close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်-ရုရှား ဆွေးနွေးမယ့် အစီအစဉ်မှာ ယူကရိန်း ကိုယ်စားလှယ်တွေကို ဖိတ်ကြားထားခြင်းမရှိ

ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းရေး ကိစ္စအတွက် အမေရိကန်နဲ့ ရုရှားတို့ ဆွေးနွေးကြမယ့် အစီအစဉ်မှာ ယူကရိန်း အစိုးရ ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ထားခြင်း မရှိဘူးလို့ သိရပါတယ်။

ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းရေး ကိစ္စအတွက် အမေရိကန်နဲ့ ရုရှားတို့ ဆွေးနွေးကြမယ့် အစီအစဉ်မှာ ယူကရိန်း အစိုးရ ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ထားခြင်း မရှိဘူးလို့ သိရပါတယ်။

ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ကိသ်ကယ်လော့ဂ်က ဖေဖော်ဝါရီ ၁၇ ရက်နေ့ကျရင် ဆော်ဒီအာရေးဘီးယားမှာ အစပြုမယ့် အမေရိကန်-ရုရှား ဆွေးနွေးမှုတွေမှာ ယူကရိန်း ကိစ္စ သေချာပေါက် ပါဝင်မှာ ဖြစ်ပေမယ့် ကိယက်ဗ်မြို့ကနေ စေလွှတ်မယ့် ကိုယ်စားလှယ် အဖွဲ့တော့ တက်ရောက်လာမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း အစိုးရကိုရော၊ ဥရောပ မဟာမိတ်တွေကိုပါ လုံးဝ မတိုင်ပင်ဘဲ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ တိုက်ရိုက် ဖုန်းပြောခဲ့ပြီးတဲ့နောက် ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းရေး သူ့ရဲ့ ကိုယ်ပိုင် အစီအမံတွေကို စတင် အကောင်အထည် ဖော်လာခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ယူကရိန်း အနာဂတ်နဲ့ သက်ဆိုင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ယူကရိန်းကိုယ်တိုင် မပါဝင်သ၍ တရားမဝင်နိုင်ဘူးလို့ ပြောကြားထားပေမယ့်လည်း အခုတော့ ဆော်ဒီမှာ အမေရိကန်နဲ့ ရုရှား ကိုယ်စားလှယ်တွေချည်း တွေ့ဆုံကြတော့မှာပါ။

Public Service Announcement

Public Service Announcement

ဒါဟာ သမ္မတဟောင်း ဂျိုးဘိုင်ဒန် လက်ထက်ကနဲ့ ယှဉ်ရင် ထရမ့်လက်ထက်မှာ အမေရိကန်ရဲ့ ယူကရိန်းဆိုင်ရာ မူဝါဒဟာ အကြီးအကျယ် ပြောင်းလဲသွားတာ ဖြစ်ပြီး ယူကရိန်းသာမက ဥရောပ နိုင်ငံတွေကြားမှာပါ စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။ အထူးသဖြင့် ထရမ့်ဟာ စစ်ပွဲ အမြန်ရပ်ဆိုင်းရေးအတွက် ပူတင် တောင်းဆိုတာတွေကို လိုက်လျော အလျှော့ပေးဖွယ် ရှိနေပြီး အဲဒီ နောက်ဆက်တွဲအဖြစ် ပူတင်ဟာ ယူကရိန်းအပြင် ဥရောပကိုပါ ရန်လိုလာမှာကို NATO စစ်မဟာမိတ် နိုင်ငံတွေက စိုးရိမ်နေပါတယ်။

ထရမ့်က စစ်ပွဲရပ်ဆိုင်းဖို့ ဆွေးနွေးတဲ့အခါ ယူကရိန်းဟာ လက်ရှိ ရုရှားဆီ ဆုံးရှုံးထားပြီးသား နယ်မြေတွေကို ပြန်မရနိုင်သလို NATO အဖွဲ့ဝင်လည်း ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ပါ သတိပေးထားပါတယ်။ အဲဒီ အခြေအနေ နှစ်ရပ်စလုံးဟာ ပူတင် လိုလားတဲ့ ကိစ္စတွေပါ။ ယူကရိန်းဟာ NATO အဖွဲ့ဝင် ဖြစ်ခွင့်ရရေးနဲ့ နိုင်ငံပိုင်နက် နယ်မြေတွေ မဆုံးရှုံးရရေး ကိစ္စတွေကို စစ်ပွဲကာလ တလျှောက်လုံး အပူတပြင်း တောင်းဆိုထားခဲ့တာပါ။

ထရမ့်က ယူကရိန်း အရေးအတွက် ရုရှားနဲ့ တိုက်ရိုက် ဆွေးနွေးဖို့ ဆုံးဖြတ်ထားချိန် တခြားတစ်ဖက်မှာတော့ ပြင်သစ်နိုင်ငံ ဦးဆောင်ပြီး ဥရောပ နိုင်ငံတွေကလည်း ယူကရိန်းအတွက် လုံခြုံရေး အာမခံချက် ပေးနိုင်မယ့် အစီအမံတွေ ပြင်ဆင် ရေးဆွဲနိုင်ဖို့ ညှိနှိုင်းနေပါတယ်။

