close
Connect with us

Hi, what are you looking for?

သတင်း

ရှမ်းမြောက်ဒေသအချို့၌ KIA နှင့် TNLA အောက်ခြေတပ်ဖွဲ့အကြား နယ်မြေဆိုင်ရာ အငြင်းပွားမှုဖြစ်ပွား

နမ့်ဖက်ကာဒေသအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း နေရာအချို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် တအာင်းတပ်မတော်(TNLA)တို့အကြား နယ်မြေဆိုင်ရာ အငြင်းပွားမှုများ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပေါ်​နေသည်။

ရှမ်းမြောက်၌ KIA နှင့် TNLA အောက်ခြေတပ်ဖွဲ့အကြား နယ်မြေဆိုင်ရာ အငြင်းပွားမှုဖြစ်နေစဉ်။ ဓာတ်ပုံ - KIA နှင့် TNLA အောက်ခြေတပ်ဖွဲ့အကြား နယ်မြေဆိုင်ရာ အငြင်းပွားမှုဖိုင်

ဟန်နွေ/People’s Spring

နမ့်ဖက်ကာဒေသအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း နေရာအချို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် တအာင်းတပ်မတော်(TNLA)တို့အကြား နယ်မြေဆိုင်ရာ အငြင်းပွားမှုများ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပေါ်​နေသည်။

ဇန်နဝါရီ ၂၆ရက် မွန်းလွဲပိုင်းက ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာဒေသ KIA စစ်ဆေးရေးဂိတ်နေရာသို့ TNLA တပ်ဖွဲ့ဝင် အများအပြား ဝင်ရောက်လာ၍ နှစ်ဖက်တပ်ဖွဲ့များအကြား အချင်းများခဲ့သည့် ရုပ်သံမှတ်တမ်း လူမှုကွန်ရက်၌ ပြန့်နှံနေပြီး အခြားဒေသ အချို့၌လည်း ထိုသို့ ပြဿများ ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ခဲ့သည်။ နမ့်ဖက်ကာ ဒေသကို KIAက သိမ်းပိုက်ထားခြင်းဖြစ်သကဲ့သို့ ကွတ်ခိုင်မြို့ကိုလည်း TNLAက သိမ်းပိုက်ထားခြင်းဖြစ်သည်။

ရှမ်းမြောက်၌ နှစ်ဖက်တပ်အကြား နယ်မြေဆိုင်ရာ အငြင်းပွားပြီး တင်းမာမှုဖြစ်ပေါ်နေခြင်းအပေါ် TNLAနှင့် KIA ပြောရေးဆိုခွင့်ရှိသူများထံ ဇန်နဝါရီ ၂၆ရက်ကတည်းက သဘောထားမှတ်ချက် မေးမြန်းထားပြီး အဆက်အသွယ်မရသေးပေ။

Public Service Announcement

Public Service Announcement

KIAနှင့် TNLA အကြား နယ်မြေဆိုင်ရာ အငြင်းပွားမှု ဖြစ်ပွားနေသည့် ဒေသများမှာ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ၊ မူဆယ်ခရိုင် နမ့်အွမ် ၊ နမ့်ခမ်းမြို့နယ် မုံးဝီးနှင့် မန်တုံမြို့နယ် ပန်ခါလေးဒေသတို့ဖြစ်သည်ဟု ကချင် စစ်ရေး၊နိုင်ငံရေး လေ့လာသူ ဦးဇော်ဆန်က ပြောသည်။

“ အမြန်ဆုံးတွေ့ဆုံဆွေးနွေးဖြေရှင်းလို့မရရင် မလိုလားအပ်တဲ့ ပြသနာတွေဖြစ်ပေါ်လာနိုင်ပါတယ် ၊ နောင်လာနောက်သားများအတွက် သမိုင်းကောင်းရေးထားဖို့လိုပါတယ်။ အပြန်အလှန်လေးစားမှုက အရေးအကြီးဆုံးပါ ။အခုနယ်မြေအငြင်းပွါးနေတဲ့နေရာတွေက TNLA မပေါ်ခင်ကတည်းက KIA တပ်ဖွဲ့တွေအုပ်ချုပ်ရေးဆောင်ရွက်နေတဲ့နေရာတွေလို့ သမိုင်းစဉ်လာအရတော့ သိရှိထားပါတယ်” ဟု ဦးဇော်ဆန်က ပြောသည်။

