏာရှင်တွေကရုပ်ပြအဆောင်အယောင်အဖြစ်သာ အသုံးချကြတာပါ။

ဒေါ်နယ်ထရမ့်ဟာကွန်ဂရက်စ်ကအတည်ပြုဖွဲ့စည်းထားတဲ့ပညာရေးဌာနနဲ့USAIDတို့ကိုကွန်ဂရက်စ်ရဲ့အတည်ပြုချက်မရပဲဖျက်သိမ်းခဲ့ပါတယ်။ကွန်ဂရက်စ်ကဘတ်ဂျတ်အတည်ပြုပေးထားတဲ့စာကြည့် တိုက်တွေ၊ကျောင်းတွေ၊သိပ္ပံပညာဆိုင်ရာသုတေသနပြုတဲ့အစီအစဉ်တွေ အပါအဝင်အခြားစီမံကိန်းတွေရဲ့ငွေကြေးတွေကိုတရားမဝင်ထိန်းချုပ်ခဲ့ပါတယ်။

(၄)အာဏာရှင်ဟာပြည်တွင်းရေးမှာစစ်တပ်ကိုသုံးစွဲပြီးချုပ်ကိုင်တယ်။

ရင်းရင်းနှီးနှီးကြားဖူးသလိုလိုတော့ရှိပါတယ်နော်။အရပ်သားအစိုးရတချို့လည်းမတတ်သာလို့စစ်တပ်ကိုမြို့ပေါ်အရေးကိစ္စတွေမှာသုံးစွဲရတာရှိပါတယ်။သဘာဝဘေးအန္တရာယ်နဲ့ရင်ဆိုင်ရတဲ့အခါ၊ပြင်းထန်တဲ့လူမျိုးရေးဘာသာရေးအဓိကရုဏ်းတွေရှိတဲ့အခါမျိုးတွေမှာပါ။

ဒေါ်နယ်ထရမ့်ကတော့ဆန္ဒပြမှုတွေကိုနှိပ်ကွပ်ဖို့လောစ့်အိန်ဂျလိစ်ကိုစစ်တပ်တွေပို့ပြီးဖြိုခွဲခဲ့ပါတယ်။ပေါ့ထ်လန်းနဲ့ချီကာဂိုလိုနေရာတွေကိုလည်းဒီလိုပဲနှိမ်နှင်းခဲ့ပါတယ်။ထရမ့်ဟာစစ်တပ်ကိုသူ့ရဲ့ခါးပိုက်ဆောင်တပ်လိုပြုမူနေပါတယ်။

(၅)အာဏာရှင်ဟာတရားရုံးတွေကိုမထေမဲ့မြင်ပြုတယ်။

အာဏာရှင်တွေဟာဥပဒေပြုရေးမဏ္ဏိုင်တွေကိုမျက်ကွယ်ပြုရုံမကပါဘူး။တရားရုံးတွေကိုလည်း မထေမဲ့မြင်ပြုပါတယ်။ဒီလိုနည်းနဲ့အာဏာရှင်လူ့အဖွဲ့အစည်းတွေမှာတရားရုံးတွေ ဟာစက္ကူကျားဖြစ်သွားကြရပါတယ်။

ပြီးခဲ့တဲ့မတ်လတုန်းကအယလ်ဆာဗေဒိုနိုင်ငံကိုပြန်ပို့နှင်ထုတ်ခံရတဲ့သူတွေကိုသယ်ဆောင်လာတဲ့ လေယာဉ်ကိုပြန်လှည့်ဖို့ပြည်ထောင်စုတရားသူကြီးကအမိန်းပေးတာကိုမလိုက်နာခဲ့ပါဘူး။ ဗဟိုတရားရုံးချုပ်ရဲ့စကားကိုတောင်သူနားမထောင်ခဲ့ပါဘူး။

