close
Connect with us

Hi, what are you looking for?

သတင်း

မန္တ​လေး PDF ကတိုင်ကြား၊ လမ်းညွှန်၊ အကြံပြုပေးရန်ဖိတ်​ခေါ်

မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY PDF) ရဲဘော် တဦးဦးဖြစ်စေ၊ တပ်ရင်း၊ တပ်ဖွဲ့၊ ဌာန များဖြစ်စေ စစ်သည်တော်ကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်းများချိုးဖောက်ပါက တိုင်ကြားနိုင်ကြောင်း MDY PDFက ယနေ့ မတ်လ ၂၁ရက်တွင် ထုတ်ပြန် ဖိတ်ခေါ်ခဲ့သည်။

မန္တ​လေး PDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-MDY-PDF

မတ်-၂၁၊၂၀၂၅။ဟန်နွေ/People’s Spring

မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY PDF) ရဲဘော် တဦးဦးဖြစ်စေ၊ တပ်ရင်း၊ တပ်ဖွဲ့၊ ဌာန များဖြစ်စေ စစ်သည်တော်ကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်းများချိုးဖောက်ပါက တိုင်ကြားနိုင်ကြောင်း MDY PDFက ယနေ့ မတ်လ ၂၁ရက်တွင် ထုတ်ပြန် ဖိတ်ခေါ်ခဲ့သည်။

ပြည်သူလူထုအနေဖြင့် ပြည်သူများက ပေါက်ဖွားလာကြသည့် PDF များ ကို လိုအပ်သကဲ့သို့ ပဲ့ပြင်ထိန်းကျောင်းရန် အထူးအရေးကြီးသည်ဟု ဖော်ပြသည်။

“ကျနော်တို့ဘက်ကလည်း လူထုရဲ့ ဒီထိန်းကျောင်းမှု၊ လမ်းညွှန်မှုကို တန်ဖိုးထားကာ လေးစား၊ လိုက်နာကြဖို့ လိုအပ်ပါတယ်။ ကျနော်တို့ MDY-PDF အနေနဲ့ ဆွဲကိုင်ထားတဲ့ မူကလည်း “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” ဖြစ်ပါတယ်။ကျနော်တို့ MDY-PDF တပ်ဖွဲ့ဝင်တဦးဦးကဖြစ်စေ၊ တပ်ရင်း/တပ်ဖွဲ့/ဌာန တခုခုကဖြစ်စေ PDF စစ်သည်တော်တို့ လိုက်နာကျင့်ကြံရမယ့် “ကျင့်ဝတ်စည်းကမ်း” တွေ၊ တပ်ဖွဲ့က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကျူးလွန်ချိုးဖောက်နေတာ မြင်ခဲ့၊ ကြုံခဲ့၊ ကြားခဲ့ရင် လူထုအနေနဲ့ ကျနော်တို့ထံကို တိုင်တန်းကြဖို့ အလေးအနက် ဖိတ်ခေါ်၊ ပန်ကြားလိုပါတယ်” ဟု MDY PDFက ဖိတ်​ခေါ်သည်။

Public Service Announcement

Public Service Announcement

မန္တ​လေး PDF ၏ ဖိတ်​ခေါ်စာ

တိုင်တန်းမှုများ ရှိလာပါက တပ်ဖွဲ့၏ စစ်ရေးရုံး၊ ဗဟိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့တို့မှ လိုအပ်သလို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်မည်ဟု အသိပေးသည်။

“တွေ့ရှိချက်ပေါ် မူတည်ပြီး လိုအပ်တဲ့ အရေးယူမှုတွေကို ဆက်လက်ဆောင်ရွက်ကြမှာလည်း ဖြစ်ပါတယ်။ ဒါက လက်ရှိလည်းပဲ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။ သတင်းပို့တိုင်ကြားကြတဲ့ မိဘပြည်သူများအနေနဲ့လည်း ဒီလိုစုံစမ်းစစ်

