စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၀ကြိမ်ထက်မနည်းပြုလုပ်ခုခံနေ
ဟန်နွေ/People’s Spring
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်ဌာနချုပ် သုံးခုတွင် ယနေ့(ဖေဖော်ဝါရီ ၁၈ရက်) နံနက်က တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။
ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို KIA ပူးပေါင်းတပ်က ၂၀၂၄ ဒီဇင်ဘာ ၄ရက်က စတင်ခဲ့ရာ တိုက်ပွဲ ၂လခွဲနီးပါးကြာနေပြီဖြစ်ကာ ယနေ့နံနက်တွင် KIAနှင့် ပူးပေါင်းတပ်များက ထပ်မံစစ်ရှိန်မြှင့်တိုက်ခိုက်နေခြင်းဖြစ်သည်ဟုဆိုသည်။

Public Service Announcement
ယနေ့ နံနက်တွင် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁)၊ ခလရ(၂၃၆)နှင့် အမတ(၃၆၆) နေရာ၌ တိုက်ပွဲပြင်းထန်နေသည်ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။
ယင်းတပ်ဌာနချုပ် ၃ခုအနက် အမတ(၃၆၆)တပ်ရင်းကို KIA ပူးပေါင်းတပ်က ဖေဖော်ဝါရီ ၂ရက်တွင် သိမ်းပိုက်ထားနိုင်ခဲ့ခြင်းဖြစ်သော်လည်း ယနေ့တွင် တိုက်ပွဲဆက်ရှိနေခြင်းဖြစ်သည်။ စစ်ကောင်စီအနေဖြင့်လည်း စကခ(၂၁)မှ တန်ပြန်ထိုးစစ်ဆင်မှုများ လုပ်ဆောင်လေ့ရှိနေသည်။
အခြား ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဗန်းမော်တွင် ယနေ့ နေရာ ၃ခု၌ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေယာဉ်နှင့် ဒရုန်း ပစ်ကူပေး တိုက်ခိုက်လျက်ရှိရာ ဒရုန်းအကြီး ၂စီးကို KIA ပူးပေါင်းတပ်ဘက်က ပွိုင့်ဖိုက် စက်သေနတ်ဖြင့် ပစ်ချနိုင်ခဲ့သည်ဟု ပြောသည်။
“ဒီမနက်မှာပဲ လေယာဉ်ဗုံးလာကြဲတာ ၁၀စီးကျော်ပြီ”ဟုလည်း ကချင်စစ်ရေးသတင်းရင်းမြစ်က စစ်ကောင်စီဘက်က လေကြောင်း ပစ်ကူပေး ခုခံမှုအခြေအနေကို ပြောသည်။
KIA စစ်ရေးသတင်းများ ဖော်ပြလျက်ရှိသည် 7Stars News၏ ဗန်းမော်မြို့တိုက်ပွဲ သတင်းဖော်ပြချက်တွင် ခလရ(၂၃၆)နှင့် စကခ(၂၁)ကို KIA ပူးပေါင်းတပ်က အဓိက ထားတိုက်ခိုက်လျက်ရှိရာ ခလရ(၂၃၆)တပ်ရင်း သိမ်းပိုက်နိုင်ရန်အလားအလာကောင်းသည်ဟု ဆိုသည်။ ထို့ပြင် ခလရ(၂၃၆) တပ်ရင်းကို KIA၊ KPDFနှင့် AA တို့ ပူးပေါင်း တိုက်ခိုက်နေသည်ဟု ဖော်ပြထားသည်။
ဗန်းမော်တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
KIAသတင်းပြန်ကြားရေးဌာန၏ ဖေဖော်ဝါရီ ၁၇ရက်ညပိုင်း သတင်းဖော်ပြချက်တွင် ဗန်းမော်မြို့နှင့် အင်းတော်မြို့ကို အပြီးအစီးသိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေကြောင်း အသိပေးထားသည်။