အောက်ခြေ၌ ဖြစ်နေသည့် နယ်မြေအငြင်းပွားမှုနှင့်ပတ်သက်ပြီး နှစ်ဖက်လက်နက်ကိုင်အဖွဲ့များသာမက အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ သက်ဆိုင်ရာ ယဉ်ကျေးမှုအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ဒေသတွင်း လူမျိုးစု ကိုယ်စားလှယ်တာဝန်ရှိသူများ ပါဝင် ဆွေးနွေးနိုင်ရန်လိုအပ်သည်ဟုလည်း ၎င်းက ပြောသည်။

“အခုလို အာဏာရှင်စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်း မဟာမိတ်အကြား နယ်မြေအငြင်းပွားမှုနဲ့ပတ်သက်ပြီးတော့ အချိန်မီ ဖြေရှင်းနိုင်မှု မရှိရင် မလိုလားအပ်တဲ့ ပြဿနာတွေ တောက်လျှောက်ဖြစ်ပွားလာနိုင်ပါတယ်” ဟု ဦးဇော်ဆန်က ပြောသည်။

KIAနှင့် TNLA နှစ်ဖက်တပ်များအကြား ပြဿနာနှင့်ပတ်သက်၍ KIA အရာရှိတစ်ဦးက “ ကျနော်တို့က ရန်သူမလိုချင်ဘူး၊ မိတ်ဆွေပဲလိုချင်တယ်။ ဒါပေမဲ့ ကျနော်တို့က ပြဿနာကို မကြောက်ဘူး။ ဖြစ်လာရင်လည်း ကျနော်တို့က ရင်ဆိုင်ရဲတယ် ကျနော်တို့ KIAက ပွင့်ပွင့်လင်းလင်းပဲပြောတာ”ဟု ပြောသည်။

ထို့အပြင် နှစ်ပေါင်းများစွာ အတူတကွ နေထိုင်လာကြသည့် တိုင်းရင်းသားလူမျိုးစုများအကြား မည်သည့် ပြဿနာမှ မဖြစ်လိုဘဲ စစ်အာဏာရှင်ဖြုတ်ချနိုင်ရေးကိုသာ ဦးတည်ဆောင်ရွက်နေသည်ဟုလည်း KIA အရာရှိက ပြောသည်။

“ ပလောင်လူမျိုးသော်လည်းကောင်း၊ ရှမ်းလူမျိုးသော်လည်းကောင်း၊ ကချင်လူမျိုးသော်လည်းကောင်း၊ ဗမာ်လူမျိုးသော်လည်ကောင်း အခြားသော တိုင်းရင်းသားပေါင်းစုံသော်လည်းကောင်း ကျနော်တို့က ဘာပြဿနာမှလည်းမဖြစ်ချင်ဘူး။ အခုကျနော်တို့ ဖြစ်ချင်တာက စစ်အာဏာရှင်ကို ဖြုတ်ချရေး၊ ပြီးတော့ ကျနော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံကို သူများ အိမ်နီးနားချင်းနိုင်ငံလို တိုးတက်တဲ့နိုင်ငံဖြစ်စေချင်တယ်။ ဘယ်နိုင်ငံရဲ့ ဩဇာခံလည်း ကျနော်တို့ မဖြစ်ချင်ဘူး”ဟု KIA အရာရှိက ပြောသည်။

PSLF/TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းကလည်း ဇန်နဝါရီ ၁၂ရက်က ကျင်းပခဲ့သည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ မိန့်ခွန်း၌ ဒေသတွင်း ပြဿနာအချို့ ဖြေရှင်းနိုင်ရေး အကောင်းဆုံးနည်းလမ်းဖြင့် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

