နယ်သာလန် နိုင်ငံက ပြတိုက်တစ်ခုမှာ အဝင်ဂိတ်ကို သူခိုးတွေက ဖောက်ခွဲပြီး အဖိုးတန် ရှေးဟောင်း ပစ္စည်းတွေကို ခိုးယူသွားခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဖြစ်စဉ်မှာ လူအများ အိပ်မောကျနေချိန် အက်ဆန်မြို့ထဲက ဒရန့်စ်ပြတိုက်ကို သူခိုးတွေက ဖောက်ထွင်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ပြတိုက်ထဲမှာ တန်ဖိုးဖြတ်ဖို့ ခက်ခဲတဲ့ ရှေးဟောင်း ရိုမေးနီးယား လက်ရာ ရွှေငွေ လက်ဝတ်ရတနာ အဆင်တန်ဆာတွေ ပြသထားပါတယ်။
အတင့်ရဲတဲ့ စီးနင်းမှု အပြီးမှာတော့ သူခိုးတွေဟာ လက်ဝတ်အဆင်တန်ဆာ သုံးခုအပြင် ပြတိုက်ရဲ့ ဂုဏ်အယူရဆုံး ပစ္စည်းဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ လောက်က ပြုလုပ်ထားတဲ့ ကိုတိုဖန်နက်စတီ ရွှေခေါင်းဆောင်းကိုပါ ယူဆောင်သွားခဲ့ပါတယ်။
အဲဒီခေါင်းဆောင်းကို ဒရန့်စ်ပြတိုက်ဟာ ရိုမေးနီးယားနိုင်ငံ၊ ဘူခါရက်စ်မြို့ကနေ ငှားရမ်း ပြသထားခဲ့တာပါ။ ရိုမေးနီးယား ယဉ်ကျေးမှု ဝန်ကြီးဌာနကတော့ အခိုးခံရတဲ့ ပစ္စည်းတွေ ပြန်လည် ရရှိနိုင်ဖို့ ဖြစ်နိုင်ခြေ နည်းလမ်း အားလုံးကို အသုံးပြုပြီး ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement
ဒရန့်စ်ပြတိုက် ဒါရိုက်တာ ဟယ်ရီ တူပန်ကတော့ အခုဖြစ်စဉ်အပေါ် အကြီးအကျယ် တုန်လှုပ်မိကြောင်း ဝန်ခံခဲ့ပြီး ပြတိုက်ရဲ့ သမိုင်းတလျှောက် နှစ်ပေါင်း ၁၇၀ သက်တမ်းအတွင်း အကြီးမားဆုံး ပြဿနာမျိုးလို့ မှတ်ချက်ပေးခဲ့ပါတယ်။
ရဲတွေက အခင်းဖြစ်ပွားရာ နေရာမှာ စစ်ဆေးမှုတွေ ပြုလုပ်ပြီး လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကိုပါ စစ်ဆေးခဲ့တဲ့နောက် သူခိုးတွေဟာ ပြတိုက် အဝင်ဂိတ်ကို ဖောက်ခွဲရေး ပစ္စည်းတွေ အသုံးပြု ဖျက်ဆီး ဝင်ရောက်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ ပြီးတော့ လမ်းဘေး တစ်နေရာမှာ သက်သေဖျောက်ဖျက်ဖို့ မီးရှို့ချန်ထားခဲ့တဲ့ ကားတစ်စီးကိုလည်း ရဲတွေက စစ်ဆေးနေပါတယ်။ သူခိုးတွေဟာ တခြားကားတစ်စီးကို ပြောင်းစီးပြီး ထွက်ခွာသွားတယ်လို့ ယုံကြည်ရကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။
လက်ရှိ အချိန်ထိတော့ ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးတာမျိုး မရှိသေးပါဘူး။ ရဲတွေကတော့ ပြတိုက် ဖောက်ထွင်းမှုမှာ ကျွမ်းကျင်သူတချို့ စုပေါင်းပြီး ပါဝင်တာမျိုး ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးထားပါတယ်။ နယ်သာလန် ရဲတပ်ဖွဲ့ဟာ အမှုနဲ့ ပတ်သက်ပြီး ကူညီ စုံစမ်းဖို့ နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပိုလ်)ကိုပါ အကူအညီ တောင်းခံထားတယ်လို့လည်း သိရပါတယ်။
ကိုးကား: BBC
