close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ကို ရန်မစဖို့ ဂျပန်ဝန်ကြီးချုပ်ကို ထရမ့် အကြံပေးခဲ့ကြောင်း သတင်းကို ဂျပန်ငြင်းဆို

ထိုင်ဝမ် အရေးနဲ့ ပတ်သက်ပြီး တရုတ်ကို ရန်သွားမစဖို့ ဂျပန် ဝန်ကြီးချုပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အကြံပေးခဲ့တယ်ဆိုတဲ့ သတင်းတွေကို ဂျပန် အစိုးရက ငြင်းဆိုခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ထိုင်ဝမ် အရေးနဲ့ ပတ်သက်ပြီး တရုတ်ကို ရန်သွားမစဖို့ ဂျပန် ဝန်ကြီးချုပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အကြံပေးခဲ့တယ်ဆိုတဲ့ သတင်းတွေကို ဂျပန် အစိုးရက ငြင်းဆိုခဲ့ပါတယ်။

အစောပိုင်းတုန်းက အမေရိကန်နဲ့ ဂျပန် အစိုးရ အရာရှိ တချို့က ထရမ့်ဟာ ဂျပန် ဝန်ကြီးချုပ် စာနအဲ တကအိချိနဲ့ ဖုန်းပြောချိန်မှာ တရုတ်ကို ရန်သွားစတာမျိုး မလုပ်ဖို့ အကြံပေးခဲ့တယ်လို့ မီဒီယာတွေဆီ မှတ်ချက် ပေးခဲ့ပါတယ်။ တရုတ်ကသာ ထိုင်ဝမ်ကို စစ်တိုက်ရင် ဂျပန်ကလည်း ထိုင်ဝမ်ကိုကူဖို့ စစ်တပ်တွေ စေလွှတ်မယ်ဆိုတဲ့ တကအိချိရဲ့ မှတ်ချက် စကားတစ်ခွန်းကို အကြောင်းပြုပြီး တရုတ်နဲ့ ဂျပန်ကြား ဆက်ဆံရေး တင်းမာနေပါတယ်။

အခု သီတင်းပတ် အစောပိုင်းတုန်းက တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ ထရမ့်နဲ့ ဖုန်းဆက် ဆွေးနွေးခဲ့ရာမှာ ထိုင်ဝမ် အရေးနဲ့ ပတ်သက်လို့ အတော်လေး ဖိဖိစီးစီး ချဉ်းကပ် ပြောဆိုခဲ့ပါတယ်။ တရုတ်က ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားတဲ့ ထိုင်ဝမ်ကျွန်းကို တရုတ်လက်အောက် ပြန်လည် သိမ်းသွင်းယူဖို့ ဆိုတာဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ကမ္ဘာ့ရေးရာ အခင်းအကျင်းသစ်ကို တည်ဆောက်ရာမှာ အရမ်းအရေးကြီးတဲ့ လိုအပ်ချက်ဖြစ်တယ်လို့ ရှီက ထရမ့်ကို ပြောပါတယ်။

ရှီနဲ့ ဖုန်းပြောပြီးချိန်မှာ ထရမ့်က တကအိချိကိုလည်း ဖုန်းဆက်ခဲ့ပြီး ထိုင်ဝမ်ကိစ္စကြောင့် တရုတ်ကို ရန်စတာမျိုး မလုပ်ဖို့ တိုက်တွန်းခဲ့တာဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာပါ။ ဒါပေမဲ့ တကအိချိ အရင်က ပြောဆိုထားခဲ့တဲ့ အငြင်းပွားစရာ မှတ်ချက်ကို ပြန်ရုပ်သိမ်းဖို့တော့ ထရမ့်က ဖိအားမပေးခဲ့ကြောင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၂၇ ရက်နေ့ညပိုင်း သတင်းစာ ရှင်းလင်းပွဲမှာတော့ ဂျပန် အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ မီနိူရူ ကီဟာရာက တကအိချိကို ထရမ့်က တရုတ်၊ ထိုင်ဝမ်ကိစ္စတွေနဲ့ ဆက်စပ်ပြီး အကြံပေးစကား တစ်ခုခု ပြောခဲ့တာ မရှိပါဘူးလို့ ငြင်းဆိုသွားပါတယ်။ Wall Street Journalက စတင် ဖော်ပြခဲ့သလိုမျိုး တရုတ်ကို ရန်မစဖို့ တကအိချိကို ထရမ့်က အကြံပေးခဲ့တယ်ဆိုတဲ့ ကိစ္စမျိုး မရှိပါဘူးလို့ ကီဟာရာက ပြောပါတယ်။

