close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟိုသီ ဒုံးကျည်ကို အစ္စရေး လေတပ် ကြားဖြတ်ပစ်ချခဲ့တယ်လို့ဆို

ယီမင်နိုင်ငံဖက်က ပစ်ခတ်ခဲ့တဲ့ ဒုံးကျည် တစ်စင်းကို လေတပ်က ကြားဖြတ် ပစ်ချခဲ့ရတယ်လို့ အစ္စရေးစစ်တပ် (IDF)က ပြောပါတယ်။

ယီမင်နိုင်ငံဖက်က ပစ်ခတ်ခဲ့တဲ့ ဒုံးကျည် တစ်စင်းကို လေတပ်က ကြားဖြတ် ပစ်ချခဲ့ရတယ်လို့ အစ္စရေးစစ်တပ် (IDF)က ပြောပါတယ်။

အစ္စရေးရဲ့ မဟာမိတ် အမေရိကန်ဟာ ယီမင်နိုင်ငံ အခြေစိုက် ဟိုသီ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ စစ်ရေး ပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်နေတဲ့ အချိန်မှာ အစ္စရေးက အခု ဖြစ်ရပ်ကို ကြေညာခဲ့တာပါ။ အီရန်ရဲ့ ကျောထောက်နောက်ခံ ရရှိထားပြီး ယီမင်နိုင်ငံရဲ့ အစိတ်အပိုင်း အများစုကို ထိန်းချုပ်ထားတဲ့ ဟိုသီတွေဟာ အစ္စရေးနဲ့ရော၊ အမေရိကန်နဲ့ပါ တင်းမာတဲ့ ဆက်ဆံရေးမျိုး ရှိနေပါတယ်။

မတ်လ ၂၀ ရက်နေ့မှာတော့ IDFက နိုင်ငံပိုင်နက်ဆီ ဒုံးကျည် ဦးတည် ပျံသန်းလာတဲ့နောက် နေရာတချို့မှာ လေကြောင်းအန္တရာယ် သတိပေး ကြေညာချက်တွေ ထုတ်ပြန်ခဲ့ရတယ်လို့ ဆိုပါတယ်။ အစ္စရေး ရဲတပ်ဖွဲ့ကလည်း တဲလ်အဗစ်ဗ်နဲ့ ဂျေရုဆလင် မြို့တွေမှာ လေကြောင်း အန္တရာယ် အချက်ပေး ဥဩသံတွေ ကြားနေခဲ့ရကြောင်း ပြောပါတယ်။

ဒါပေမဲ့ အဲဒီ ဒုံးကျည်ဟာ အစ္စရေးရဲ့ နယ်မြေပိုင်နက်ထဲ မဝင်ရောက်ခင် IDF လေတပ်ရဲ့ ကြားဖြတ် ပစ်ချမှုကို ခံခဲ့ရကြောင်း IDFက ဆိုပါတယ်။ လေကြောင်း အချက်ပေး ဥဩဆွဲခဲ့တာကတော့ လေကြောင်း တိုက်ခိုက်မှုတွေ ကြုံလာနိုင်တဲ့ အခြေအနေမှာ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ တုံ့ပြန်ခဲ့တာဖြစ်ကြောင်းလည်း IDFက မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဟိုသီရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက တဲလ်အဗစ်ဗ်မှာရှိတဲ့ ဘင်ဂူရီယန် လေဆိပ်ကို ဦးတည်ပြီး ပဲ့ထိန်းဒုံးကျည် တစ်စင်းကို ပစ်ခတ်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ဟိုသီတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကစလို့ အမေရိကန်ရဲ့ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရင်ဆိုင် ကြုံတွေ့နေခဲ့ရပါတယ်။

