close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်-ရှီ တွေ့ဆုံပွဲ မတိုင်ခင် ထိုင်ဝမ်ကျွန်းနားကို တရုတ် ဗုံးကြဲလေယာဉ်တွေ စေလွှတ်

FILE PHOTO: A H-6K bomber flies over Tiananmen Square during a military parade to mark the 80th anniversary of the end of World War Two, in Beijing, China, September 3, 2025. REUTERS/Tingshu Wang/File Photo

ထိုင်ဝမ်ကျွန်းနားမှာ တရုတ်ရဲ့ ဗုံးကြဲလေယာဉ်တွေ အုပ်ဖွဲ့ပျံသန်းခဲ့ကြောင်း တရုတ် အစိုးရ မီဒီယာက အတည်ပြု ဖော်ပြခဲ့ပါတယ်။

ပဋိပက္ခ အခြေအနေ တစ်ခု ကြုံလာရင် တုံ့ပြန်ကိုင်တွယ်ဖို့ ရည်ရွယ်ထားတဲ့ စစ်ရေး လေ့ကျင့်မှု တစ်ခုကို H-6K ဗုံးကြဲလေယာဉ်တွေက လုပ်ဆောင်ခဲ့တာလို့ အောက်တိုဘာ ၂၆ ရက်နေ့မှာ တရုတ် အစိုးရ ရုပ်မြင်သံကြားဌာနနဲ့ စစ်တပ်ရဲ့ Weibo အကောင့်တွေမှာ ဖော်ပြခဲ့ပါတယ်။

ဗုံးကြဲလေယာဉ်တွေ ပျံသန်းခဲ့တဲ့ အချိန်က သိပ်မကြာသေးဘူးလို့ ဆိုပေမယ့် ရက်အတိအကျကိုတော့ ထည့်သွင်း ဖော်ပြမထားပါဘူး။ တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်တို့ တောင်ကိုရီးယား နိုင်ငံမှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတဲ့ ရက်မတိုင်ခင်မှာ တရုတ်က ထိုင်ဝမ်တဝိုက် ဗုံးကြဲလေယာဉ်တွေ စေလွှတ်ခဲ့တဲ့ အကြောင်းကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၃၀ မှာ စီစဉ်ထားတဲ့ ရှီနဲ့ထရမ့်တို့ တွေ့ဆုံမှုဟာ နှစ်နိုင်ငံ ကုန်သွယ်ရေး ကိစ္စတွေကို ဦးစားပေးဖို့ ဆိုပေမယ့် ထိုင်ဝမ်အရေးလည်း ပါဝင်လာဖွယ် ရှိပါတယ်။ တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နယ်နက်မြေအဖြစ် သတ်မှတ်ထားပြီး ထိုင်ဝမ်ကတော့ လွတ်လပ်တဲ့ ကိုယ်ပိုင်နိုင်ငံအဖြစ် ရပ်တည်ရေးကိုသာ လိုလားနေပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်စစ်တပ်ရဲ့ အရှေ့ပိုင်းတိုင်းဒေသ စစ်ဦးစီးဌာနကတော့ H-6K ဗုံးကြဲလေယာဉ်တွေသာ မကဘဲ J-10 တိုက်လေယာဉ်တွေကပါ ထိုင်ဝမ်ကျွန်းတဝိုက် ရေပြင်မှာ အုပ်ဖွဲ့ ပျံသန်းခဲ့ကြကြောင်း၊ ရည်ရွယ်ချက်ကတော့ ပဋိပက္ခ အခြေအနေ တစ်ခုကို ကိုင်တွယ်ဖို့ ကြိုတင် လေ့ကျင့်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

H-6Kတွေဟာ မဟာဗျူဟာ ဗုံးကြဲလေယာဉ် အမျိုးအစားဖြစ်ပြီး နျူကလီးယား စစ်လက်နက်တွေကို အသုံးပြု တိုက်ခိုက်နိုင်ပါတယ်။ တရုတ်နဲ့ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနတွေကတော့ ထိုင်ဝမ်ကျွန်းနားမှာ တရုတ် ဗုံးကြဲလေယာဉ်တွေ ပျံသန်းခဲ့တဲ့ ကိစ္စအပေါ် မှတ်ချက်မပေးသေးပါဘူး။

ထိုင်ဝမ်ကျွန်း တဝိုက်က တရုတ်စစ်လေယာဉ်တွေရဲ့ လှုပ်ရှားမှု သတင်းကို ဖော်ပြတဲ့ ဝက်ဘ်ဆိုက်မှာတော့ အောက်တိုဘာ ၂၇ ရက်နေ့ထိ ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း တရုတ်လေယာဉ် ၄ စီးရဲ့ ပျံသန်းမှုတွေကိုသာ ထောက်လှမ်းတွေ့ရှိထားကြောင်း သိရပါတယ်။ အဲဒီ လေယာဉ်တွေကတော့ တိုက်လေယာဉ် ၃ စီးနဲ့ ထောက်ပံ့ရေးလေယာဉ် ၁ စီးဖြစ်ပြီး ဗုံးကြဲလေယာဉ်တွေ အကြောင်းကိုတော့ ဖော်ပြမထားပါဘူး။

ကိုးကား: Reuters
ဓာတ်ပုံ – Reuters/File

ဆက်စပ်သတင်းများ

Facebook