နိုင်ငံရဲ့ လေတပ်စခန်း တစ်ခုကို မဟာဗျူဟာ နျူကလီးယား လက်နက်တွေ အခြေစိုက်နိုင်တဲ့ အဆင့်မျိုး မြှင့်တင် တည်ဆောက်သွားမယ်လို့ ပြင်သစ် အစိုးရက ကြေညာခဲ့ပါတယ်။
မတ်လ ၁၉ ရက်နေ့မှာ သမ္မတ အီမန်နျူရယ်လ် မာခရွန်က စိန့်ဆူဗီရာမြို့မှာရှိတဲ့ လူဆူလီ လေတပ်စခန်းကို နျူကလီးယား စစ်လက်နက်တွေ တာဝန်ယူ ကိုင်တွယ်နိုင်ငံ စစ်စခန်း တစ်ခုရဲ့ အဆင့်မျိုး မြှင့်တင်သွားမှာ ဖြစ်တယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
ပြင်သစ်ရဲ့ နျူကလီးယား ကာကွယ်ရေး အစီအမံတွေကို စံနှုန်းအပြည့် တာဝန်ယူ ကိုင်တွယ်နိုင်တဲ့ အဆင့်မျိုးထိ လူဆူလီ လေတပ်စခန်းကို ထူးထူးကဲကဲ အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်သွားမယ်လို့ မာခရွန်က ဆိုပါတယ်။ ပြင်သစ် အစိုးရဟာ အဲဒီ လေတပ်စခန်းမှာ နျူကလီးယား လက်နက်တွေ တပ်ဆင်နိုင်တဲ့ Rafale မျိုးဆက်သစ် ဂျက်တိုက်လေယာဉ်အုပ်စု နှစ်ခု ထားရှိရေး အတွက်လည်း ကာကွယ်ရေး အသုံးစရိတ် အများအပြားကို ရင်းနှီး မြှုပ်နှံသွားမယ်လို့ မာခရွန်က ပြောကြားခဲ့ပါတယ်။
ပြင်သစ်လွှတ်တော်ရဲ့ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေး ကော်မတီ အကြီးအကဲ ဆီဒရစ် ပါရင်က အဲဒီ လေတပ်စခန်းကို မွမ်းမံ အဆင့်မြှင့်ဖို့ ဖြစ်နိုင်ခြေကို ဇွန်လတုန်းက အရိပ်အမြွက် ပြောခဲ့ဖူးပေမယ့် အခုတော့ လက်တွေ့ စတင်တော့မယ့် သဘောပါ။ အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာတဲ့နောက် ဥရောပရဲ့ လုံခြုံရေး ကဏ္ဍကို တာဝန်ယူပေးဖို့ မျက်နှာလွှဲမယ့် အရိပ်အယောင်တွေ မြင်လာရတဲ့အတွက် ပြင်သစ်ဟာ နိုင်ငံနဲ့ ဥရောပရဲ့ နျူကလီးယား ကာကွယ်ရေး စွမ်းရည်ကို ဦးဆောင်ဦးရွက် မြှင့်တင်ဖို့ အားထုတ်နေတာ ဖြစ်ပါတယ်။

Public Service Announcement
ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင်တွေထဲမှာ ပြင်သစ်ဟာ တစ်ခုတည်းသော နျူကလီးယား လက်နက်ပိုင် နိုင်ငံဖြစ်ပြီး နျူကလီးယားထိပ်ဖူး ၃၀၀ ဝန်းကျင်လောက်ကို ပိုင်ဆိုင်ထားပါတယ်။
