close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Googleရဲ့ AIက ကျန်းမာရေးဆိုင်ရာ မှားယွင်း အကြံပြုချက်တွေ ထုတ်ပေးခဲ့

Googleရဲ့ ဉာဏ်ရည်တု (AI) နည်းပညာက ထောက်ပံ့ပေးတဲ့ ကျန်းမာရေးဆိုင်ရာ အနှစ်ချုပ် အကြံပြုချက်တွေဟာ မှားယွင်းတဲ့ လမ်းကြောင်းတွေဆီ ဦးတည်သွားနိုင်ကြောင်း သိရပါတယ်။

Googleရဲ့ ဉာဏ်ရည်တု (AI) နည်းပညာက ထောက်ပံ့ပေးတဲ့ ကျန်းမာရေးဆိုင်ရာ အနှစ်ချုပ် အကြံပြုချက်တွေဟာ မှားယွင်းတဲ့ လမ်းကြောင်းတွေဆီ ဦးတည်သွားနိုင်ကြောင်း သိရပါတယ်။

Googleရဲ့ AI Overviewsဟာ သုံးစွဲသူတွေက ကျန်းမာရေးဆိုင်ရာ အကြံပြုချက်တွေ တောင်းခံလေ့ရှိတဲ့ AI ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ AI Overviewsက အနှစ်ချုပ် ဖော်ပြပေးတဲ့ အဖြေတွေမှာ အမှားအယွင်းတွေ၊ အဓိပ္ပါယ် နှစ်ခွတွေ ရောပါသွားနိုင်ပြီး အန္တရာယ်ရှိတဲ့ အခြေအနေဆီ ဦးတည်သွားနိုင်တယ်လို့ Guardian သတင်းဌာနက ပြုလုပ်ခဲ့တဲ့ လေ့လာသုတေသနပြုချက် တစ်ခုအရ သိရပါတယ်။

AI Overviewsဟာ သက်ဆိုင်ရာ မေးခွန်းနဲ့ ပတ်သက်ပြီး လူတွေက ရှာဖွေမေးမြန်းမှု အများဆုံး အဖြေတွေကို မြန်မြန်ဆန်ဆန်နဲ့ အကူအညီဖြစ်အောင် စုဆောင်း ပြသပေးတာ ဖြစ်ပါတယ်။ AI နည်းပညာက အနှစ်ချုပ် စုဆောင်းပေးလိုက်တဲ့ အဖြေတွေဟာ စိတ်ချ ယုံကြည်ရပါတယ်လို့ Googleက ပြောပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ အဖြေတွေက လွဲချော်နေပြီး အန္တရာယ် ရှိလောက်တဲ့ အယူအဆ အမှားမျိုးဆီ ဦးတည်သွားနိုင်တဲ့ ကိစ္စတချို့ကို Guardianက တွေ့ရှိခဲ့ပါတယ်။

ဥပမာ အနေနဲ့ ပန်ကရိယ ကင်ဆာ လူနာတွေကို အဆီများတဲ့ အစားအသောက်တွေ ရှောင်ဖို့ AI Overviewsက အကြံပြုထားပေမယ့် ကျန်းမာရေး ပညာရှင်တွေကတော့ အဲဒါက မှားယွင်းပြီး အန္တရာယ်လည်း များတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ပင်ကရိယ ကင်ဆာ လူနာတွေဟာ လုံလောက်တဲ့ ကယ်လိုရီမျိုး ရရှိအောင် အဆီများတဲ့ အစားအသောက်တွေ စားပေးဖို့ လိုအပ်လေ့ ရှိတာကြောင့်ပါ။ တကယ်လို့ Googleရဲ့ AIက ပေးထားတဲ့ အကြံအတိုင်း လိုက်နာခဲ့မယ်ဆိုရင် လူနာတွေဟာ ဘေးထွက်အာနိသင်တွေ များပြားတဲ့ ကုသမှုတွေရဲ့ ဒဏ်ကို၊ ခွဲစိတ်မှုတွေဒဏ်ကို ခံနိုင်စွမ်း နည်းပါးသွားမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

