မတ်-၂၈၊၂၀၂၅။ဟန်နွေ/People’s Spring
လူထုတော်လှန်ရေး မဟာမိတ်အင်အားစု(PRA-Magway) ဖွဲ့စည်းမှုလေးနှစ်အတွင်း စစ်ကောင်စီကို တိုက်ခိုက်သည့် တိုက်ပွဲကြီးငယ် စုစုပေါင်း အကြိမ် ၇၀ကျော် ဆင်နွှဲခဲ့ကြောင်း PRAမကွေး ဗဟိုကော်မတီဥက္ကဋ္ဌ ကိုနေမွန်က ပြောသည်။
ယနေ့ (မတ်လ ၂၈ရက်)တွင် ကျရောက်သည့် PRA မကွေး တပ်ဖွဲ့စည်းမှု (၄)နှစ်ပြည့်ဖြစ်ရာ တပ်ဖွဲ့စည်းပြီးနောက် စစ်ရေးဖော်ဆောင်မှု အခြေအနေမေးမြန်းရာ ယခုကဲ့သို့ ပြောပြခြင်းဖြစ်သည်။
၂၀၂၁ မှ ၂၀၂၄ ဒီဇင်ဘာအထိ တိုက်ပွဲကြီးငယ် အကြိမ် ၇၀ကျော် ဖော်ဆောင်ခဲ့ပြီး လက်ရှိတွင်လည်း မဟာမိတ် ရက္ခိုင့်တပ်တော်(AA)နှင့် အမ်း-ပဒန်းစစ်ဆင်ရေး၌ အတူတကွ ဟန်ချက်ညီ စစ်ရေးဖော်ဆောင်နေသည်ဟု ကိုနေမွန်က ပြောသည်။

Public Service Announcement
“ဖမ်းဆီးရမိ စစ်သုံ့ပမ်းတွေ ၅၀ အထိရှိခဲ့ပြီး ဖမ်းဆီးရမိ လက်နက်တွေလည်း များပြားစွာ ရရှိခဲ့ပါတယ်”ဟု ကိုနေမွန်က ပြောသည်။
တိုက်ပွဲအတွင်း PRA မကွေးမှ ရဲဘော်များ ကျဆုံးထိခိုက် ရှိခဲ့ဟုလည်း အသိပေးသည်။
PRA မကွေး၏ စစ်ရေးဒေသသည် မင်းဘူးခရိုင်ဖြစ်ကြောင်း ၊ ပထမဆုံး စစ်ရေး ပစ်မှတ်ဖြစ်သည့် ဧရာ၀တီ မြစ်အနောက်ဘက် ခြမ်းစိုးမိုးရေးကို အကောင်အထည် ဖော်လျက်ရှိ၍ ပူးပေါင်းပါဝင်ပေးကြရန် ၎င်းက တိုက်တွန်းသည်။
“လူထု တရပ်လုံး လွတ်မြောက်ရေး အတူတကွ ဆင်နွှဲဖို့ဠည်း လူထုကို တောင်းဆိုချင်ပါတယ်”ဟု ကိုနေမွန်က ပြောသည်။
ပြည်သူ တရပ်လုံး၏ လိုလားမှုဖြစ်သော လူမှုရေးတရားမျှတမှု၊ နိုင်ငံရေး တရားမျှတမှု၊ စီးပွားရေး တရားမျှတမှု၊ တန်းတူညီမျှမှု သာတူညီမျှမှုများဖြင့် တည်ဆောက်ထားသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် ပေါ်ပေါက်ရေးဆက်လက် တိုက်ပွဲဝင်သွားရန်လည်း PRA မကွေး ဗဟိုကော်မတီ ဥက္ကဋ္ဌက အဖွဲ့ (၄)နှစ်ပြည့်သို့ပေးပို့သည့် သဝဏ်လွှာတွင် တိုက်တွန်းထားသည်။
PRA မကွေး တပ်ဖွဲ့စည်းမှုသို့ မိတ်ဖက်တော်လှန်ရး အဖွဲ့များကလည်း ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ကြရာ စစ်ရေး၊နိုင်ငံရေး သမိုင်းတွင်ကျဆုံး ရှုံးနိမ့်မှုများ ဆက်တိုက်ကြုံနေရသည့် တရားမဝင် အာဏာသိမ်း စစ်တပ်အဘက်ဘက်မှ အင်အားချိနဲ့ နေချိန် တော်လှန်ရေးအင်အားစုများအားလုံး မဟာမိတ်စုဖွဲ့မှုအားဖြင့် တော်လှန်ရေးအရှိန်မြှင့်တင် တွန်းလှန် အောင်ပွဲ ဆင်နိုင်ရန် အချိန်ကောင်းဖြစ်ကြောင်း ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။