ပြင်သစ်မှာ နျူကလီးယား စစ်လက်နက်တွေကို ကိုင်တွယ်နိုင်တဲ့ လေတပ်စခန်း ၃ ခု ဖွင့်လှစ်ထားပြီး စတုတ္ထမြောက်အဖြစ် ဂျာမနီ နယ်စပ်နဲ့ ကီလိုမီတာ ၂၀၀ လောက် အကွာက လူဆူလီ လေတပ်စခန်းကို ထားရှိဖို့ စီစဉ်လာခဲ့တာပါ။ ဂျာမနီရဲ့ အဓိပတိသစ် ဖြစ်လာမယ့် ဖရိုင်းဒရစ်ချ် မားဇ်က နိုင်ငံလုံခြုံရေးအတွက် ပြင်သစ်ရဲ့ နျူကလီးယား လက်နက် အကာအကွယ်ပေးမှုကို ရယူဖို့ နှစ်နိုင်ငံ ဆွေးနွေးမှုတွေ ရှိလာနိုင်ကြောင်း ပြောကြားထားချိန်မှာ အခု အစီအစဉ်ကို မာခရွန်က ကြေညာခဲ့တာ ဖြစ်ပါတယ်။
လူဆူလီ လေတပ်စခန်းဟာ အရင်က ပြင်သစ်ရဲ့ နျူကလီးယား စစ်လက်နက်တွေကို ဆယ်စုနှစ်တွေနဲ့ချီ ထားရှိခဲ့ဖူးတဲ့ နေရာဟောင်း တစ်ခုပါ။ ၂၀၁၁ ခုနှစ်မှာတော့ အဲဒီ လေတပ်စခန်းမှာရှိတဲ့ Rafale တိုက်လေယာဉ် အုပ်တွေကို တခြားနေရာတွေဆီ ရွှေ့ပြောင်းခဲ့ပြီး နျူကလီးယား လက်နက်တွေလည်းကိုလည်း ဖြန့်ကျက်ထားမှုနေ ရုပ်သိမ်းခဲ့ပါတယ်။
အခုတော့ ပြင်သစ်ဟာ Dassault ကုမ္ပဏီက ထုတ်လုပ်ဖို့ စီစဉ်နေတဲ့ Rafale F5 မျိုးဆက်သစ် ဘက်စုံသုံး တိုက်လေယာဉ်တွေနဲ့ ASN4G ဝေဟင် တိုက်ခိုက်ရေး ဟိုက်ပါဆောနစ် နျူကလီးယား ဒုံးကျည်တွေကို ၂၀၃၅ ခုနှစ် မတိုင်ခင် ဝယ်ယူဖြည့်တင်းဖို့ ယူရို ၁.၅ ဘီလီယံ လျာထားပါတယ်။ ပြီးတော့ အဆင့်မြှင့်တင်မယ့် လူဆူလီ လေတပ်စခန်းမှာ ဖြန့်ကျက်မယ့် တပ်အင်အားကလည်း လက်ရှိထက် နှစ်ဆတိုးပြီး ၂၀၀၀ လောက်ထိ ဖြစ်လာမယ်လို့ သိရပါတယ်။
မာခရွန်က မျိုးဆက်သစ် Rafale တိုက်လေယာဉ် အသစ်တွေ မှာယူထားတယ် ဆိုတာကို အတည်ပြုခဲ့ပေမယ့် အရေအတွက် အတိအကျကိုတော့ မကြေညာခဲ့ပါဘူး။ ပြင်သစ်ရဲ့ ကာကွယ်ရေး ကဏ္ဍကို တာဝန်ယူတဲ့ လက်နက်ကိုင် တပ်ဖွဲ့များ ဝန်ကြီး ဆီဘက်ရှန် လီကော်နူကတော့ ပြင်သစ် လေတပ်ဟာ အဲဒီ ရည်မှန်းချက်အတွက် နောက်ထပ် တိုက်လေယာဉ် အစီး ၂၀ လောက် လိုအပ်မယ်လို့ အစောပိုင်းက ခန့်မှန်းထားပြီး စုစုပေါင်း တိုက်လေယာဉ် အစီး ၁၈၀ ကျော်ထိ ရှိလာမယ်လို့ ပြောကြားထားပါတယ်။
မာခရွန်ဟာ ပြင်သစ်ရဲ့ လက်နက်ပြန်လည် တပ်ဆင်ရေး အစီအမံ အသစ်တွေကို ကြေညာမယ်လို့ ကတိပြုထားပြီး တခြား ဥရောပ နိုင်ငံတွေကိုလည်း ကိုယ်ပိုင် ကာကွယ်ရေး စွမ်းရည်တွေ မြှင့်တင်ဖို့ တိုက်တွန်းထားပါတယ်။
ကိုးကား: Politico
