ဂျပန်ဝန်ကြီးချုပ် စနအဲ တကအိချိရဲ့ ပါတီဟာ ကြားဖြတ် ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရဖွယ် ရှိနေကြောင်း လူထုအမြင် စစ်တမ်းတွေက ညွှန်ပြနေပါတယ်။
အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီဟာ စတင်ထူထောင်ခဲ့တဲ့ ၁၉၅၅ ခုနှစ်ကစပြီး ဂျပန်မှာ တောက်လျှောက်နီးပါး တာဝန်ယူ အုပ်ချုပ်နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ ပြတ်သားတဲ့ အနိုင်ရမှုမျိုး မရှိခဲ့ဘဲ ညွန့်ပေါင်း အစိုးရကိုသာ ဖွဲ့စည်းခဲ့ရပါတယ်။
ပြီးခဲ့တဲ့နှစ်က ရှီဂီရူ အီရှီဘာ နုတ်ထွက်သွားချိန်မှာ ပါတီခေါင်းဆောင်နဲ့ ဝန်ကြီးချုပ် ရာထူးကို ဆက်ခံခဲ့တဲ့ တကအိချိဟာ ဂျပန်သမိုင်းမှာ ပထမဆုံး အမျိုးသမီး ရွေးကောက်ခံ နိုင်ငံ အကြီးအကဲလည်း ဖြစ်လာခဲ့ပါတယ်။
ဝန်ကြီးချုပ်ဖြစ်ပြီး သုံးလအကြာမှာပဲ တကအိချိက လွှတ်တော်ကို ဖျက်သိမ်းစေပြီး ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ သူက ပြည်သူတွေ အနေနဲ့ သူ့ရဲ့ ဦးဆောင်မှုအပေါ် ဘယ်လောက် အယုံအကြည် ရှိမလဲ ဆိုတာကို ဆန်းစစ်ဖို့အတွက် အခုလို စီစဉ်ခဲ့တာလို့ ပြောပါတယ်။

Public Service Announcement
ဂျပန်ရဲ့ အဆာဟိရှင်ဘွန်း သတင်းစာက ကောက်ယူထားတဲ့ စစ်တမ်းအရ မဲဆန္ဒရှင် ပြည်သူအများစုဟာ လာမယ့် ရွေးကောက်ပွဲမှာ တကအိချိနဲ့ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီကို မဲပေးမယ်လို့ ဆန္ဒပြု ဖြေဆိုခဲ့ကြောင်း သိရပါတယ်။
အသုံးစရိတ် မြှင့်တင်မှုနဲ့ အခွန် လျှော့ပေါ့မှုလို မဲဆွယ်ကတိတွေဟာ ပြည်သူတွေကို ဆွဲဆောင်နိုင်ခဲ့သလို ရွေးကောက်ပွဲ ရလဒ်က တကအိချိ အနေနဲ့ ပါတီကိုရော၊ အစိုးရ အဖွဲ့အပေါ်မှာပါ ပိုမိုခိုင်မာတဲ့ ချုပ်ထိန်းနိုင်စွမ်းမျိုး ရလာစေဖွယ် ရှိတယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ခဲ့ပါတယ်။
တစ်ဖက်မှာတော့ အတိုက်အခံတွေက တကအိချိ အနေနဲ့ အစိုးရ အသုံးစရိတ်တွေကို တိုးမြှင့်ရင်း တစ်ဖက်မှာလည်း အခွန်လျှော့ပေါ့ပေးမယ်ဆိုတဲ့ မက်လုံးပေးမှုတွေအတွက် ဘယ်လို ဟန်ချက်ညီအောင် လက်တွေ့ ကိုင်တွယ်မလဲဆိုပြီး ဝေဖန် မေးခွန်းထုတ်နေပါတယ်။
တကအိချိဟာ ဝန်ကြီးချုပ် ဖြစ်လာပြီး မကြာခင်မှာပဲ ထိုင်ဝမ်အရေးနဲ့ ပတ်သက်လို့ တရုတ် အစိုးရကို ဒေါသထွက်စေမယ့် မှတ်ချက်စကားတစ်ခွန်း ပြောခဲ့တာကြောင့် တရုတ်ရဲ့ သံတမန်ရေး၊ ကုန်သွယ်ရေးအရ တင်းမာတဲ့ တုံ့ပြန်မှုတွေကို ကြုံနေရပါတယ်။ တစ်ဖက်မှာတော့ အဲဒီ အခြေအနေကြောင့်ပဲ ပြည်တွင်းမှာ သူ့အပေါ် လူထုထောက်ခံမှု ပိုမို မြင့်တက်လာနေတယ်လို့လည်း ဆိုပါတယ်။
အဆာဟိ သတင်းစာ အပါအဝင် နိုင်ငံရေးအမြင် စစ်တမ်းတွေမှာတော့ အောက်လွှတ်တော် အမတ်နေရာ ၄၆၅ ခုထဲမှာ သောင်ပြိုကမ်းပြို ရလဒ်အဖြစ် သတ်မှတ်နိုင်မယ့် အမတ်နေရာ ၂၃၃ ခု အထက်ကို သက်တောင့်သက်သာ အနိုင်ယူသွားဖွယ် ရှိနေကြောင်း ညွှန်ပြနေပါတယ်။
ပြီးတော့ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီရဲ့ မဟာမိတ်ဖြစ်ပြီး ညွန့်ပေါင်း အစိုးရ အဖွဲ့ထဲမှာ ပါဝင်နေတဲ့ အီရှင်ပါတီရဲ့ ရလဒ်ပိုင်းကိုပါ ထည့်တွက်ရင် အာဏာရ ညွန့်ပေါင်းအင်အားစုဟာ လာမယ့်ရွေးကောက်ပွဲမှာ အမတ်နေရာ ၃၀၀ ဝန်းကျင်ထိ ရရှိသွားနိုင်ခြေ ရှိနေတယ်လို့လည်း သိရပါတယ်။
တစ်ဖက်မှာတော့ အဓိက အတိုက်အခံ ပါတီဖြစ်တဲ့ ဗဟို ပြုပြင်ပြောင်းလဲရေး မဟာမိတ် အင်အားစုတွေဟာ အတော်လေး ရုန်းကန်နေရပြီး လွှတ်တော်ထဲမှာ လက်ရှိ ပိုင်ဆိုင်ထားတဲ့ အမတ် ၁၆၇ နေရာထဲက ထက်ဝက်လောက်ထိ ဆုံးရှုံးသွားနိုင်ကြောင်း အဆာဟိက သုံးသပ်ထားပါတယ်။
ကိုးကား: Reuters
ဓာတ်ပုံ – Reuters

















































