အမေရိကန်မှာ မွေးဖွားတဲ့ ကလေးမှန်သမျှ အလိုအလျောက် နိုင်ငံသားဖြစ်ခွင့်ကို ပယ်ဖျက်မယ့် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အထူးအမိန့်ကို ယာယီ ဆိုင်းငံ့ထားဖို့ အမေရိကန် ဖက်ဒရယ် တရားရုံး တစ်ခုက အမိန့်ချမှတ်ခဲ့ပါတယ်။
ထရမ့်ဟာ ဇန်နဝါရီ ၂၀ ရက်နေ့က သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတဲ့ နေ့မှာတင်ပဲ အဲဒီအမိန့်ကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ ထရမ့်ရဲ့ အမိန့်ဟာ မိဘတွေ အမေရိကန်ကို ရောက်ရှိနေတဲ့ အခြေအနေက တရားဝင်ဝင်၊ မဝင်ဝင် အမေရိကန်မှာ မွေးဖွားလာတဲ့ ကလေးဟာ အမေရိကန် နိုင်ငံသား ဖြစ်ခွင့်ရှိတယ်ဆိုတဲ့ ဥပဒေ သတ်မှတ်ချက်ကို ပယ်ဖျက်ဖို့ ရည်ရွယ်ထားတာပါ။
ထရမ့် လက်မှတ်ရေးထိုးခဲ့တဲ့ အထူးအမိန့်တွေထဲမှာ တချို့သော ကိစ္စတွေဟာ တရားရေးအရ ရင်ဆိုင်ဟန့်တားမှုတွေ ကြုံလာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ရှိခဲ့ပြီး ဖြစ်သလို အခုအခါ ဆီယက်တဲလ် အခြေစိုက် ခရိုင်တရားသူကြီး ဂျွန်ကူဟန်နူရာက ထရမ့်ဆီက ကြားဝင်ပိတ်ပင်မှုကို တွေ့မြင်လာရတာ ဖြစ်ပါတယ်။ ထရမ့်ရဲ့ အမိန့်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတိအလင်း ဘောင်ကျော် ချိုးဖောက်တဲ့ အဓိပ္ပါယ် ဖြစ်နေကြောင်း ပြောပြီး သမ္မတ အမိန့်ကို ဆိုင်းငံ့ထားဖို့ ဇန်နဝါရီ ၂၃ ရက်နေ့မှာ ညွှန်ကြားခဲ့ပါတယ်။
အတိုက်အခံ ဒီမိုကရက်တစ် ပါတီ အားကောင်းရာ ဝါရှင်တန်၊ အရီဇိုးနား၊ အီလီနွိုက်စ်နဲ့ အော်ရီဂွန် ပြည်နယ်လေးခုက အဲဒီ အမိန့်ကို ပိတ်ပင်ပေးဖို့ တရားရုံးကို ဦးတိုက် လျှောက်ထားခဲ့ပြီးတဲ့နောက် တရားသူကြီး ကူဟန်နူရာက သမ္မတ အမိန့်ကို ပြန်လည် သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
ဒီအခြေအနေဟာ ထရမ့်က ကြွေးကြော်ထားတဲ့ ရွေးကောက်ပွဲကာလ ကတိတွေထဲက အရေးကြီးတဲ့ တစ်ခုဟာ ပထမဆုံးအကြိမ် တရားရေး စိန်ခေါ်မှုနဲ့ ကြုံလာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ထရမ့်ကလည်း အလျှော့ပေးမှာ မဟုတ်ဘဲ ဒီကိစ္စ အထမြောက်အောင် ဥပဒေကြောင်းအရ အားပြိုင်သွားဖို့ သေချာနေပါတယ်။ ထရမ့်ဟာ အမေရိကန်ရောက် ရွှေ့ပြောင်း အခြေချသူတွေကို ချိုးနှိမ်ဖို့ ရည်ရွယ်ထားတဲ့ အမိန့်တွေကို သမ္မတ စဖြစ်တဲ့ နေ့မှာတင် လက်မှတ်ရေးထိုးထားပြီးသားပါ။
