close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာ အပစ်ရပ် သဘောတူညီမှုကို အစ္စရေး မလိုက်နာရင် သင်္ဘောတွေကို ဆက်ပြီး တိုက်ခိုက်မယ်လို့ ဟိုသီ သတိပေး

ဂါဇာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို အစ္စရေးက မလိုက်နာဘူးဆိုရင် ယီမင် ကမ်းလွန်မှာ ဖြတ်သန်းသွားလာတဲ့ အရပ်ဖက် ရေယာဉ်တွေကို ဆက်ပြီး ပစ်မှတ်ထား တိုက်ခိုက်နေမယ်လို့ ယီမင် အခြေစိုက် ဟိုသီ သူပုန်တွေက ပြောကြားခဲ့ပါတယ်။

ဂါဇာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို အစ္စရေးက မလိုက်နာဘူးဆိုရင် ယီမင် ကမ်းလွန်မှာ ဖြတ်သန်းသွားလာတဲ့ အရပ်ဖက် ရေယာဉ်တွေကို ဆက်ပြီး ပစ်မှတ်ထား တိုက်ခိုက်နေမယ်လို့ ယီမင် အခြေစိုက် ဟိုသီ သူပုန်တွေက ပြောကြားခဲ့ပါတယ်။

အီရန်က ကျောထောက်နောက်ခံ ပေးထားပြီး နိုင်ငံတကာ အသိအမှတ်ပြု ယီမင် အစိုးရကို ဆန့်ကျင် ရပ်တည်နေတဲ့ ဟိုသီတွေဟာ ဂါဇာစစ်ပွဲတလျှောက် ပင်လယ်နီရေပြင်ကို ဖြတ်သန်းခုတ်မောင်းတဲ့ အရပ်ဖက် ရေယာဉ်တွေကို နည်းလမ်းမျိုးစုံနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။ ဟိုသီတွေရဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်မှုမှာ နစ်မြုပ်ခဲ့တဲ့ သင်္ဘောတွေ ရှိသလောက် လူအသေအပျောက် ဖြစ်စဉ်တွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

ဟိုသီတွေက သူတို့ရဲ့ ပစ်မှတ်ဟာ အစ္စရေးနဲ့ အဆက်အစပ်ရှိတဲ့၊ အစ္စရေးကို အကျိုးဖြစ်ထွန်းအောင် ကူညီပေးနေတဲ့ အရပ်ဖက် ရေယာဉ်တွေ ဖြစ်တယ်လို့ ပြောကြားထားပေမယ့် တကယ်တမ်းမှာတော့ ကုန်တင်သင်္ဘောတွေ၊ ရေနံတင်သင်္ဘောတွေ မှန်သမျှ ဘေးမကင်းခဲ့ပါဘူး။ ဟိုသီတွေရဲ့ ခြိမ်းခြောက်မှုဟာ ကမ္ဘာပေါ်မှာ အသွားအလာ အများဆုံး ရေလမ်းခရီး တစ်ခုကို အန္တရာယ်ဇုန် ဖြစ်လာစေခဲ့ပါတယ်။ ဟိုသီတွေက ဂါဇာစစ်ပွဲမှာ ပါလက်စတိုင်းတွေနဲ့ တစ်သားတည်း ရပ်တည်ကြောင်း ပြသတဲ့ အနေနဲ့ အဲဒီတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တာလို့ ကြွေးကြော်ခဲ့ပါတယ်။

အခုသီတင်းပတ်မှာတော့ အမေရိကန်၊ ကာတာစတဲ့ နိုင်ငံတွေရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ဂါဇာမှာ ၁၅ လ ကြာမြင့်ခဲ့တဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ဇန်နဝါရီ ၁၉ ရက်နေ့မှာ စတင် အသက်ဝင်လာမယ့် အပစ်ရပ် သဘောတူညီမှုကို အစ္စရေးက မလိုက်နာဘူးဆိုရင် အရပ်ဖက် ရေယာဉ်တွေကို ဟိုသီတွေရဲ့ တိုက်ခိုက်မှုကလည်း ရပ်သွားမှာ မဟုတ်ကြောင်း အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင် အက်ဘ်ဒူလ် မာလစ် အယ်လ်ဟိုသီက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိထားပြီး ဖြစ်ပေမယ့် လုပ်ထုံးလုပ်နည်းအရ အစ္စရေးဟာ အဲဒီ ကိစ္စကို လွှတ်တော်မှာ ဆွေးနွေး အတည်ပြုချက် ယူဖို့လိုအပ်ပြီး လွှတ်တော် မဲခွဲမယ့် ကိစ္စကို လောလောဆယ် ဆိုင်းငံ့ထားပါတယ်။