“PSLF/TNLA တအာင်းတပ်မတော်နဲ့ မဟာမိတ်အွဲ့အစည်းများ ဒေသတွင်းရှိ လူမျိုးပေါင်းစုံ ပြည်သူများရဲ့ ကြိုးစားအားထုတ်မှုတွေကနေ ရရှိလာတဲ့ အောင်မြင်မှု အသီးအပွင့်တွေကို တန်ဖိုးထားမြတ်နိုးသလို အခြားတိုင်းရင်းသား တော်လှန်ရေးအင်အားစုက တိုက်ခိုက်သိမ်းပိုက်ရရှိတဲ့ နယ်မြေတွေကိုလည်း အသိအမှတ်ပြု တန်ဖိုးထားသွားရမှာ ဖြစ်တယ်” ဟု ဗိုလ်ချုပ်ကြီးတားအိုက်ဘုန်းက ပြောကြားခဲ့သည်။

လက်နက်ကိုင်တော်လှန်ရေးအင်အားစုအချင်းချင်း မိတ်ဖက်နိုင်ငံရေး နည်းလမ်းနှင့် ဒေသတွင်း ပြဿနာများ ဖြေရှင်းသွားရမည်ဖြစ်ကြောင်း၎င်းက ဆိုသည်။

“ဒါမှသာ တော်လှန်ရေးကာလအတွင်း ဘုံရန်သူရဲ့ တိုင်းရင်းသားအချင်းချင်း စည်းလုံးမှု ပျက်ပြားရေး မဟာဗျူဟာ အသက်ဝင်မလာမှာ ဖြစ်တယ်”ဟု TNLA ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ရှမ်းမြောက်တွင် KIA တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၏ တပ်မဟာ(၄)၊ တပ်မဟာ(၆)၊ တပ်မဟာ(၁၀) တို့ တည်ရှိပြီး နမ္မတူ၊ မုံးကိုး၊ ကွတ်ခိုင် အပါအဝင် ဒေသအချို့၌ စစ်ကောင်စီတပ်စခန်းများကို KIAက ၂၀၂၃ အောက်တိုဘာ ၁၈ရက်က စ၍ စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲတိုက်ခိုက်သိမ်းပိုက်ထားသည်။

TNLAကလည်း ၂၀၂၃အောက်တိုဘာ ၂၇တွင် မဟာမိတ်များနှင့်အတူ ၁၀၂၇ စစ်ဆင်ရေးကို ဆင်နွှဲကာ စစ်ဆင်ရေးတစ်နှစ်တာအတွင်း ကွတ်ခိုင်အပါအဝင် မြို့ ၁၂မြို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

“အခု နယ်မြေအငြင်းပွားမှုနဲ့ပတ်သက်ပြီး အမြင်ရှင်းဖို့တော့လိုတယ်။ အခုကိစ္စက လက်နက်ကိုင်တပ်ဖွဲ့ ၂ခုကြားက နယ်မြေ အငြင်းပွားမှု၊ နားလည်လွဲမှုတွေကြောင့် ဖြစ်ပျက်နေတယ်လို့ မြင်တယ်။ ဒါတွေဟာ အရပ်သား ပြည်သူလူထုနဲ့တော့ နယ်မြေအငြင်းပွားမှုကြောင့်ပဲ လူမျိုးရေး မုန်းတီးမှု၊ မလိုလားအပ်ဘဲ လူမျိုးရေးပဋိပက္ခတွေဖြစ်လာမှာတော့ စိုးရိမ်မိပါတယ်”ဟု ဦးဇော်ဆန်က လက်ရှိ KIAနှင့် TNLA အကြား အငြင်းပွားမှု အပေါ် မှတ်ချက်ပြုပြောပြသည်။

ဆက်စပ်သတင်းများ

သတင်း

အရပ်သားများအားကာကွယ်ရမည့် နိုင်ငံတကာ တားမြစ်ချက်ကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေသည့် လုပ်ရပ်အား နိုင်ငံတကာ လျစ်လျူရှုမထားရန်တောင်းဆို

သတင်း

ဗန်းမော်မြို့သိမ်းစစ်ဆင်​ရေး ရက်ပေါင်း ၅၀ ကျော်အတွင်း စစ်ကောင်စီ၏ သံချပ်ကာယာဉ် ၉ စီး ကို KIA နှင့်ပူး​ပေါင်းတပ်သိမ်းပိုက်ရရှိထား

သတင်း

စကခ(၂၁) လက်နက်သိုလှောင်ရုံကို တိုက်ခိုက်ဖျက်ဆီးနိုင်ဟု ကနဦး သတင်းရဟု သတင်းရင်းမြစ်ပြော

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့မဈေးကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။