ဒါပေမဲ့ နောက်ထပ် အသေးစိတ် ကိစ္စတွေကိုတော့ ထုတ်ပြောဖို့ ကီဟာရာက ငြင်းဆိုသွားပါတယ်။ အိမ်ဖြူတော်နဲ့ နီးစပ်သူတွေကတော့ ထရမ့်နဲ့ ဖုန်းပြောတုန်းက ရှီဟာ တကအိချိရဲ့ မှတ်ချက်အပေါ် တရုတ်က မကျေနပ်တဲ့ အကြောင်းတွေကို အတော်လေး ထဲထဲဝင်ဝင် ပြောဆို ကန့်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။ ဂျပန်ဟာ အမေရိကန်ရဲ့ အရေးပါတဲ့ အာရှအရှေ့ပိုင်းဒေသ မဟာမိတ်နိုင်ငံ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် တကအိချိကတော့ သူနဲ့ ထရမ့်တို့ ဖုန်းပြောရာမှာ ထရမ့်နဲ့ရှီ ပြောဆိုခဲ့ကြတဲ့ အကြောင်းအရာတွေနဲ့ ဂျပန်-အမေရိကန် ဆက်ဆံရေး ကိစ္စတွေအကြောင်း ဆွေးနွေးခဲ့တယ်လို့ပဲ ယေဘုယျဆန်ဆန် မှတ်ချက်ပေးထားပါတယ်။ သူတို့နှစ်ဦးကြားမှာ အရမ်းရင်းနှီးတဲ့ မိတ်ဆွေ ဆက်ဆံရေးမျိုး ရှိနေတယ်လို့ ခံစားမိကြောင်း သမ္မတ ထရမ့်က ပြောကြားခဲ့ပြီး အချိန်မရွေး ဖုန်းခေါ်နိုင်ပါတယ်လို့လည်း ကမ်းလှမ်းခဲ့ကြောင်း တကအိချိက ပြောကြားသွားပါတယ်။

ကိုးကား: Al Jazeera

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တတိယ နိုင်ငံတွေ၊ တစ်နည်းအားဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေကနေ အမေရိကန်ဆီ ရွှေ့ပြောင်း အခြေချမှု အားလုံးကို အပြီးတိုင် ရပ်ဆိုင်းထားတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ အမြဲတမ်း နေထိုင်ခွင့် (green card) ရထားသူတွေထဲက နိုင်ငံပေါင်း ၁၉ ခုရဲ့ နိုင်ငံသားတွေကို ပြန်လည် စိစစ်ဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ် ကိစ္စနဲ့ ပတ်သက်လို့ တရုတ်ကို ရန်သွားမစဖို့ ဂျပန်ဝန်ကြီးချုပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အကြံပေးထားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ဘယ်လို ချဉ်းကပ် ပြောဆို ကိုင်တွယ်သင့်သလဲ ဆိုတာကို ရုရှားဆီ လျှို့ဝှက် အကြံပေးခဲ့တဲ့ အမေရိကန် အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်ကို ထုတ်ပယ်ဖို့ အောက်လွှတ်တော် အမတ်တချို့က တောင်းဆိုခဲ့ပါတယ်။