ပေါ်တူဂီနိုင်ငံရဲ့ မြို့တော် လစ္စဘွန်းမှာ လျှောစောင်းရထား လမ်းချော်တိမ်းမှောက်ရာက လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။
အဲဒီ မတော်တဆ ဖြစ်စဉ်ဟာ လစ္စဘွန်းမှာ နှစ်ပေါင်း ၁၄၀ လောက်ကြာအောင် ဂုဏ်ယူစွာ ပြေးဆွဲခဲ့တဲ့ Golria လျှောစောင်းရထားလိုင်းမှာ တွေ့ကြုံခဲ့တာ ဖြစ်ပါတယ်။ လျှောစောင်းရထား ဆိုတာဟာ တောင်စောင်းတွေ၊ ကုန်းတက်ကုန်းဆင်းတွေမှာ လည်ပတ် ပြေးဆွဲဖို့ သီးခြားတည်ဆောက်ထားတဲ့ အမျိုးအစား ဖြစ်ပါတယ်။
နည်းပညာအဟောင်း ဖြစ်ပေမယ့် အဲဒီလို ရထားလမ်းမျိုးကို လစ္စဘွန်းမှာ သမိုင်းအမွေအနှစ် တစ်ခုအဖြစ် ထိန်းသိမ်းထားပြီး ဆက်လက် အသုံးပြုနေဆဲပါ။
စက်တင်ဘာ ၃ ရက်နေ့ ရထားလမ်းချော် တိမ်းမှောက်မှုမှာတော့ အသေအပျောက် ၁၅ ဦး ရှိခဲ့ပြီး ဒဏ်ရာရသူတွေထဲက ၁၈ ဦးမှာလည်း ၅ ဦးက အခြေအနေ စိုးရိမ်ရတယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။ သေဆုံး ဒဏ်ရာရ စာရင်းမှာ နိုင်ငံခြားသားတွေလည်း ပါဝင်ခဲ့ပါတယ်။

Public Service Announcement
လစ္စဘွန်း မြို့တော်ဝင် ကားလို့စ်မိုးဒက်စ်ဟာ အခင်းဖြစ်တဲ့နေ့ ညပိုင်းမှာ ဆေးရုံကို သွားရောက်ပြီး ဒဏ်ရာရသူတွေကို အားပေး တွေ့ဆုံခဲ့ပါတယ်။ ဒီကိစ္စဟာ မြို့တော်အတွက် နာကျင်ကြေကွဲစရာ ဖြစ်ရပ်တစ်ခုလို့ သူက သတင်းထောက်တွေကို ပြောပါတယ်။
ရထားလမ်းချော်မှု အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။ အခင်းဖြစ်ပွားရာ မြို့တွင်းလမ်း တစ်နေရာမှာတော့ ရဲတွေ၊ ရထားကို ပြေးဆွဲတဲ့ ကုမ္ပဏီ အရာရှိတွေ၊ ပို့ဆောင်ရေးကဏ္ဍ လုံခြုံမှု စစ်ဆေးရေး အရာရှိတွေက နာရီပေါင်းများစွာ စုံစမ်းမှုတွေ လုပ်နေတာကို တွေ့ခဲ့ရပါတယ်။
ကယ်ဆယ်ရေးတွေရဲ့ အဆိုအရ ရထားတွဲတွေထဲမှာ ညပ်ပြီး ပိတ်မိနေသူ တချို့ကိုလည်း ကယ်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။ လမ်းချော်ခဲ့တဲ့ ရထားပေါ်မှာ စုစုပေါင်း လူဘယ်နှဦး လိုက်ပါလာခဲ့သလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။
အသက်ရှင် လွတ်မြောက်ခဲ့သူ တစ်ဦးက ရထားဟာ တစ်ချိန် သိမ့်ကနည်းဖြစ်ပြီး အရှိန်နဲ့ ချော်ထွက်သွားကြောင်း၊ တစ်ခုခုကို တိုက်မိတာလို့ ထင်ခဲ့ပေမယ့် ရထားက မရပ်ဘဲ ကုန်းဆင်းအတိုင်း အရှိန်နဲ့ ထိုးဆင်းပြီး အဆောက်အအုံ တစ်ခုကို ဝင်ဆောင့်ခဲ့ကြောင်း ပြောပြပါတယ်။ ဝင်တိုက်တဲ့ အပိုင်းဟာ ကတ်ထူစက္ကူပုံးကို အလေးနဲ့ ဖိလိုက်သလို ကြေထွက်သွားခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
စုံစမ်းရေး အရာရှိတွေကတော့ မတော်တဆမှု ဖြစ်ခဲ့တဲ့ အကြောင်းရင်းကို လောလောဆယ် အတိအကျပြောဖို့ စောလွန်းနေတုန်းလို့ မှတ်ချက်ပေးထားပါတယ်။
ကုန်းတက်ကုန်းဆင်းတွေမှာ မြို့တည်ထားတဲ့ လစ္စဘွန်းမှာတော့ အဲဒီ အဝါရောင် ခြယ်ထားတဲ့ ရထားတွေဟာ ပို့ဆောင်ဆက်သွယ်ရေးအတွက် အထူးအရေးပါပါတယ်။ များသောအားဖြင့် လျှောစောင်းရထားတွေဟာ တာတိုလောက်ပဲ ပြေးဆွဲလေ့ရှိပြီး မတော်တဆမှု ဖြစ်တဲ့ တစ်ခုက လစ္စဘွန်းမြို့လယ် ရင်ပြင်ကနေ ကုန်းတက်တစ်ခုကို ပေ ၉၀၀ လောက် ပြေးဆွဲပေးတာ ဖြစ်ပါတယ်။ ခရီးရဲ့ အချိန်ကလည်း ၃ မိနစ်လောက်ပဲ ကြာပါတယ်။
အဲဒီ ရထားတွေဟာ လစ္စဘွန်းကို လာရောက်တဲ့ နိုင်ငံခြား ကမ္ဘာလှည့် ခရီးသွား ဧည့်သည်တွေကြားမှာ အထူးရေပန်းစားလေ့ ရှိတယ်လို့လည်း သိရပါတယ်။
ကိုးကား: CNN