အယ်လ်ဟိုသီက ဂါဇာစစ်ပွဲကို ဆင်နွှဲခဲ့တဲ့ အစ္စရေးဟာ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့တယ်လို့လည်း လှောင်ပြောင်သွားခဲ့ပါတယ်။ အစ္စရေးက သူတို့ရဲ့ စစ်ရေး ရည်မှန်းချက်တွေကို လေကြီးမိုးကြီးနဲ့ ရှင်းရှင်းလင်းလင်း ကြေညာထားခဲ့ကြောင်း၊ ဒါပေမဲ့ အစ္စရေး အကျဉ်းသားတွေ ပြန်လွတ်ဖို့ကို မစွမ်းဆောင်နိုင်ခဲ့သလို နောက်ဆုံးတော့ အပေးအယူလုပ် ညှိနှိုင်းရတဲ့ အနေအထားကိုသာ လက်ခံခဲ့ရကြောင်း သူက ရုပ်မြင်သံကြားကနေ ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

ဒါ့အပြင် အယ်လ်ဟိုသီက အစ္စရေးနဲ့ အမေရိကန်တို့ဟာ ဂါဇာ အပစ်ရပ် သဘောတူညီမှုကို လေးစား စောင့်ထိန်းဖို့ လိုအပ်ကြောင်းနဲ့ ဟိုသီတွေက အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်နေမှာ ဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။ အစ္စရေးက သဘောတူညီမှုတွေကို ချိုးဖောက်တာ၊ ဒါမှမဟုတ် ပါလက်စတိုင်းတွေအပေါ် အစုလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်တာ၊ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာတွေ လုပ်ဆောင်လာတာနဲ့ ဟိုသီတွေကလည်း ငြိမ်နေမှာ မဟုတ်ဘူးလို့ အယ်လ်ဟိုသီက ခြိမ်းခြောက်သွားပါတယ်။

‘အစ္စရေးတွေ သေပါစေ’၊ ‘ဂျူးတွေ ကျိန်စာသင့်ပါစေ’စတဲ့ ကြွေးကြော်သံတွေကို လက်ကိုင်ပြုထားတဲ့ ဟိုသီတွေဟာ ဂါဇာစစ်ပွဲ စတင်ခဲ့ချိန် ၂၀၂၃ နှစ်ကုန်ပိုင်းကစလို့ အစ္စရေး နိုင်ငံ ပိုင်နက်ထဲကို ဒုံးကျည် အစင်း ၄၀ ကျော်၊ ဒရုန်း ၃၂၀ ကျော်နဲ့လည်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Middle East Monitor

ဆက်စပ်သတင်းများ

နိုင်ငံတကာ

၁၅ လတာ ကြာမြင့်ခဲ့တဲ့ သွေးချောင်းစီး စစ်ပွဲကြီးကို အဆုံးသတ်ဖို့ ကနဦး ခြေလှမ်းအဖြစ် အစ္စရေးနဲ့ ပါလက်စတိုင်းကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေအတွင်း ဟားမားစ် ပြောက်ကျားတွေရဲ့ ရဲတပ်ဖွဲ့ အကြီးအကဲ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဟားမားစ်၊ ဟစ်ဇ်ဘိုလာတို့လို ဆိုးရွားတဲ့ ကံကြမ္မာမျိုးကို ယီမင်အခြေစိုက် ဟိုသီ သူပုန်တွေလည်း ကြုံတွေ့သွားနိုင်ကြောင်း အစ္စရေးက ခြိမ်းခြောက် သတိပေးသွားခဲ့ပါတယ်။

နိုင်ငံတကာ

ဆီးရီးယား ရေတပ် သင်္ဘောတွေကို တိုက်ခိုက် ဖျက်ဆီးပစ်ခဲ့ကြောင်း အစ္စရေးစစ်တပ် (IDF)က အတည်ပြု ပြောကြားခဲ့ပါတယ်။

Facebook