ဆေးရာမှာ လိုအပ်တဲ့ သက်သေသက္ကာယတွေ၊ အထောက်အထား အချက်အလက်တွေကို တတ်နိုင်သမျှ ကူညီပေးကြဖို့နဲ့ စုံစမ်းမေးမြန်းရာမှာ လိုအပ်လာရင် ပူးပေါင်းပါဝင်ပေးကြဖို့လည်း တပါတည်း မေတ္တာရပ်ခံအပ်ပါတယ်” ဟု MDY PDFက ထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် (မန္တ​လေး) ​ပြော​ရေးဆိုခွင့်ရှိသူ ကို​အော်စမွန် ကလည်း “အဓိကကတော့ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေရဲ့ စည်းကမ်းလိုက်နာမှု၊ ကျင့်ဝတ်လိုက်နာမှု ပိုမိုအားကောင်းလာဖို့ ရည်ရွယ်ပါတယ်။ နောက်တခုကတော့ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကြောင့်ပေါ့နော် ပြည်သူတွေထိခိုက်နစ်နာတာမျိုးတွေ မရှိရလေအောင် ရည်ရွယ်ပြီးတော့ တိုင်ကြားနိုင်တဲ့လမ်းကြောင်းကို ကြေညာခဲ့တာဖြစ်တယ်။ ပြည်သူတွေအနေနဲ့ လွတ်လွတ်လပ်လပ် အားမနာတမ်း ကျွန်တော်တို့ကို တိုင်ကြားနိုင်ပါတယ်။ တိုင်ကြားတဲ့ပြည်သူတွေရဲ့လုံခြုံရေးအတွက်လည်း အပြည့်အဝ အာမခံပါတယ်ဗျ”ဟု ​ပြောကြားသည်။

မန္တ​လေး PDF ၏ ဖိတ်​ခေါ်စာ

ရာနှုန်းပြည့် ပြီးပြည့်စုံအောင် ကောင်းမွန်နေသည့် အခြေအနေမျိုး မဖြစ်နိုင်မှန်သိသော်လည်း MDY-PDF ကို အကောင်းဆုံးဖြစ်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းတည်ဆောက်နေကြောင်း အသိပေးသည်။

“လက်နက်ကိုင်တပ်ဖွဲ့တခုအတွက် အရေးအကြီးဆုံးဖြစ်တဲ့ CoC နှစ်ရပ် (Code of Conduct and Chain of Command) ကောင်းမွန်မှန်ကန်ရေးက ကျနော်တို့ အဖြစ်ချင်ဆုံး၊ အလိုလားဆုံး ဆန္ဒဖြစ်ပါတယ်။ ဒီအတွက် ပြည်သူအပေါင်းကလည်း ဝိုင်းဝန်း ပံ့ပိုးကူညီပေးကြပါခင်ဗျား” ဟု ​ဖော်ပြထားသည်။

MDY-PDF နှင့် ပတ်သတ်ပြီး တိုင်ကြားလိုလိုပါက Signal ၊ Telegram ၊ Email များ အသုံးပြု တိုင်ကြားနိုင်သကဲ့သို့ ယင်းတို့ကို အသုံးပြုရန် အခက်အခဲရှိသူများအနေဖြင့် တပ်ဖွဲ့၏ တရားဝင် Facebook စာမျက်နှာက တဆင့် ဆက်သွယ်နိုင်ဟုလည်း အသိပေးသည်။

ထိုအပြင်- စစ်ဂနယ် Signal: +44 741 286 1688တယ်လီဂရမ် Telegram: @office_mdypdf၊ အီးမေးလ် Email: office@mdypdf.org တို့ကို တိုင်ကြားနိုင်ကြောင်းလည်း ဖော်ပြသည်။

PDFများသည် စစ်အာဏာရှင်စနစ်၏ တွန်းပို့မှုကြောင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို မလွဲမရှောင်သာ ရွေးချယ်ခဲ့ကြရကြောင်း၊ ဖက်ဆစ် အာဏာရူးကို ထိုသို့ မတွန်းလှန်ပါက တိုင်းပြည်နှင့် လူထု အတွက် ပိုမိုဆိုးရွားနစ်နာမည်ကို သိ၍ ယခု လမ်းစဉ်ကို ရွေးချယ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

