တတိယ သမ္မတသက်တမ်းကို ဆက်လက် တာဝန်ယူဖို့ ဖြစ်နိုင်ခြေကို ဒေါ်နယ်လ်ထရမ့်က မငြင်းခဲ့ပါဘူး။ ဒါပေမဲ့ သူဟာ ဒုတိယ သမ္မတ ရာထူးကို လက်ခံပြီး အဲဒီကမှတဆင့် သမ္မတအဖြစ် ပြောင်းလဲတာဝန်ယူမယ့် နည်းလမ်းကိုတော့ သုံးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
အမေရိကန်ရဲ့ ဖွဲ့စည်းပုံ ဥပဒေအရ သမ္မတအဖြစ် ၄ နှစ်သက်တမ်း နှစ်ကြိမ် တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ သမ္မတလောင်းအဖြစ် နောက်ထပ် ရွေးကောက်ပွဲ ဝင်ခွင့် မရှိသင့်ဘူးလို့ အတိအလင်း သတ်မှတ်ထားပါတယ်။ ထရမ့်ဟာ ၂၀၁၇ ကနေ ၂၀၂၁ ခုနှစ်ထိ ပထမ သမ္မတသက်တမ်းကို တာဝန်ယူထားပြီး လက်ရှိ ဒုတိယ သက်တမ်းက ၂၀၂၉ နှစ်ဆန်းပိုင်းမှာ ကုန်ဆုံးမှာပါ။ ဒီတော့ ဖွဲ့စည်းပုံ ဥပဒေအရ သူဟာ နောက်တစ်ကြိမ် ရွေးကောက်ပွဲ ဝင်ခွင့် မရှိတော့ပါဘူး။
ဒါပေမဲ့ ထရမ့်ရဲ့ အတွင်းစည်း ပုဂ္ဂိုလ်တွေက အမေရိကန် သမ္မတဟာ ၂၀၂၉ အလွန်မှာလည်း နိုင်ငံခေါင်းဆောင် နေရာကို ဆက်လက် ထိန်းသိမ်းထားဖို့ ဖြစ်နိုင်ခြေတွေကို စဉ်းစားနေကြောင်း ပြောပါတယ်။ လူပြောအများဆုံး ကိစ္စတစ်ခုကတော့ ဒုတိယ သမ္မတ နေရာကနေ သမ္မတရာထူးကို လက်လွှဲယူဖို့ ဆိုတာပါပဲ။ အဲဒါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ ယိုပေါက်တစ်ခုလို့လည်း သတ်မှတ် ခံရပါတယ်။
ဥပဒေပါ ပြဋ္ဌာန်းချက်က ၄ နှစ် သမ္မတသက်တမ်း နှစ်ကြိမ် ထမ်းဆောင်ပြီးသူဟာ သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲ ထပ်ဝင်ခွင့် မရှိဘူး သတ်မှတ်ထားတာပါ။ ဒါပေမဲ့ တခြားပုဂ္ဂိုလ် တစ်ဦးက ရွေးကောက်ပွဲမှာ အနိုင်ရပြီး ထရမ့်ကို ဒုတိယ သမ္မတအဖြစ် ခန့်အပ်တာမျိုးကိုတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက တားမြစ်မထားဘူးလို့ ထရမ့်ရဲ့ ဘက်တော်သား ဥပဒေ ပညာရှင်တွေက ထောက်ပြပါတယ်။ ဒီတော့ ထရမ့်ဟာ ဒုတိယ သမ္မတအဖြစ် ကျမ်းကျိန်၊ အဲဒီနောက်ပိုင်းကျမှ သမ္မတဖြစ်သူက ရာထူးက နုတ်ထွက်လိုက်မယ်ဆိုရင် ရွေးကောက်ပွဲ မဝင်ဘဲ ထရမ့်က သမ္မတ ပြန်ဖြစ်လာမယ့် သဘောပါပဲ။ အမေရိကန် ဖွဲ့စည်းပုံ ဥပဒေအရ သမ္မတ နုတ်ထွက်၊ ကွယ်လွန်သွားရင် ဒုတိယ သမ္မတက အရိုက်အရာ ဆက်ခံရတာကြောင့် ဖြစ်ပါတယ်။

Public Service Announcement
သူ့ရဲ့ အာရှခရီးစဉ် အတောအတွင်းမှာတော့ ထရမ့်က တတိယ သမ္မတသက်တမ်းအတွက် စဉ်းစားထားသလားဆိုတဲ့ မေးခွန်းတွေကို ငြင်းဆိုမသွားခဲ့ပါဘူး။ ဒါပေမဲ့ ဒုတိယ သမ္မတ နေရာကနေ သမ္မတရာထူးကို လက်လွှဲယူဖို့ဆိုတဲ့ စိတ်ကူးကိုတော့ ပယ်ချသွားခဲ့ပါတယ်။ ဒီအတွေးက ချစ်စရာ ကောင်းပေမယ့်လည်း မမှန်ကန်ဘူးလို့ ထရမ့်က ဆိုပါတယ်။