(၆)အာဏာရှင်ဟာအရေးပေါ်အခြေအနေကိုလိမ်ပြီးကြေညာလေ့ရှိတယ်။

တော်တော့်ကိုရင်းရင်းနှီးနှီးကြားဖူးပါတယ်နော့။အာဏာရှင်တွေဟာဒီမိုကရေစီကိုချိုးဖေါက်ဖို့အတွက်အရေးပေါ်အခြေအနေကိုကြေညာအသုံးချလေ့ရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီလိုအခြေအနေတွေမှာသူတို့လုပ်ချင်ရာလုပ်လို့ရလို့ပါပဲ။

ဒေါ်နယ်ထရမ့်ဟာဒီနည်းနဲ့မြို့တော်ဝါရှင်တန်ကိုစစ်တပ်တွေစေလွှတ်ခဲ့ပါတယ်။စွမ်းအင်ဆိုင်ရာလုပ်ငန်းတွေနဲ့ကုန်သွယ်ခွန်တွေကိုစိတ်ထင်တိုင်းလုပ်ခဲ့ပါတယ်။

(၇)အာဏာရှင်ဟာအပစ်ပယ်ခံလူနည်းစုတွေကိုအသရေဖျက်တယ်။

အပစ်ပယ်ခံလူနည်းစုတွေကိုနာမည်ဖျက်ပြီးတရားခံရှာတာဟာအာဏာရှင်တွေရဲ့ထင်ရှားလှတဲ့တူညီမှုလက္ခဏာဖြစ်ပါတယ်။ဒေါ်နယ်ထရမ့်ကိစ္စမှာတော့ရွှေ့ပြောင်းအခြေချနေထိုင်သူတွေကိုလက်ညှိုးထိုးတာဖြစ်ပါတယ်။

အခြေချနေထိုင်သူတွေကိုလူမှုအသိုင်းအဝိုင်းကိုဖျက်ဆီးသူတွေအဖြစ်သမုတ်ပါတယ်။ဒီလိုနဲ့စပိန်စကားပြောတဲ့လက်တီနိုတွေဟာအများပြည်သူတွေရှေ့မှာစကားမပြောရဲကြရှာတော့ပါဘူး။ပြီးတော့သွားလေရာမှာသူတို့နိုင်ငံသားဖြစ်ကြောင်းသက်သေပြဖို့ပတ်စ်ပို့စာအုပ်လေးတွေကိုဆောင်သွားကြရပါတယ်။တကယ်တော့ရွှေ့ပြောင်းအခြေချနေထိုင်သူတွေကိုပြန်ပို့ချင်တယ် ဆိုရင်ထရမ့်အနေနဲ့ပထမဆုံးလုပ်ရမှာကသူနဲ့တစ်ကုတင်ထဲအိပ်နေတဲ့မီလာနီယာထရမ့်ကိုဆလိုဗေးနီးယားကိုပြန်ပို့လိုက်ဖို့ပါပဲ။

ထရမ့်ကလိင်စိတ်ကွဲပြားသူတွေရဲ့အခွင့်အရေးတွေကိုလည်းမျက်ကွယ်ပြုပါတယ်။အသားအရောင်ရှိသူတွေကိုအဓိကကျတဲ့ရာထူးတွေကနေထုတ်ပယ်ပါတယ်။လူမည်းတွေရဲ့သမိုင်းတွေကိုဖျောက်ဖျက်ပစ်ပါတယ်။

(၈)အာဏာရှင်ဟာသတင်းအချက်အလက်နဲ့သတင်းမီဒီယာကိုထိန်းချုပ်တယ်။

သွေးထွက်အောင်မှန်တယ်ဆိုတာဒီအချက်လည်းပါပါတယ်။ဒီမိုကရေစီအစိုးရတွေကမှန်ကန်တဲ့သတင်း အချက်အလက်ပေါ်မှာမူတည်ပြီးဆုံးဖြတ်ချက်ကိုချလေ့ရှိပါတယ်။အာဏာရှင်တွေကတော့မှန်ကန်တဲ့သတင်းအချက်အလက်တွေတင်ဆက်သူတွေကိုအပစ်ပေးလေ့ရှိပါတယ်။