နောက်ထပ် ဖြစ်စဉ် တစ်ခုမှာတော့ AIဟာ အသည်းနဲ့ ဆိုင်တဲ့ သွေးစစ်ချက် ရလဒ်တွေကို မှားယွင်းတဲ့ အချက်အလက်တွေ ထုတ်ပေးထားတာကို တွေ့ခဲ့ရပါတယ်။ အကျိုးဆက်အဖြစ် စိုးရိမ်စရာ အသည်းရောဂါမျိုး စွဲကပ်နေတဲ့ လူနာတွေက သူတို့ဟာ ကျန်းမာရေး ကောင်းနေတယ်လို့ အမှတ်မှားပြီး လိုအပ်တဲ့ ကျန်းမာရေး ဆေးစစ်မှုတွေကို လက်လွှတ်လိုက်တာမျိုး ရှိနိုင်တယ်လို့ သိရပါတယ်။

အမျိုးသမီးတွေနဲ့ ဆိုင်တဲ့ ကျန်းမာရေး မေးခွန်းတချို့ကိုလည်း Googleရဲ့ AIစနစ်က မှားယွင်းတဲ့ အဖြေတွေ ပေးခဲ့ပါတယ်။ ဆေးစစ်ရလဒ် တစ်ခုကို Googleရဲ့ AIက မျိုးပွားအင်္ဂါမှာ ကင်ဆာဖြစ်နေတာလို့ အဖြေထုတ်ပေးခဲ့ပေမယ့် လက်တွေ့မှာတော့ မမှန်ခဲ့ဘူးလို့ Guardianက ဖော်ပြထားပါတယ်။ အလားတူ စိတ်ကျန်းမာရေး ပြဿနာတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတချို့ကိုလည်း အန္တရာယ် များလောက်အောင် လမ်းကြောင်းလွဲသွားစေနိုင်တဲ့ အဖြေမျိုးတွေကို AIက ထုတ်ပေးခဲ့ပါတယ်။

လူတွေက နေထိုင်မကောင်း ဖြစ်လာရင် အွန်လိုင်းကနေ အချက်အလက်တွေ ရှာဖွေတဲ့ အလေ့အထမျိုး ပိုမိုကျယ်ပြန့်လာနေတဲ့ အခြေအနေမှာ AIက မှားယွင်းတဲ့၊ မရှင်းလင်းတဲ့ အချက်အလက် အဖြေတွေ ထုတ်ပေးနေတာဟာ စိုးရိမ်စရာ ဖြစ်နေတယ်လို့ ကျန်းမာရေး ပညာရှင်တွေက ပြောပါတယ်။

Googleကတော့ AI Overviewsက ထုတ်ပေးတဲ့ အနှစ်ချုပ် အဖြေအများစုဟာ မှန်ကန်ပြီး ယုံကြည် စိတ်ချရတဲ့ အရင်းအမြစ်တွေဆီကနေ ရယူထားတာ ဖြစ်တယ်လို့ ပြောပါတယ်။ ပြီးတော့ ထုတ်ပေးတဲ့ အဖြေတွေ ပိုပြီး မှန်ကန်လာအောင်၊ တိုးတက်လာအောင် စဉ်ဆက်မပြတ် လုပ်ဆောင်နေမယ်လို့လည်း Googleက ဆိုပါတယ်။

ပညာရှင်တွေကတော့ အင်တာနက်ကနေ ရရှိနေတဲ့ ကျန်းမာရေးဆိုင်ရာ အဖြေတွေထဲက အချက်အလက် အမှားတွေဟာ အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့ထိ နောက်ဆက်တွဲ ခြိမ်းခြောက်မှုတွေ ရှိလာနိုင်ကြောင်း အလေးအနက် သတိပေးထားပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