ဒီတော့ အသက် ၇၉ နှစ်အရွယ် သမ္မတ အနေနဲ့ ဖွဲ့စည်းပုံ ဥပဒေကို ကျော်လွန်ပြီး တတိယ သမ္မတသက်တမ်းကို ဘယ်လို ရယူဖို့ စဉ်းစားထားသလဲ ဆိုတာက မရှင်းလင်းတော့ပါဘူး။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ ထရမ့်ရဲ့ မဟာဗျူဟာရေးရာ အကြံပေး စတိဗ် ဘန်နွန်က ထရမ့်အတွက် နောက်ထပ် သမ္မတသက်တမ်းတစ်ကြိမ် ထပ်တိုးတာဝန်ယူစေဖို့ အစီအစဉ် တစ်ခု ရှိနှင့်ထားပြီး ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
မလေးရှားမှာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ထိပ်သီး ညီလာခံကို တက်ရောက်ခဲ့ပြီး ဂျပန်ဆီ ဆက်လက် ထွက်ခွာဖို့ သမ္မတ စီးတော်လေယာဉ် Air Force Oneပေါ် အတက်မှာ ထရမ့်က သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူက ဒုတိယ သမ္မတ နေရာကနေ နောက်တစ်ကြိမ် ရွေးကောက်ပွဲ ဝင်ဖို့ဆိုတာ ဖြစ်နိုင်ပေမယ့် လက်တွေ့လုပ်ဖို့ အစီအစဉ်တော့ မရှိဘူးလို့ ဆိုပါတယ်။ လူတွေကလည်း ဒါမျိုးကို သဘောကျမယ် မထင်ကြောင်း၊ ဒီစိတ်ကူးက အရမ်း ချစ်စရာ ကောင်းပေမယ့် မမှန်ကန်ကြောင်း ထရမ့်က ပြောပါတယ်။
တတိယသက်တမ်းအတွက် သမ္မတတာဝန် ဆက်ယူချင်သလားဆိုတဲ့ မေးခွန်းကိုတော့ သူက လောလောဆယ် ဒီအကြောင်းကို မတွေးသေးကြောင်း၊ ဒါပေမဲ့ သူဟာ လူထုထောက်ခံမှု အင်အား အကောင်းဆုံး အခြေအနေမျိုးကိုတော့ ရရှိထားကြောင်း မတင်မကျ ပြန်ဖြေသွားပါတယ်။ သူက တကယ်လို့ သမ္မတအဖြစ် ဆက်ပြီး တာဝန် မယူဖြစ်တော့ဘူးဆိုရင် သူ့နေရာကို ဆက်ခံဖို့ လက်ရှိ ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ်ဗန့်စ်နဲ့ နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုတို့ဟာ အဖြစ်သင့်ဆုံးလို့လည်း ထောက်ခံခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ရပ်တန့် တားဆီးလို့ မရနိုင်သူတွေလို့ ထရမ့်က ညွှန်းဆိုခဲ့ပါတယ်။
သူက ရီပတ်ဘလစ်ကန် ပါတီမှာ တကယ့်ကို ထူးချွန်အားကောင်းတဲ့ အစုအဖွဲ့မျိုး ရှိနေပေမယ့် ဒီမိုကရက်တစ်တွေကတော့ ဒီလို လက်ဆုပ်လက်ကိုင် ပြစရာ မရှိဘူးလို့လည်း ပြောကြားသွားပါတယ်။
အမေရိကန် ဖွဲ့စည်းပုံ ဥပဒေရဲ့ ၂၂ ကြိမ်မြောက် ပြင်ဆင် သတ်မှတ်မှုအရ လူပုဂ္ဂိုလ် တစ်ဦးဟာ တတိယ သမ္မတသက်တမ်းအတွက် ရွေးကောက်ပွဲ ဝင်ခွင့်ကို တားမြစ်ထားပါတယ်။ ထရမ့်အနေနဲ့ အဲဒီအချက်ကို ပြင်ဆင်ချင်တယ် ဆိုရင်တော့ အထက်နဲ့အောက် လွှတ်တော်အမတ် စုစုပေါင်း အရေအတွက်ရဲ့ သုံးပုံနှစ်ပုံ၊ ဒါမှမဟုတ် ပြည်နယ် ဥပဒေပြု လွှတ်တော် အားလုံးရဲ့ သုံးပုံနှစ်ပုံဆီက ထောက်ခံမှုကို လိုအပ်မှာပါ။ ဒါပေမဲ့ အဲဒီ ကိစ္စက လက်တွေ့ အထမြောက်နိုင်ဖို့ အလားအလာ မရှိကြောင်း နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ထားကြပါတယ်။
ကိုးကား: Guardian
















