ထရမ့်ကသူမကြိုက်တဲ့အချက်အလက်တွေပေးတဲ့ Bureau of Labor Statistics ဌာနရဲ့ခေါင်း
ဆောင်ကို အလုပ်ထုတ်ပစ်လိုက်ပါတယ်။လူ့လက်
ထက်မှာအလုပ်အကိုင်တွေပိုရှားပါးလာတယ်ဆိုတဲ့အချက်အလက်ကိုအမှန်အတိုင်းထုတ်ပြန်မိလို့ဖြစ်ပါတယ်။

သတင်းမီဒီယာတွေကိုလည်းနှိပ်ကွပ်ပါတယ်။အာရ်အက်ဖ်အေ၊ဗွီအိုအေတို့သတင်းခန်းတွေရပ်စဲသွားအောင်လုပ်ပါတယ်။

(၉)အာဏာရှင်ဟာတက္ကသိုလ်တွေကိုဖျက်ဆီးတယ်။

ဘယ်အာဏာရှင်မှာတက္ကသိုလ်တွေကိုမချစ်ကြပါဘူး။ဘာဖြစ်လို့လဲဆိုတော့ပညာဟာသူတို့ရဲ့ရန်သူဖြစ်လို့ပါပဲ။ပညာတတ်တဲ့လူ့အသိုင်းအဝိုင်းကသူတို့ကိုလက်မခံလို့ဖြစ်ပါတယ်။ဗလာဒီမာပူတင်နဲ့အာဒိုဂန်တို့လည်းတက္ကသိုလ်တွေကိုပိတ်ခဲ့ပါတယ်။

နရန်ဒရာမိုဒီကသူ့ကိုဝေဖန်တဲ့ပညာရှင်တွေကိုဖမ်းဆီးထောင်ချပါတယ်။ ဟန်ဂေရီက ဗစ်တာအော်ဘန်ကတော့သူ့ရဲ့သစ္စာခံဖောင်ဒေးရှင်းတွေကတစ်ဆင့်တက္ကသိုလ်တွေကိုချုပ်ကိုင်ပါတယ်။ ဒီလိုနည်းနဲ့ဉာဏ်ပညာနဲ့လွတ်လပ်စွာတွေးခေါ်တဲ့ယဉ်ကျေးမှုကိုဖြန့်ချိတဲ့တက္ကသိုလ်ကျောင်းကြီးတွေကိုအာဏာရှင်တွေကသင်းသတ်ကြတာပါ။

ထရမ့်အတွက်လည်းတက္ကသိုလ်တွေဟာအကြီးမားဆုံးရန်သူတွေပါ။ကျောင်းတွေရဲ့ရံပုံငွေတွေကို ဖြတ်တောက်ချုပ်ကိုင်ပြီးနိုင်ငံတကာကျောင်းသားတွေလာရောက်ပညာသင်ကြားခွင့်ကိုနည်းအမျိုးမျိုးနဲ့ တားမြစ်ပါတယ်။

(၁၀)အာဏာရှင်ဟာပုဂ္ဂိုလ်ရေးကိုးကွယ်မှုကိုထူထောင်တယ်။

ရှင်ဘုရင်တွေကစပြီးခေတ်သစ်အာဏာရှင်တွေအထိရူးသွပ်တဲ့ကိစ္စပါ။သူတို့ရုပ်ထုကိုသူတို့ပြန်ထုတာ၊သူတို့ကိုယ်သူတို့သမိုင်းထဲကရှင်ဘုရင်ဝင်စားတယ်လို့ထင်မြင်လာတာတွေကဒီပြဿနာကစတာဖြစ်ပါတယ်။ကိုယ့်ကိုကိုယ်ဘွဲ့တွေပြန်ပေးတဲ့သူတွေလည်းရှိပါတယ်။

အစိုးရရုံးတွေမှာထရမ့်ပုံဧရာမကြီးတွေချိတ်ရပါတယ်။အိမ်ဖြူတော်မှာသူ့ဓါတ်ပုံတွေကိုသူကိုယ်တိုင် လိုက်ချိတ်ပါတယ်။သူ့ပုံနဲ့ Coin(အ​ကြွေ​စေ့)ထုတ်ဖို့ပြင်ဆင်နေပါတယ်။

