ကိုဗစ် ကပ်ရောဂါဟာ တောရိုင်း တိရစ္ဆာန်တွေဆီကနေ လူသားတွေကို ကူးစက်တာမျိုးထက် ဓာတ်ခွဲခန်းထဲက မတော်တဆ စတင် ပျံ့နှံ့လာတဲ့ ဖြစ်နိုင်ခြေက ပိုများကြောင်း အမေရိကန် ထောက်လှမ်းရေးဌာန (စီအိုင်အေ)က သုံးသပ်ခဲ့ပါတယ်။
ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလအစနဲ့ ပတ်သက်လို့ ခြေရာခံ ဆန်းစစ်မှု အစီရင်ခံစာ အသစ်တစ်စောင်ကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ စီအိုင်အေက ထုတ်ပြန်ချိန်မှာ အဲဒီ သဘောထား မှတ်ချက် ပါဝင်လာတာပါ။
စီအိုင်အေက ကပ်ရောဂါရဲ့ အစဟာ တရုတ် ဓာတ်ခွဲခန်း တစ်ခုကလို့ တပ်အပ် စွပ်စွဲတာတော့ မဟုတ်ဘဲ တောရိုင်း တိရစ္ဆာန်တွေဆီမှာ အစပြုခဲ့တယ်ဆိုတဲ့ သုံးသပ်ချက်နဲ့ ယှဉ်ရင်တော့ ဖြစ်နိုင်ခြေ ပိုများတယ်လို့ သုံးသပ်ပြထားခဲ့တာပါ။
စီအိုင်အေ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက သုတေသနပြုမှုနဲ့ ဆက်စပ်တဲ့ ကပ်ရောဂါ ဖြစ်စဉ် အစဟာ သဘာဝအတိုင်း ရောဂါပျံ့နှံ့ ကူးစက်မှုတွေ ဖြစ်ပေါ်လာတယ်ဆိုတဲ့ အယူဆထက် လက်တွေ့ပိုကျတယ်လို့ ပြောကြားသွားပါတယ်။

Public Service Announcement
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ခန့်အပ်တဲ့ စီအိုင်အေ အကြီးအကဲသစ် ဂျွန်ရက်ကလစ်ဖ် လက်ထက်မှာ ဒါဟာ ပထမဆုံး ထွက်ပေါ်လာတဲ့ သုံးသပ်ချက်လည်း ဖြစ်ပါတယ်။ ထရမ့်ဟာ သူ့ရဲ့ ပထမ သမ္မတ သက်တမ်းအတွင်း ကမ္ဘာ့ကပ်ရောဂါကြီး ဖိစီးနေခဲ့တဲ့ နှစ်ပိုင်းတွေမှာ ကိုဗစ်ရဲ့ မူလအစကို တရုတ် ဓာတ်ခွဲခန်း တစ်ခုကလို့ ခိုင်မာတဲ့ အထောက်အထား မပြသနိုင်ဘဲ အစဉ်တစိုက် စွပ်စွဲခဲ့ပါတယ်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) အပါအဝင် နိုင်ငံတကာ ဆေးသိပ္ပံ ဌာနတွေကတော့ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်ဟာ ဓာတ်ခွဲခန်းမှာ ဖန်တီးထားတယ်ဆိုတဲ့ သက်သေ အချက်အလက်တွေ မတွေ့ဘူးလို့ ပြောကြားထားပါတယ်။
တစ်ဖက်မှာတော့ တရုတ် အစိုးရဟာ ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်ပြီး ရောဂါကူးစက်မှုတွေရဲ့ အစောပိုင်း သုတေသန အချက်အလက်တွေကို မျှဝေမပေးတာကြောင့် ဝေဖန် ခံနေရပါတယ်။ ရက်ကလစ်ဖ်ကလည်း သူ့လက်ထက် စီအိုင်အေရဲ့ ပထမဆုံး သုံးသပ်ချက် အစီရင်ခံမှုမှာ အဲဒီအချက်ကို ထည့်သွင်း ထောက်ပြခဲ့ပါတယ်။
ကမ္ဘာတလွှားမှာ လူသန်းနဲ့ချီ သေဆုံးစေခဲ့တဲ့ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ အစပြုခဲ့တဲ့ ကာလဟာ အခုဆိုရင် ၅ နှစ်ကျော် ကြာညောင်းခဲ့ပြီး ဖြစ်သလို ကပ်ရောဂါ အဆင့်ကနေလည်း ချုပ်ငြိမ်း လျော့ကျသွားပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ အများကြီး ပဟေဠိဆန်ဆန် မေးခွန်းထုတ်စရာတွေ ရှိနေတုန်းပါ။
ကိုဗစ်ရောဂါလို့ နောက်ပိုင်းမှာ သတ်မှတ်တဲ့ ပြင်းထန် နမိုးနီးယား အဆုပ်ရောင်ရောဂါ ကူးစက်မှုတွေဟာ ၂၀၁၉ ခုနှစ် နှောင်းပိုင်းတုန်းက တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဝူဟန်မြို့ကနေ အစပြုခဲ့ပြီး တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားခဲ့တာပါ။ ကိုဗစ် ကပ်ရောဂါကြောင့် ကမ္ဘာတလွှားမှာ လူ ၇ သန်းကျော် သေဆုံးခဲ့ရပါတယ်။
၂၀၂၃ ခုနှစ်တုန်းကလည်း အမေရိကန်ရဲ့ နောက်ထပ် ထောက်လှမ်းရေး ဌာနတစ်ခုဖြစ်တဲ့ အက်ဖ်ဘီအိုင်ရဲ့ အကြီးအကဲ ခရစ္စတိုဖာ ဝရေးက ကိုဗစ်ရဲ့ အစဟာ ဓာတ်ခွဲခန်း မတော်တဆမှု တစ်ခုခုကြောင့် အများကြီး ဖြစ်နိုင်ခြေရှိတယ်လို့ မှတ်ချက်ပေးခဲ့ဖူးပါတယ်။
ကိုးကား: Reuters