အဲဒီ လုပ်ရပ်ကို တန်ပြန်တဲ့ အနေနဲ့ ဒေသတွင်းက အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ရေးနဲ့ တခြားပစ်မှတ်တွေကို လက်တုံ့ပြန် တိုက်ခိုက်မှုတွေ အရှိန်မြှင့်သွားမယ်လို့ ဟိုသီတွေက ခြိမ်းခြောက်ထားပါတယ်။

ဟိုသီတွေဟာ ဂါဇာစစ်ပွဲ စတင်ခဲ့တဲ့နောက်ပိုင်း ယီမင် ကမ်းလွန် ပင်လယ်နီ ရေပြင်ကနေ ဖြတ်သန်း ခုတ်မောင်းတဲ့ အရပ်ဖက် သင်္ဘောတွေကို ဒုံးကျည်တွေ ဒရုန်းတွေနဲ့ ပစ်ခတ်တာ၊ စီးနင်း တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၂၃ နှစ်ကုန်ပိုင်းကစလို့ ဟိုသီတွေဟာ ရေယာဉ်တွေကို အဲဒီလို ပစ်မှတ်ထား တိုက်ခိုက်မှု အကြိမ် ၁၀၀ ကျော်လောက် လုပ်ဆောင်ခဲ့ပါတယ်။ ဟိုသီတွေကတော့ ဒါဟာ ဂါဇာကို ကျူးကျော်စစ်ပြုခဲ့တဲ့ အစ္စရေးကို အထောက်အပံ့ ပေးနေတဲ့ နိုင်ငံတွေရဲ့ သင်္ဘောတွေကိုသာ ပစ်မှတ်ထားတာလို့ အကြောင်းပြချက် ပေးခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဟိုသီ စစ်ရေးပစ်မှတ်တွေကို ထိုးစစ်ဆင် တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ရာမှာ ဟိုသီတွေက အမေရိကန်ရဲ့ စစ်ဘက်နဲ့ အရပ်ဖက် ရေယာဉ်တွေကို ရန်မူနေတာကို တားဆီးဖို့ ဖြစ်တယ်လို့ ပြောပါတယ်။ ထရမ့်က တကယ်လို့ ဟိုသီတွေဆီက နောက်ထပ် အလားတူ တိုက်ခိုက်မှုတွေ ရှိလာရင် အီရန် အစိုးရပါ တာဝန်ယူရမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဟိုသီဟာ အီရန်က ဦးဆောင်ပြီး အစ္စရေးနဲ့ အနောက်နိုင်ငံတွေကို ဆန့်ကျင်တဲ့ ခုခံရေး ဝင်ရိုးတန်းလို့ နာမည်ပေးထားတဲ့ အရှေ့အလယ်ပိုင်း ဒေသတွင်း အင်အားစုထဲမှာ ပါဝင်နေပါတယ်။ အဲဒီ ဝင်ရိုးတန်း အဖွဲ့မှာ ဂါဇာအခြေစိုက် ဟားမားစ်အဖွဲ့၊ လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာနဲ့ တခြားသော အီရန်မဟာမိတ် လက်နက်ကိုင်တွေ စုစည်းပါရှိနေတယ်လို့ သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပင်လယ်နီ ရေလမ်းကြောင်းကို ဟိုသီတွေရဲ့ တိုက်ခိုက်မှုတွေ မရပ်တန့်မချင်း အမေရိကန်ရဲ့ လေကြောင်းစစ်ဆင်ရေးတွေကို ဆက်လက် ဆင်နွှဲနေမယ်လို့ အမေရိကန် အစိုးရက သတိပေးသွားခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို အစ္စရေးက မလိုက်နာဘူးဆိုရင် ယီမင် ကမ်းလွန်မှာ ဖြတ်သန်းသွားလာတဲ့ အရပ်ဖက် ရေယာဉ်တွေကို ဆက်ပြီး ပစ်မှတ်ထား တိုက်ခိုက်နေမယ်လို့ ယီမင် အခြေစိုက် ဟိုသီ သူပုန်တွေက ပြောကြားခဲ့ပါတယ်။