အိမ်ဖြူတော်ရဲ့ အရှေ့အလယ်ပိုင်းအရေး အထူးကိုယ်စားလှယ်ဖြစ်တဲ့ အိမ်ခြံမြေ လုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီး စတိဗ်ဝစ်ကော့ဖ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဆော်ဒီကို သွားရောက်ခဲ့ပြီး ရုရှား-အမေရိကန် မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးရေး ကိစ္စအတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း ထရမ့်က အတည်ပြုပါတယ်။ ထရမ့်ရဲ့ မိတ်ဆွေရင်းချာ တစ်ဦးလည်းဖြစ်တဲ့ ဝစ်ကော့ဖ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ မော်စကိုမြို့ကိုလည်း သွားရောက်ပြီး ဆေးခြောက် လက်ဝယ်တွေ့ရှိမှုနဲ့ ရုရှားမှာ ဖမ်းဆီးခံထားရသူ အမေရိကန် ကျောင်းဆရာ မတ်ခ်ဖိုဂဲလ် လွတ်မြောက်ရေးကိစ္စ ညှိနှိုင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ထရမ့်နဲ့ပူတင် ဖုန်းပြောခဲ့တာဟာ ယူကရိန်းစစ်ပွဲ ၃ နှစ်တာအတွင်း အမေရိကန် အစိုးရက ရုရှားနဲ့ တိုက်ရိုက် ဆက်သွယ်မှုတွေ အဆက်ဖြတ်ထားခဲ့ခြင်းကို အဆုံးသတ်စေခဲ့ပါတယ်။ ယူကရိန်း အစိုးရဟာ ကိုယ်တိုင် ပါဝင်ခွင့် မရတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ရလဒ် မှန်သမျှကို ငြင်းပယ်မယ်လို့ ပြောဆိုနေပေမယ့်လည်း ထရမ့်ကတော့ ယူကရိန်းကို ဖယ်ထားပြီး ရုရှားနဲ့ပဲ စကားပြောဖို့ ခပ်သွက်သွက် အကောင်အထည် ဖော်နေတာပါ။

ဒီအတောအတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုကတော့ ဆော်ဒီအာရေးဘီးယားမှာ တွေ့ဆုံ ဆွေးနွေးတဲ့ အစည်းအဝေး တစ်ခုတည်းနဲ့တင် စစ်ပွဲရပ်ဆိုင်းရေး ညှိနှိုင်းမှုတွေ အားလုံး ရာနှုန်းပြည့် ပြီးမြောက်နိုင်မှာ မဟုတ်ကြောင်း၊ အမေရိကန်ဟာ ရုရှားအပြင် ယူကရိန်းနဲ့ တခြား ကြားနိုင်ငံတွေကိုပါ တွေ့ဆုံ ဆွေးနွေးဖို့ လိုအပ်ကြောင်း မယုတ်မလွန် ပြောဆိုထားပါတယ်။

တစ်ဖက်မှာတော့ ပြင်သစ်သမ္မတ အီမန်နျူရယ်လ် မာခရွန်ဟာ ယူကရိန်းနဲ့ ဥရောပတိုက်ရဲ့ လုံခြုံရေးအတွက် အလွတ်သဘော ဆွေးနွေးမှု တစ်ခုကို ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ လက်ခံပြုလုပ်ဖို့ စီစဉ်ထားပြီး ဥရောပ နိုင်ငံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံသွားမှာပါ။ အဲဒီ ဆွေးနွေးပွဲကို မတက်ခင်မှာ ဗြိတိန် ဝန်ကြီးချုပ် ဆာ ကီရာ စတာမာက ယူကရိန်းရဲ့ လုံခြုံရေးအတွက် လိုအပ်မယ်ဆိုရင် မြေပြင်ကို ဗြိတိန်တပ်တွေ ဖြန့်ကျက် ပေးပို့ဖို့ထိ စဉ်းစားထားကြောင်း သတင်းထောက်တွေကို ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ချာနိုဘိုင်းလ် နျူကလီးယား ဓာတ်အားပေး စက်ရုံရဲ့ ဓာတ်ပေါင်းဖိုတွေဆီက ရေဒီယို သတ္တိကြွ ယိုစိမ့်မှုတွေ ဖြစ်လာနိုင်ခြေကနေ ကာကွယ်ထားရာ အုပ်ဆောင်းမိုး အကာကို ရုရှားက ဖောက်ခွဲရေး ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားတပ်တွေကို ကူညီပေးပြီး ယူကရိန်းကို တိုက်ခိုက်နေတဲ့ မြောက်ကိုရီးယား စစ်သားတွေထဲက အတော်များများ ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်း စစ်ပွဲမှာ ပါဝင်တိုက်ခိုက်တဲ့ မြောက်ကိုရီးယား စစ်သား ၁၀၀၀ ဝန်းကျင် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ ယုံကြည်ရကြောင်း အနောက်နိုင်ငံတွေရဲ့ စစ်ထောက်လှမ်းရေး အရာရှိတွေက ပြောပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ အတွင်းပိုင်းက ပစ်မှတ်တွေကို စစ်ပွဲတလျှောက် အတိုင်းအတာ အကြီးမားဆုံး စစ်ဆင်ရေး အစီအမံမျိုးနဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ယူကရိန်းက ကြွေးကြော်ခဲ့ပါတယ်။

Facebook