တရားခွင်မှာတော့ ထရမ့်ရဲ့ အမိန့်ဖက်က ခုခံရပ်တည်တဲ့ တရားရေး ဝန်ကြီးဌာန ရှေ့နေတစ်ယောက်ကို တရားသူကြီး ကူဟန်နူရာက ဒီအမိန့်မျိုးဟာ အခြေခံ ဥပဒေနဲ့ လိုက်လျော ညီထွေ ရှိပါတယ်ဆိုတဲ့ လျှောက်ထားမှုကို လက်ခံဖို့ အကြောင်းရင်း ရှာမရကြောင်း ပြောကြားခဲ့ပါတယ်။
အမေရိကန် ဖွဲ့စည်းပုံ ဥပဒေရဲ့ ပြင်ဆင်ချက် အမှတ် ၁၄ အရ အမေရိကန်မှာ မွေးဖွားသူတိုင်းဟာ နိုင်ငံသား ဖြစ်ထိုက်တယ်လို့ ဖော်ပြထားပြီး ထရမ့်ရဲ့ အမိန့်ဟာ အဲဒီ ဥပဒေကို အတိအလင်း ဆန့်ကျင် ချိုးဖောက်နေတယ်လို့လည်း တရားသူကြီးက ဆိုပါတယ်။
ထရမ့်ရဲ့ အမိန့်မှာတော့ အမေရိကန် နိုင်ငံသား မဟုတ်တဲ့၊ ဒါမှမဟုတ် တရားဝင် နေထိုင်ခွင့် ရမထားသူ မိဘတွေက မွေးဖွားတဲ့ ကလေးတွေဟာ အမေရိကန် နိုင်ငံသား ဖြစ်ခွင့် ရတော့မှာ မဟုတ်ဘဲ သူတို့အတွက် လူမှုဖူလုံရေး နံပါတ်၊ အစိုးရ အထောက်အပံ့တွေ ရရှိဖို့၊ အသက်ကြီးလာရင် တရားဝင် အလုပ်လုပ်ခွင့်ရဖို့ သတ်မှတ်ချက် အားလုံးကို ပယ်ဖျက်ရမယ်လို့ ညွှန်ကြားထားပါတယ်။ ပြီးတော့ အဲဒီကလေးတွေဟာ အမေရိကန်ကနေ နှင်ထုတ်ခံရမှာဖြစ်ပြီး အမိန့်ကို ဖေဖော်ဝါရီ ၁၉ ရက်မှာ စတင် အာဏာတည်စေဖို့ ဖော်ပြထားပါတယ်။
တရားခွင်မှာတော့ တရားရေး ဝန်ကြီးဌာန ရှေ့နေ ဘရတ်ရှူးမိတ်က ထရမ့်ရဲ့ လုပ်ဆောင်ချက်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ညီညွတ်ကြောင်း၊ အဲဒါကို တားဆီးပိတ်ပင်တဲ့ တရားသူကြီး အမိန့်ဟာ သင့်မြတ်မှန်ကန်မှု မရှိကြောင်း တုံ့ပြန်ခဲ့ပါတယ်။
တရားရုံး ပိတ်ပင်မှုကြောင့် ထရမ့် လက်မှတ်ရေးထိုးထားတဲ့ အမိန့်ကို အကောင်အထည် ဖော်ရာမှာ နှောင့်နှေးမှုတွေ ရှိလာမယ့် သဘောပါပဲ။ အခုကိစ္စအပေါ် အမေရိကန် တရားရေး ဝန်ကြီးဌာနနဲ့ အိမ်ဖြူတော်က ဘာမှတ်ချက်မှ မပေးသေးပါဘူး။
ထရမ့်ရဲ့ အမိန့်သာ အတည်ဖြစ်သွားပြီး အသက်ဝင်လာမယ်ဆိုရင် နှစ်စဉ် အမေရိကန်မှာ မွေးဖွားတဲ့ ကလေးငယ် တစ်သိန်းခွဲကျော်လောက်ဟာ အမေရိကန် နိုင်ငံသား ဖြစ်ခွင့်ကနေ ငြင်းပယ် ခံရလိမ့်မယ်လို့ ဒီမိုကရက်တစ် ပါတီ အားကောင်းတဲ့ ပြည်နယ်တွေက သတိပေးထားပါတယ်။
အမေရိကန်မှာ မွေးဖွားတဲ့ ကလေးတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့် ဥပဒေ ပြင်ဆင်ချက်ဟာ ၁၈၆၈ ခုနှစ် ကတည်းက တည်တံ့နေခဲ့တာ ဖြစ်ပြီး အဲဒီ ဥပဒေဟာ အရင်က နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ဖူးတဲ့ ကျွန်ပြုခံ လူမည်း ကလေးတွေကို အမေရိကန် နိုင်ငံသား အခွင့်အရေးတွေကနေ ငြင်းပယ်တယ်ဆိုတဲ့ သတ်မှတ်ချက်ကို ပျက်ပြယ်စေခဲ့ပါတယ်။
ကိုးကား: Reuters