“လောကီလူသားတွေပီပီ လူဆိုတာ အခြေအနေအရပ်ရပ်က ဖန်တီးစေ့ဆော်လာရင် ဖောက်လွဲဖောက်ပြန် ဖြစ်လေ့ရှိပါတယ်။ ရာထူး၊ အာဏာ၊ ငွေကြေး၊ လုပ်ပိုင်ခွင့် အစရှိတာတွေက တော်လှန်ရေးသမားတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ဖျက်ဆီးလေ့ရှိပါတယ်။ အထူးသဖြင့် လက်နက်ကတဆင့် ရရှိလာတဲ့ ရာထူး၊ အာဏာက လူကို ပိုပြီး ဖောက်ပြန်စေတတ်ပါတယ်။ တော်လှန်ရေးရဲ့ အတက်အကျ လောကဓံကို ကျနော်တို့ PDF တွေအပါအဝင် တော်လှန်ရေးသမားများနဲ့ တော်လှန်ရေးအဖွဲ့အစည်းများအားလုံး ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ကြဖို့ လိုအပ်လှပါတယ်” ဟုလည်း MDY PDFက ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန (MOD) ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ အစိတ်အပိုင်း တခုဖြစ်သော MDY PDF အနေဖြင့် ၁၀၂၇စစ်ဆင်ရေးပထမပိုင်း၊ဒုတိယပိုင်း(ရှမ်း-မန်းစစ်ဆင်ရေး)များ၌ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဟန်ချက်ညီ စစ်ရေးလှုပ်ရှား ဖော်ဆောင်နိုင်ခဲ့ပြီးယင်းစစ်ဆင်ရေးများမှတဆင့် မန္တလေးဒေသထဲ၌ စိုးမိုးထိန်းချုပ်နယ်မြေအချို့ကိုလည်း ရယူထားနိုင်ကြောင်း အသိပေးသည်။

“ဒါပေမယ့် ဒါက ကျနော်တို့ ကျေနပ်တင်းတိမ်ရမယ့် အခြေအနေ မဟုတ်ပါဘူး။ ပြည်သူ့နွေဦးတော်လှန်ရေးကြီးရဲ့ အန္တိမပန်းတိုင်ဖြစ်တဲ့ ဘုံရန်သူ အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေး၊ ဘုံပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့အထိမဆုတ်မနှစ်ဆက်လက်ချီတက်ကြဖို့ပဲ ဖြစ်ပါတယ်။” ဟု MDY PDFက ထုတ်ပြန်သည်။

မန္တ​လေး PDF သည် မဟာမိတ်များနှင့် ပူး​ပေါင်း၍ စဥ့်ကူးမြို့နယ် ၊ ​နောင်ချို မြို့နယ် ၊မိုးကုတ်မြို့နယ် ၊မိုးမိတ် မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ ထို့အပြင် မတ္တရာမြို့နယ် ​ရှေ့ပိုင်းရှိ စစ်တပ်စခန်း​ပေါင်း ၄၀ ခန့်ကိုသိမ်းပိုက်ထိန်းချုပ်၍ မတ္တရာမြို့နယ်အ​ရှေ့ပိုင်းကိုထိန်းချုပ်ထားသည်။

ယခုအခါမတ္တရာမြို့နယ် ၊သပိတ်ကျင်းမြို့နယ်၊​နောင်ချိုမြို့နယ်တို့တွင် စစ်​ကောင်စီတပ်နှင့်တိုက်ခိုက်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်​ကောင်စီတပ်ကပြန်လည်ထိုးစစ်ဆင်ဖို့အင်အားအများအပြားပို့ဆောင်​နေပါတယ်။

သတင်း

စစ်တပ်က အင်အားဖြည့်တင်း​နေပြီး မကြာခင်အလုံးအရင်းနဲ့ စစ်​ကြောင်းထိုးလာနိုင်တယ်လို့ မန္တ​လေး PDF ​ပြော

သတင်း

စစ်အာဏာရှင်ချုပ်ငြိမ်းရေ၊ ဖက်ဒရယ်တည်ဆောက်ရေးပူးပေါင်းဆောင်ရွန်ရန် ဖော်ပြ

သတင်း

၂၀၂၅တွင် တော်လှန်ရေးနောက်ဆုံးနှစ်ဖြစ်သင့်၍ မတူညီသည်များကို ဖယ်ထားပြီး စည်းလုံးညီညွတ်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)MDY-PDF၏ စစ်ဆင်ရေးနှင့် စုဖွဲ့မှုတာဝန်ခံ ကိုမုန်တိုင်းက ပြောကြားသည်။

Facebook