(၁၁)အာဏာရှင်ဟာလုပ်ပိုင်ခွင့်ကိုကိုယ်ကျိုးအတွက်သုံးတယ်။

ထရမ့်ဟာသူ့ထောက်လှမ်းရေးတွေကိုသူ့ဟိုတယ်မှာနေခိုင်းပြီးတစ်ခန်းကိုတစ်ညဒေါ်လာ ၁,၂၀၀နိုင်ငံတော်ဆီကအရှက်မရှိတောင်းပါတယ်။လုပ်ပိုင်ခွင့်ကိုရောင်းစားပြီးကာတာနိုင်ငံကလေယာဥ်တစ်စင်းကိုပြောင်ပြောင်ပဲလက်ခံယူပါတယ်။

သူ့သားသမီးတွေကလည်းသူတို့အဖေလုပ်ပိုင်ခွင့်တွေကိုအသုံးချပြီးကလပ်တွေ၊ကရစ်တိုငွေကြေး လုပ်ငန်းတွေလုပ်ကြပါတယ်။သူဒီရာထူးကိုပြန်ရပြီးပထမ၆လအတွင်းမှာသူ့ကုမ္ပဏီရဲ့ဝင်ငွေကဒေါ်လာသန်းပေါင်း ၈၆၄သန်းရှိတယ်လို့တွက်ချက်ကြပါတယ်။အရင်နှစ်တွေရဲ့ဝင်ငွေက တစ်နှစ်ကို၅၁သန်းနဲ့ နှိုင်းယှဉ်ကြည့်ကြပါ။

(၁၂)အာဏာရှင်ဟာအာဏာကိုလက်မလွှတ်ဖို့အတွက်ဥပဒေကိုလိုသလိုအသုံးချတယ်။

နိုင်ငံတော်တော်များများမှာအာဏာရှင်တွေဟာအာဏာတည်မြဲဖို့အတွက်ရွေးကောက်ပွဲဥပဒေတွေကိုထင်သလိုချုပ်ကိုင်အသုံးချလေ့ရှိပါတယ်။၂၀၂၀သမ္မတရွေးကောက်ပွဲမှာဂျိုးဘိုင်ဒင်ကိုသူရှုံးတဲ့အခါ ရလဒ်ကိုလက်မခံကြဖို့အပြင်းအထန်ကြိုးစားခဲ့ပါတယ်။မအောင်မြင်ခဲ့ပါဘူး။

အခုတော့ကွန်ဂရက်စ်မှာသူ့ရီပတ်ဘလင်ကန်ပါတီဝင်တွေဆက်လက်ပြီးစီးနင်းထားနိုင်ဖို့ပြည်နယ်တွေရဲ့ရွေးကောက်ပွဲတွေကိုထိန်းချုပ်ဖို့ကြိုးစားနေပါတယ်။သူမျှော်မှန်းတာကတော့ဖွဲ့စည်းပုံအခြေခံဥပဒေကခွင့်မပြုတဲ့တတိယအကြိမ်သမ္မတသက်တမ်းပါပဲ။

နယူးယောက်တိုင်းမ်စ်သတင်းစာကြီးကအာဏာရှင်တွေကိုတိုင်းတာတဲ့အချက်၁၂ချက်ကတော့ဒီအချက်တွေပဲဖြစ်ပါတယ်။ စာဖတ်သူဒီအချက်တွေကိုရင်းရင်းနှီးနှီးကြီးသိပြီးဖြစ်ပါလိမ့်မယ်။

ဒေါ်နယ်ထရန့်လိုလူမျိုးဦးဆောင်တဲ့အစိုးရအဖွဲ့ကမြန်မာနိုင်ငံမှာအခြေအနေတွေတိုးတက်တည်ငြိမ်နေလို့မြန်မာနိုင်ငံသားတွေကိုယာယီခိုလှုံခွင့်ရုတ်သိမ်းလိုက်တယ်ဆိုတာဟာအဆန်းတော့မဟုတ်ပါဘူး။ အံ့ဩစရာလည်းမဟုတ်လှပါဘူး။ 

ဆက်စပ်သတင်းများ